
ကောလာဟလများကြားက ရှင်သန်လာမည့် အထူးဒေသ (၁) ကို ဟန့်တားနိုင်မလား
AI Summary
မြန်မာနိုင်ငံရှိ "အထူးဒေသ" များသည် ၁၉၈၉ ခုနှစ်တွင် ဗကပမှ ခွဲထွက်အဖွဲ့များနှင့် စစ်အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော နယ်မြေဒေသများဖြစ်သည်။ ရှမ်းမြောက်ရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကို အထူးဒေသ (၁) အဖြစ် စတင်သတ်မှတ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် စစ်တပ်၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေးမှုကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် MNDAA သည် ညီနောင်မဟာမိတ်သုံးဖော်နှင့်အတူ စစ်ဆင်ရေးများ ဆင်နွှဲကာ မြန်မာစစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၎င်းသည် စစ်တပ်အတွက် သမိုင်းဝင်ရှုံးနိမ့်မှု ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် "ဟိုက်ဂင် သဘောတူညီချက်" အရ MNDAA က လားရှိုးမြို့ကို စစ်တပ်ထံ ပြန်ပေးခဲ့သော်လည်း၊ ကွတ်ခိုင်မြို့ကို ပြန်ပေးရမည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။ သို့သော် MNDAA သည် ကွတ်ခိုင်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ခရိုင်အဖြစ် ဖွဲ့စည်းကာ ဆေးရုံ၊ ဈေး၊ လျှပ်စစ်မီး စီမံကိန်းများ ဆောင်ရွက်နေခြင်းကြောင့် ပြန်ပေးရန် အခြေအနေမရှိကြောင်း ဆောင်းပါးက သုံးသပ်သည်။ MNDAA သည် စစ်အင်အား ကြီးထွားလာပြီး လူမျိုးပေါင်းစုံ ပါဝင်လာသဖြင့် မြန်မာစစ်တပ်က လွယ်လင့်တကူ ပြန်တောင်းယူနိုင်မည် မဟုတ်ပေ။ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ စစ်အစိုးရအနေဖြင့် ကိုးကန့်၏ အထူးဒေသ (၁) ဖွဲ့စည်းမှုကို ချေဖျက်ရန် ခက်ခဲမည်ဖြစ်ပြီး "ဟိုက်ဂင် သဘောတူညီချက်" သည် အဓိကကျကြောင်း ဖော်ပြထားသည်။
အထူးဒေသ
အထူးဒေသဟူသည့် ဝေါဟာရသည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်လာသည့် လက်နက်ကိုင်အဖွဲ့များနှင့် ၁၉၈၈ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် လူထုတော်လှန်ရေးကို နှိပ်ကွပ်ချေမှုန်းကာ ဒုတိယမ္ပိ အာဏာသိမ်းခဲ့သော စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့ ဆွေးနွေးရာမှ ပေါ်ထွက်လာသည့် နယ်မြေဒေသ ပိုင်းခြားပေးသောအမည် ဖြစ်သည်။
ရှမ်းမြောက်တွင် ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို အုပ်ချုပ်ခွင့်ရသည့် အထူးဒေသ (၁) အဖြစ်လည်းကောင်း၊ ပေါက်ယူချန်း ဦးဆောင်သည့် ‘ဝ’ ကို အထူးဒေသ (၂) အဖြစ်လည်းကောင်း စစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင် ဗိုလ်ခင်ညွန့်က ကနဦး သတ်မှတ်ပေးခဲ့ခြင်း ဖြစ်၏။ ထို့နောက် ၁၉၆၄ ခုနှစ်က စတင်၍ လက်နက်ကိုင် တော်လှန်ခဲ့သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ လက်နက်ကိုင်တပ် SSA ကို အထူးဒေသ (၃) အဖြစ် သတ်မှတ်၍ ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်း ဒေသတို့ကို အုပ်ချုပ်ခွင့် ပေးရပြန်သည်။ ထို့နောက် မိုင်းလားအဖွဲ့၊ ပအိုးဝ်အဖွဲ့တို့ကိုပါ အထူးဒေသများအဖြစ် နယ်မြေများကို ခွဲဝေပေးခဲ့ရပြန်ရာ ရှမ်းပြည်နယ်အတွင်း အထူးဒေသအဖွဲ့ (၆) ဖွဲ့အထိ ရှိခဲ့သည်။
