စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် မီဒီယာများ လူထုဝင်ရောက်ကြည့်ရှုမှု ၈၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်း
politics||5 MIN READ

စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် မီဒီယာများ လူထုဝင်ရောက်ကြည့်ရှုမှု ၈၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်း

Back to News

AI Summary

မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် ဆက်နွှယ်သည့် မီဒီယာများ၏ ကြည့်ရှုမှုနှုန်း ၇၆ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားပြီး လွတ်လပ်သော သတင်းဌာနများ၏ သတင်းရောက်ရှိမှုမှာမူ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်မှာ စစ်အုပ်စု၏ အင်တာနက်ဖြတ်တောက်ခြင်း၊ နည်းပညာသုံး ပိတ်ဆို့ခြင်းများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများ၏ အယ်လ်ဂိုရစ်သမ် အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် ပြည်သူလူထု၏ သတင်းအချက်အလက် ရယူနိုင်မှုမှာ ၄၈ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ဒစ်ဂျစ်တယ်လူထုရင်ပြင်တွင် အများပြည်သူဆိုင်ရာ ဆွေးနွေးမှုများ တိတ်ဆိတ်သွားခဲ့သည်။ သို့သော် လွတ်လပ်သော မီဒီယာများ၏ ပို့စ်များအပေါ် ပြည်သူများ၏ Like ပေးမှု ၅၂ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းက လွတ်လပ်သော သတင်းတင်ဆက်မှုများကို အသံတိတ် ထောက်ခံနေကြောင်း ပြသနေသည်။ လက်ရှိတွင် စစ်အုပ်စု၏ သတင်းမှောင်ချမှုနှင့် နည်းပညာဆိုင်ရာ ပိတ်ဆို့မှုများကြောင့် ပြည်သူများမှာ သတင်းအချက်အလက် ရယူပိုင်ခွင့် ဆုံးရှုံးနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

မောင်ခက်နွေ (ဇွန် – ၂၅)

မဇ္ဈိမ။ ။ စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် မီဒီယာများသို့ လူထုဝင်ရောက်ကြည့်ရှုမှုသည် ၇၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး လွတ်လပ်သော သတင်းတင်ပြချက်များကို ပိုမိုကြည့်ရှုလာကြကြောင်း မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့ဒစ်ဂျစ်တယ် အာဏာသိမ်းမှုအတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်း အမည်ရှိ ထိုအစီရင်ခံစာကို သတင်းဌာန ၅၀ ၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှ ဒေတာအချက်အလက်ပေါင်း ၁၂ ဘီလီယံကို အခြေခံကာ ခွဲခြမ်းစိတ်ဖြာ ရေးသားထားကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲများမတိုင်မီနှင့် ရွေးကောက်ပွဲကာလများအတွင်း ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

ထင်ရှားသော သာဓကများအနေဖြင့် Channel 9 Myanmar တွင် ၉၉ ရာခိုင်နှုန်း၊ Eleven မီဒီယာတွင် ၈၄ ရာခိုင်နှုန်းနှင့် MRTV-4 တွင် ၆၂ ရာခိုင်နှုန်းအထိ ကြည့်ရှုသူရောက်ရှိမှုနှုန်း ကျဆင်းခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ထိုမီဒီယာများတွင် ပြည်သူများ၏ တုံ့ပြန်ဆောင်ရွက်မှုများ လုံးဝပြိုလဲသွားခဲ့ရာ Like ရရှိမှု ၂၆ ရာခိုင်နှုန်း၊ Share ပြုလုပ်မှု ၉၀ ရာခိုင်နှုန်းနှင့် Comment ပေးမှု ၇၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

ဆန့်ကျင်ဘက်အားဖြင့် အယ်ဒီတာ့အာဘော်အရ စစ်တပ်ကို ဆန့်ကျင်သည့် လွတ်လပ်သော မီဒီယာများ၏ သတင်းရောက်ရှိမှုမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

