
AI Summary
Justice For Myanmar (JFM) အဖွဲ့က မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် စင်ကာပူနိုင်ငံအား ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။ JFM သည် မြန်မာစစ်တပ်ထံ စစ်လက်နက်များ ထောက်ပံ့နေသည့် စင်ကာပူကုမ္ပဏီ ၃၃ ခုကို ဖော်ထုတ်ခဲ့ရာ ၄ နှစ်နီးပါးအကြာတွင် ကုမ္ပဏီ ၂၀ ခန့် စာရင်းမှ ပယ်ဖျက်ခံရသော်လည်း ၁၃ ခုမှာ Dynasty Excellency၊ MCM Group နှင့် Ky-Tha Group အပါအဝင် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။ ၎င်းကုမ္ပဏီများသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ၊ ရဟတ်ယာဉ်နှင့် လေယာဉ်အစိတ်အပိုင်းများ၊ ရေဒါစနစ်များနှင့် လေယာဉ်ဆီများ ဝယ်ယူပေးခြင်း၊ ငွေပေးချေမှုများ စီမံဆောင်ရွက်ပေးခြင်းတို့ဖြင့် စစ်အုပ်စုကို အားပေးကူညီနေကြသည်။ ဤကုမ္ပဏီများ၏ လုပ်ဆောင်မှုများကြောင့် မြန်မာစစ်တပ်သည် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နိုင်ရန် လိုအပ်သည့် အရင်းအမြစ်များ ရရှိနေပြီး မြန်မာပြည်သူများ ထိခိုက်နစ်နာနေရသည်။ JFM က စင်ကာပူအစိုးရအား အဆိုပါကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ချက်ချင်းအရေးယူရန်၊ စစ်အုပ်စု၏ အကြမ်းဖက်ထောက်ပံ့ရေးကွင်းဆက်တွင် ပွဲစားအဖြစ် ဆောင်ရွက်ခြင်းမရှိစေရန် အာမခံချက်ပေးရန်နှင့် စင်ကာပူဘဏ်များအား စစ်လက်နက်ဝယ်ယူပေးနေသည့် ကုမ္ပဏီများကို ဘဏ်ဝန်ဆောင်မှုပေးခြင်း ရပ်တန့်ရန် တောင်းဆိုထားသည်။ ၂၀၂၇ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် စင်ကာပူအနေဖြင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ ရာဇဝတ်မှုများကို ရပ်တန့်ရန် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် စင်ကာပူနိုင်ငံအနေနဲ့ အခုထက်ပိုမိုလုပ်ဆောင်ဖို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့ Justice For Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူကုမ္ပဏီ ၃၃ ခုကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး ၄ နှစ်နီးပါးအကြာမှာ ကုမ္ပဏီ ၂၀ လောက် စာရင်းမှ ပယ်ဖျက်ခံထားရပေမဲ့ ကုမ္ပဏီ ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကာ ဒီအထဲမှာ Dynasty Excellency၊ MCM Group KT Group နဲ့ Ky-Tha Group စတဲ့ ကုမ္ပဏီအုပ်စုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ နာမည်အဆိုးဆုံး လက်နက်ပွဲစားတွေထဲမှာ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားဆဲ ကုမ္ပဏီတွေ ရှိနေသေးကြောင်း၊ ဒီအထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးအောင်မိုးမြင့်ရဲ့ Dynasty Excellency ကုမ္ပဏီ ပါဝင်ကြောင်းနဲ့ ဒီကုမ္ပဏီအုပ်စုဟာ ဘယ်လာရုစ်နိုင်ငံမှ မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကြားခံဝယ်ယူပေးတာနဲ့ လက်နက်အရောင်းအဝယ်အတွက် စစ်အုပ်စုရဲ့ ငွေပေးချေမှုတွေကို စီမံဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
MCM ကုမ္ပဏီကတော့ လေတပ်အတွက် Mi-2 နဲ့ Mi-17 ရဟတ်ယာဉ်အစိတ်အပိုင်းတွေ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ရေတပ်အတွက် ရေယာဥ်အစိတ်အပိုင်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Ky-Tha ကုမ္ပဏီအုပ်စုကလည်း မြန်မာစစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစနစ်တွေ ဝယ်ယူပေးရာမှာ ပါဝင်ပတ်သက်ခဲ့သလို မြန်မာလေတပ်အတွက် ATR နဲ့ Fokker လေယာဉ်တွေကိုလည်း ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်အုပ်စုနဲ့ လေယာဉ်ဆီ တင်သွင်းခြင်းနဲ့ ဖြန့်ဖြူးခြင်း လုပ်ငန်းတွေမှာ ပါဝင်တဲ့ စင်ကာပူကုမ္ပဏီ အနည်းဆုံးတခု လုပ်ငန်းလည်ပတ်နေသေးတယ်လို့ ဆိုပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ အားပေးကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့တာ ၄ နှစ်နီးပါး ရှိလာခဲ့ပေမဲ့ ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက် လည်ပတ်နေတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမဲ့ စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အဆိုပါ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ချက်ချင်း အရေးယူဆောင်ရွက်ဖို့၊ စင်ကာပူနိုင်ငံအတွင်းရှိ ဘယ်ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်မှ စစ်အုပ်စုရဲ့ အကြမ်းဖက်ထောက်ပံ့ရေး ကွင်းဆက်အတွက် ပွဲစား ကြားခံအဖြစ် ဆောင်ရွက်နေခြင်း မရှိစေရေး အာမခံချက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် စင်ကာပူဘဏ်တွေအနေနဲ့ စစ်အုပ်စုအတွက် စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီ ဝယ်ယူပေးနေတဲ့ ကုမ္ပဏီတွေကို ဘဏ်ဝန်ဆောင်မှု ပေးနေတာကို ရပ်တန့်ဖို့ တိုက်တွန်းပါတယ်။
၂၀၂၇ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမဲ့ စင်ကာပူနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ အပေါ် စစ်အုပ်စုက ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လည်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာ တောင်းဆိုပါတယ်။