ထိုအထူးဒေသအဖွဲ့များထဲတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ အထူးဒေသ (၁) ၏ စစ်ရေး၊ အုပ်ချုပ်ရေးသည် အနိမ့်၊ အမြင့်၊ အလှည့်အပြောင်း များခဲ့သည်ဟု ဆိုရမည်။
စစ်တပ်က ကြိုးကိုင်မည့် တပိုင်းကြောင် ဒီမိုကရေစီစနစ် မစတင်မီ ၂၀၀၉ ခုနှစ်တွင် ကိုးကန့်အထူးဒေသ (၁) ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲရန် စစ်တပ်က ဖိအားပေးခဲ့ရာ ဦးဖုန်ကြားရှင်အဖွဲ့က လက်မခံခဲ့ပေ။ စစ်တပ်က ဦးဖုန်ကြားရှင်၏ လက်ရင်းတပည့် ပယ်ဆောက်ချိန်ကို ခွဲထုတ် စည်းရုံးပြီး ဦးဖုန်ကြားရှင်၏တပ်ကို ပြန်လည်တိုက်ထုတ်စေခဲ့ရာ မူလ MNDAA တပ်များသည် လောက်ကိုင်နှင့် ကုန်းကြမ်းမြို့တို့ကို လက်လွှတ်ခဲ့ရပြီး တောပုန်းအဖွဲ့အဖြစ် ကျရောက်ခဲ့ရသည်။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်၏ သွေးထိုးမှုကြောင့် ကိုးကန့်နယ်အတွင်း ဖုန်မိသားစုနှင့် ပယ်မိသားစုအကြား သွေးကွဲမှု ဖြစ်ပေါ်ခဲ့သည်။
၂၀၁၅ ခုနှစ်၌ အင်အားပြန်လည်တည်ဆောက်ပြီး ဖြစ်သည့် ဦးဖုန်ကြားရှင်တပ်က လောက်ကိုင်ကို စစ်ထိုးသော်လည်း ပယ်ဆောက်ချိန်တပ်များကို မြန်မာစစ်တပ်က ပံ့ပိုးကူညီခဲ့ခြင်း၊ ပါဝင်တိုက်ခိုက်ပေးခြင်းတို့ကြောင့် ထင်တိုင်းမပေါက် ဖြစ်ခဲ့ရသည်။ သို့သော် မြန်မာစစ်တပ်၏ တတိယမ္ပိ အာဏာသိမ်းမှုအပြီး ၂၀၂၃ ခုနှစ်တွင် ဦးဖုန်ကြားရှင်၏ မူလ (MNDAA) တပ်သည် ကံဇာတာ မြင့်တက်လာ၏။ ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်များကို ညီနောင်မဟာမိတ် သုံးဖော်နှင့်အတူ ဆင်နွှဲခဲ့ရာ မြန်မာစစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီး တည်ရှိသော ရှမ်းမြောက်မြို့တော် လားရှိုးမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး တခုလုံး ပထမဆုံး ကျဆုံးခဲ့ရသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးပင်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်လော်ဘီများ အားလုံး အရှက်တကွဲ ဖြစ်ခဲ့ကြရသည်။
ထိုတိုင်းစစ်ဌာနချုပ်ကြီး ကျချိန်မှစ၍ တရုတ်ကို လူမထင်၊ ရုရှားနှင့်သာ ချစ်ပွဲဝင်ပြလိုသော စစ်ခေါင်းဆောင်သည် တရုတ်ထံ တဖန်ပြန် ဦးညွှတ်လာရသည်။ တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ် (MNDAA) သည် လားရှိုးမြို့ကို စစ်တပ်ထံ ပြန်ပေးလိုက်သည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ “ဟိုက်ဂင် သဘောတူညီချက်” ဟု သုံးနှုန်းကြသည်။ “ဟိုက်ဂင် သဘောတူညီချက်” အပြည့်အစုံကို