လွတ်လပ်သော မီဒီယာများ၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်ရှိ စုစုပေါင်း သတင်းထုတ်လွှင့်မှုသည် ၁၈ ရာခိုင်နှုန်း၊ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မီဒီယာများ၏ ထုတ်လုပ်မှုမှာ ၁၀၈ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့သည်။ သို့သော် စစ်အုပ်စု၏ အင်တာနက် ဖြတ်တောက်ခြင်း၊ နည်းပညာသုံး ပိတ်ဆို့ခြင်းနှင့် အင်တာနက်ခများ တိုးမြှင့်ခြင်းတို့သည် Facebook ၏ အယ်လ်ဂိုရစ်သမ် (Algorithms) အပြောင်းအလဲများနှင့် ပေါင်းစပ်သွားသောကြောင့် ပြည်သူများ၏ သတင်းမီဒီယာများသို့ ဝင်ရောက်ကြည့်ရှုနိုင်မှုသည် ၄၈ ရာခိုင်နှုန်းအထိ ထိုးဆင်းကျဆင်းသွားခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ IPCM ဥက္ကဋ္ဌ ဦးကိုကိုဇော်က “သတင်းမီဒီယာဌာနတွေက သတင်းပို့စ်တင်နှုန်းမှာ ရွေးကောက်ပွဲကြောင့် ပို့စ်တင်မှုနှုန်း မြင့်တက်ခဲ့ပေမယ့် ကြည့်ရှုနှုန်း သိသိသာသာ ကျဆင်းရတာကို လေ့လာတဲ့အခါ သတင်းအချက်အလက်တွေ ရယူပိုင်ခွင့် ဆုံးရှုံးရတဲ့ အခြေအနေကို ထင်ဟပ်စေတာက ပြည်သူလူထုနဲ့ သတင်းမီဒီယာများကြားမှာ စစ်အုပ်စုက နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်ခဲ့တာကလည်း (ဥပမာ- ဒစ်ဂျစ်တယ်နည်းပညာ၊ ရွေးကောက်ပွဲဆိုင်ရာ မတရားတဲ့ ဥပဒေတွေက) သက်ရောက်မှုတခု ဖြစ်စေခဲ့တယ်” ဟု မဇ္ဈိမသို့ သီးသန့် ပြောကြားသည်။

၎င်းက ဆက်လက်၍ “ဒါကိုလည်း တစ်ဖက်ကကြည့်ရင် စစ်အုပ်စုရဲ့ သတင်းမှောင်ချဖို့ လုပ်ဆောင်နေမှုကို အလိုလို ကူညီသလိုတော့ ဖြစ်သွားရတယ်။ လူမှုကွန်ရက် ကုမ္ပဏီတွေကတော့ ဘယ်လိုရည်ရွယ်ခဲ့လဲဆိုတာ သေချာမသိပေမယ့် တိုက်ရိုက်ထိတာ ပြည်သူပါ။ ပြည်သူတွေ တိုက်ရိုက်ထိမှတော့ စစ်အုပ်စုကို တစ်ဖက်တစ်လမ်းက ကူညီပေးသလို ဖြစ်သွားတော့ အလိုလို တိုက်ရိုက်ကူညီပေးလိုက်သလို ဖြစ်သွားတယ်” ဟု ထောက်ပြသည်။ ထို့ပြင် ဒစ်ဂျစ်တယ်လူထုရင်ပြင်တွင် အများပြည်သူဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများ တိတ်ဆိတ်သွားပြီး မီဒီယာပို့စ်များကို မျှဝေခြင်းသည် ၆၃ ရာခိုင်နှုန်းနှင့် မှတ်ချက်ပေးခြင်းသည် ၄၂ ရာခိုင်နှုန်းအထိ အသီးသီး လျော့ကျသွားခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော်လည်း လွတ်လပ်သော သတင်းမီဒီယာများ၏ ပို့စ်များအပေါ် Like (ကြိုက်နှစ်သက်မှု) ပေးခြင်းမှာမူ ၅၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ရာ လွတ်လပ်သော သတင်းတင်ဆက်မှုများအပေါ် ပြည်သူက အသံတိတ် ထောက်ခံအားပေးနေကြောင်း ထင်ရှားစွာ ပေါ်လွင်စေသည်ဟု အစီရင်ခံစာအရ သိရသည်။ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွဲများအနက် တတိယမြောက်ဖြစ်သည့် ယခုအစီရင်ခံစာကိုHuman Rights Myanmar နှင့် IPCM တို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး ဓာတ်ပုံ – မြန်မာနိုင်ငံမှ သတင်းသမားများ။ စစ်အုပ်စု၏ အင်တာနက်ဖြတ်တောက်မှုများနှင့် လူမှုကွန်ရက် ပလက်ဖောင်းများ၏ မူဝါဒအပြောင်းအလဲများကြောင့် ပြည်သူလူထု၏ သတင်းအချက်အလက် ရယူနိုင်မှုမှာ ဆိုးရွားစွာ ကျဆင်းနေကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့ ထုတ်ပြန်လိုက်သည်။ (The Guardian)

ဆက်စပ်သတင်းများ

AI Curated