
တရုတ် လွှမ်းမိုးမှုကြောင့် မြန်မာ့အရေး ကိုင်တွယ်ရခက်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
AI Summary
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက မြန်မာ့အရေးတွင် အမေရိကန်သည် ကြားနေမဟုတ်ဘဲ ဒီမိုကရေစီဘက်မှ ရပ်တည်ကြောင်း၊ သို့သော် တရုတ်၏ လွှမ်းမိုးမှုကြောင့် ကိုင်တွယ်ရခက်ခဲကြောင်း အထက်လွှတ်တော် ကြားနာပွဲတွင် ပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်သည် အမေရိကန်၏ မြန်မာ့အရေးမူဝါဒ ကြားနေဟုတ်မဟုတ်နှင့် မည်သူ့ကို ပိုလိုလားသည်ကို အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ်က မေးမြန်းရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်၏ ဩဇာလွှမ်းမိုးမှုကြောင့် အမေရိကန်အနေဖြင့် မြန်မာ့အရေးကို မည်သို့ချဉ်းကပ်ရမည်ကို လေ့လာနေဆဲဖြစ်ပြီး၊ နိုင်ငံတကာ ထောက်ပံ့ရေးရန်ပုံငွေများ ဖြတ်တောက်ရန် ဆန္ဒရှိနေခြင်းနှင့်ပတ်သက်၍လည်း လွှတ်တော်အမတ်များက ဝေဖန်မေးခွန်းထုတ်ခဲ့ကြသည်။ ဤမူဝါဒ အပြောင်းအလဲများသည် တရုတ်နှင့် ရုရှားတို့အား ဒေသတွင်း စိုးမိုးပိုင်ခွင့် ပေးရာရောက်နိုင်သည်ဟု ဝေဖန်မှုများရှိသော်လည်း၊ ကွန်ဂရက်လွှတ်တော်က မြန်မာ့အရေးကို စောင့်ကြည့်နေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုများအတွက် အားသာချက်အဖြစ် ဆက်ရှိနေသည်။

မြန်မာ့အရေးမှာ ကြားနေမဟုတ်ပေမဲ့ တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုကြောင့် ကိုင်တွယ်ရခက်တဲ့ အခြေအနေ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက လွှတ်တော်ကြားနာပွဲမှာ အတည်ပြုပြောဆိုပါတယ်။
ဒေသစံတော်ချိန် ဇွန် ၃ ရက် မွန်းလွဲပိုင်းက အထက်လွှတ်တော် ဆီးနိတ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၇ ခုနှစ်အတွက် အစိုးရဘတ်ဂျက်ရေးရာ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။
အမေရိကန်အစိုးရက တရုတ်ထောက်ခံတဲ့ စစ်ကောင်စီနဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကြားမှာ ဘယ်သူ့ကို ပိုပြီးလိုလားသလဲ၊ အမေရိကန်ရဲ့ မြန်မာ့အရေး မူဝါဒဟာ ဘက်မလိုက်ဘဲ ကြားနေ ဖြစ်နေသလားဆိုပြီး အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ်က မေးမြန်းတာကို နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုက အမေရိကန်ရဲ့ မူဝါဒတွေဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ဘယ်တော့မှ ကြားနေမှာ မဟုတ်ကြောင်း တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေ က “ဘယ်လိုဆုံးဖြတ်ရမှန်း မသိလို့ ကြားထိုင်နေလားပေါ့၊ မာကိုရူဘီအိုက ဘယ်လိုပြန်ဖြေလဲဆိုရင် မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ လုံးဝ ကြားနေမဟုတ်ပါဘူးပေါ့၊ သူတို့ ဆုံးဖြတ်ပြီးသားပါပေါ့၊ အဲဒီလို ဖြေတယ်၊ သွယ်ဝိုက်ပြီးတော့ ပြောတာကတော့ မြန်မာပြည်ကို သူ ဒီမိုကရေစီ ဖြစ်စေချင်တယ်၊ စစ်တပ်ကိုလည်း ရက်စက်ကြမ်းကြုတ်တယ်၊ သူ အဲဒါမျိုး ပြောတယ်။ သူ့အခက်အခဲတခုက မြန်မာပြည်ကို တရုတ်က သိပ်ပြီးဩဇာလွှမ်းမိုးနေတော့ ဘာလုပ်ရမှန်း မသိဘူးပေါ့၊ လေ့လာနေတုန်းပဲ ရှိသေးတယ်၊ ဘယ်လို ချဉ်းကပ်ရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာလေ၊ ကျနော်တို့အနေနဲ့ ယူဆတာကတော့ လွှတ်တော်က တော်လှန်ရေးဘက်ကို အားပေးနေပေမဲ့ အုပ်ချုပ်ရေးပိုင်းက မြေရှားတွေဘာတွေ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ စစ်တပ်နဲ့ ပြန်ဆက်ဆံနေချင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဒီနေ့ ရူဘီအို ပြောလိုက်တဲ့ ပုံစံအရဆိုရင်တော့ သူတို့ ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့က ခက်သေးတယ်ဆိုတာ အဲဒါပြတယ်ဗျာ၊ အခု အိန္ဒိယလို့ ပေါ်ပေါ်ထင်ထင်ကြီး ဆက်ဆံမှာ မဟုတ်ဘူးဆိုတာ၊ အခုထက်ထိ သူတို့ ခံယူချက်က တော်လှန်ရေးကို အားပေးနေတုန်းပဲ ရှိသေးတယ်၊ ကျနော်တို့အတွက် ကောင်းတယ်လို့တော့ ယူဆရမှာပေါ့လေ”လို့ ပြောပါတယ်။
အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်က Burma Act ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ မြန်မာ့အရေးထောက်ပံ့ငွေ ဒေါ်လာ ၁၂၁ သန်းထက်မနည်းတဲ့ ပမာဏကို အစိုးရက သုံးစွဲဖို့ နှောင့်နှေးနေတာကို မေးခွန်းထုတ်ခဲ့တာ တွေ့ရပါတယ်။
နိုင်ငံတကာကို ထောက်ပံ့မဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီး မာကိုရူဘီအိုက လာမဲ့နှစ်တွေမှာ ထရမ့်ပ်အစိုးရရဲ့ အမေရိကန်ပထမမူဝါဒ၊ တရုတ်ရဲ့ လွှမ်းမိုးမှုကို ဗျူဟာတကျ တုံ့ပြန်ရေး၊ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား တွက်ခြေတွေနဲ့ စနစ်တကျစဉ်းစားပြီးမှ ငွေကြေးသုံးစွဲမဲ့ မူဝါဒရေးရာ အကူးအပြောင်းကို ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။
၂၀၂၅ ထရမ့်ပ်အစိုးရ တက်လာချိန်ကစပြီး နိုင်ငံတကာကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လည်ပတ်ရာမှာ အဓိကကျတဲ့ USAID လို အဖွဲ့အစည်းက ဝန်ထမ်းအများအပြားကို အလုပ်ကနေ ရပ်နားခဲ့တာပါ။
လက်ကျန် USAID ဝန်ထမ်းတချို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ကို ဌာနခွဲတခုအဖြစ် ဆွဲသွင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာကို ထောက်ပံ့တဲ့ ရန်ပုံငွေစီးဆင်းတဲ့ ပုံစံလမ်းကြောင်းအားလုံးကို အစိုးရက တိုက်ရိုက်ကိုင်တွယ်တဲ့ပုံစံအဖြစ် အသွင်ပြောင်းခဲ့တာ တွေ့ရပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုး “အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုရဲ့ တရားဝင်ထွက်ဆိုချက်တွေကို ကောက်နုတ်ပြီးတော့ သုံးသပ်ရမယ်ဆိုရင် ဒီအတိုင်း ရိုးရိုးအရပ်ဘက်လူ့အဖွဲ့အစည်းတွေကို အသုံးစရိတ်တွေ ပေးနေတာမျိုး မဟုတ်တော့ဘဲနဲ့ ပထဝီနိုင်ငံရေးအရ တရုတ်ကို မျှခြေလုပ်ဖို့အတွက် အများကြီး သူတို့တွေ အများကြီး မဟာဗျူဟာ ထည့်သွင်းပြီးတော့ ဘတ်ဂျက်ကို သုံးသွားမှာဖြစ်တယ်၊ အဲဒါကတော့ ကျမတို့အနေနဲ့ အဓိက နားလည်ရမဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ရော၊ သူတို့ရဲ့အရှေ့တောင်အာရှမှာရှိနေတဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးဗျူဟာအရရော လုပ်ဆောင်သွားမဲ့အချက်တွေ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လာမဲ့နှစ်မှာ အမေရိကန်အစိုးရက နိုင်ငံတကာကို ထောက်ပံ့နေတဲ့ ရန်ပုံငွေအများအပြားကို ဖြတ်တောက်ဖို့ ဆန္ဒရှိနေတာနဲ့ပတ်သက်ပြီး မာကိုရူဘီအိုကို ကြားနာပွဲမှာ လွှတ်တော်အမတ်တွေက ဝေဖန်မေးခွန်းထုတ်ခဲ့ကြတာပါ။
ဇွန် ၃ ရက် အထက်လွှတ်တော်ကြားနာပွဲမှာ အမတ်တွေက အစိုးရရဲ့ နိုင်ငံတကာရန်ပုံငွေ အများအပြား ဖြတ်တောက်လိုမှုကို မကျေနပ်ကြတာ တွေ့ရပါတယ်။
ယူကရိန်းအရေး အပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှအရေးတွေမှာ ဒီမိုကရေစီဘက်သားတွေကို ထောက်ပံ့မှု ဖြတ်တောက်ဖို့ အစိုးရက ပြင်ဆင်တာဟာ တရုတ်နဲ့ ရုရှားကို ဒေသတွင်းစိုးမိုးပိုင်ခွင့် တရားဝင်ပေးရာ ရောက်တယ်လို့ ဝေဖန်ကြတာ တွေ့ရပါတယ်။
ဝန်ကြီး မာကိုရူဘီအိုက အမေရိကန်အစိုးရက မိတ်ဆွေအဖြစ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေနဲ့သာ ပိုပြီး ဆက်ဆံလိုတယ်လို့ ပြောဆိုခဲ့တာနဲ့ ကွန်ဂရက်လွှတ်တော်က မြန်မာ့အရေးကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး အုပ်ချုပ်ရေးပိုင်းကို ဆက်လက်တွန်းအားပေးနေတာကတော့ တော်လှန်ရေးအင်အားစုတွေအတွက် အားသာချက်အဖြစ် ဆက်ရှိနေပါတယ်။