နှစ်ဖက်ခေါင်းဆောင်များမှအပ မည်သူမျှ တိတိပပ မသိကြရ။ သို့သော် စစ်တပ်လော်ဘီများနှင့် ၎င်းတို့၏ အာဘော်မိနေသည့် မီဒီယာတချို့က လားရှိုးပြီးလျှင် သိန္နီမြို့ကိုပါ ထပ်ပေးရတော့မည်ဟု ဟီရိတရားကင်းမဲ့စွာ ကောလာဟလများ ထုတ်လွှင့်ကြပြန်သည်။ တလ၊ နှစ်လ၊ သုံးလေးလသာ ကြာသွားသည် MNDAA က သိန္နီကို ပြန်မပေးသည့်အပြင် ဆေးရုံ၊ ဈေး၊ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ပြလိုက်သော အခါမှ ရေသာခို၊ အချောင်နှိုက် စရိုက်ဆိုး ဖုံးလွှမ်းနေသော စစ်လော်ဘီတသိုက် နှုတ်ပိတ်သွားကြ၏။
သို့သော် ကွတ်ခိုင်မြို့ကို MNDAA က တကျော့ပြန် ထိန်းချုပ်ပြီးချိန်တွင် ကွတ်ခိုင်ကို စစ်တပ်ထံ ပြန်လွှဲပေးရတော့မည်ဟု ကောလာဟလများ ထုတ်လွှင့်လာကြပြန်သည်။ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများပင် မြို့ထဲရောက်နေပြီဟု ဆိုကြ၏။ သတင်းမီဒီယာတချို့ကလည်း မခိုင်မာ မရေရာသည့် သတင်းရင်းမြစ်များကို ပြညွှန်းကာ ဟုတ်နိုးနိုး ရေးကြပြန်သည်။ သတင်းထောက်က နှပ်ကြောင်းပေး မေးမြန်းသော မေးခွန်းအပေါ် ရေလိုက် ငါးလိုက် ဖြေပေးတတ်သည့် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဆိုသူတို့၏ သုံးသပ်ချက်များဖြင့် သတင်းကြွအောင် တန်ဆာဆင်ကြ၏။
ကွတ်ခိုင်မြို့အား လတ်တလောအတွင်း ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိကို အောက်ပါအချက်များဖြင့် တိုက်ဆိုင် စေ့ငုကြည့်ပါက တွေ့မြင်နိုင်ပေမည်။
(၁) ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် TNLA တပ်ဖွဲ့ဝင်များအား တိုက်ခိုက် မောင်းထုတ်ကာ MNDAA က အပြီးသတ် သိမ်းပိုက်ခဲ့ခြင်း။ (မြန်မာစစ်တပ်အား ပြန်ပေးရမည့်မြို့ဆိုပါက MNDAA သည် မဟာမိတ်အပျက်ခံ တိုက်ယူရလောက်အောင်အထိ မမိုက်မဲနိုင်ပါ။)
(၂) ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ မဖော်မီကပင် MNDAA သည် အထူးဒေသ (၁) အလံတော်ဥပဒေကို အတိအလင်းပြဋ္ဌာန်းခဲ့ပြီး ကွတ်ခိုင်ခရိုင်အဖြစ်ပါ ထည့်သွင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ခြင်း။
(၃) ကွတ်ခိုင်မြို့သည် လောက်ကိုင် ဝင်ပေါက်ဖြစ်သည့် သိန္နီမြို့အား အရှေ့မြောက်ဘက်မှ ကာကွယ်ပေးထားရသည့် စစ်ရေးဗျူဟာအရ အရေးပါသည့်မြို့ဖြစ်ခြင်း။
စသည့်အချက်များအရ MNDAA သည် လတ်တလော ကာလအတွင်း စစ်တပ်ထံ ပြန်ပေးရနိုင်သည် ဟူသော မှန်းဆချက်များသည် အဟောသိကံသာ ဖြစ်ပေလိမ့်မည်။ အခြားဒေသနေသူများ မသိကြသေးသည်မှာ ကွတ်ခိုင်ခရိုင်ဆေးရုံကို MNDAA က အဆင့်မြှင့်တင် ပြင်ဆင်နေသည့်အပြင် မြို့မဈေး ပြန်လည်တည်ဆောက်ရေးနှင့် လျှပ်စစ်မီးလင်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေခြင်းပင်။ မကြာမီ ပြန်ပေးရမည်ဆိုပါက ထိုအလုပ်များကို အပင်ပန်းခံ၊ ငွေကုန်ခံ၍ လုပ်နေပါမည်လော။
ထို့အပြင် MNDAA သည် လူမျိုးစုတပ်အသွင်မှ လူမျိုး၊ ဘာသာ မခွဲခြားသည့် တပ်အသွင်သို့ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ရာ ပြည်မနေ လူငယ်များ တပ်ဖွဲ့အတွင်း အများအပြားရှိနေပြီ ဖြစ်သကဲ့သို့ မွတ်ဆလင်၊ ဂေါ်ရခါးများပင် MNDAA တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းနေကြသည်။ စစ်အင်အား ကြီးထွားလာနေပြီဖြစ်ရာ မြန်မာစစ်တပ်က နယ်မြေပြန်တောင်းသည်နှင့် လွယ်လင့်တကူ ပြန်ပေးရမည့် အခြေအနေ မရှိပေ။ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် MNDAA နှင့် မဟာမိတ်များ၏ တိုက်ရည်ခိုက်ရည်ကို ရမခတိုင်းစစ်ဌာချုပ် ကျဆုံးခန်းတွင် နဖူးတွေ့၊ ဒူးတွေ့ တွေ့ခဲ့ကြရပြီး ဖြစ်၏။ သို့ဖြစ်ရာ မြေပြန့် PDF များနှင့်ပင် ဘတပြန် ကျားတပြန် စစ်ခင်းနေရသော စစ်ခေါင်းဆောင်များအနေဖြင့် ရှမ်းမြောက်၌ စစ်မျက်နှာထပ်ဖွင့်ရန်အထိ ရူးမိုက်ဝံ့မည် မဟုတ်ပေ။
သို့သော် ကိုးကန့် MNDAA တပ်က ဖွဲ့စည်းထားသည့် အထူးဒေသ (၁) သည် စစ်တပ်က ဆက်လက်ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဖြင့်မူ ဝိရောဓိ ဖြစ်နေ၏။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဗိုလ်ခင်ညွန့် လက်ထက်က သုံးခဲ့သော အထူးဒေသ ဟူသည့် အသုံးအနှုန်း မပါဝင်တော့ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူ၍သာ သုံးစွဲထားသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကုန်းကြမ်းနှင့် လောက်ကိုင်မြို့တို့ကိုသာ ဖော်ပြထားသည်။
မျက်မှောက်ကာလ MNDAA သိမ်းပိုက်ထားပြီးနောက် အထူးဒေသ (၁) ဟု ညွှန်းဆိုထားသော နယ်မြေများကိုလည်း မအလ အစိုးရက မပေးပါဟု မည်သူကမျှ ယတိပြတ်ပြော၍ မရနိုင်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံတွင် အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်၏။ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ (၅၄) တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့ဖြစ်ရာ MNDAA ၏ အထူးဒေသကို မအလ အဓမ္မအစိုးရက ယခု လွှတ်တော်သက်တမ်းအတွင်း အသိအမှတ်ပြုနိုင်သကဲ့သို့ အသိအမှတ်မပြုဘဲလည်း ထားနိုင်ပေ၏။ စစ်တပ်က ၎င်းတို့ ကိုင်စွဲနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ အတိအလင်း အသိအမှတ်မပြုသော်လည်း မသိကျိုးကျွံ ပြုနေလျင်လည်း မည်သူကမျှ အထွန့်တက်ဝံ့မည် မဟုတ်ပေ။ ဤနေရာတွင် အများသူငါ ခရေစေ့တွင်းကျ သေချာဂန မသိရသည့် “ဟိုက်ဂင် သဘောတူညီချက်” သည် အခရာကျပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ လတ်တလော မအလ အဓမ္မအစိုးရ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ ယခု အတုအယောင် လွှတ်တော်သက်တမ်းအတွင်း ကိုးကန့်၏ အထူးဒေသ (၁) ဖွဲ့စည်းမှုကို ချေဖျက်၊ ဟန့်တားရန် လွယ်ကူမည် မဟုတ်ကြောင်းပါ ခင်ဗျား။
စိုင်းမင်းအောင်