
ရွှေကုက္ကိုလ်က ကျားဖြန့် အဆောက်အအုံ ၆၀ နီးပါးကို ဖျက်ဆီးခဲ့ဟု စစ်အုပ်စု ဆိုသော်လည်း လုပ်ငန်းများ ဆက်လက်လည်ပတ်နေဟု ဒေသခံပြော
AI Summary
စစ်အုပ်စုတပ်က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများ အခြေချရာ အထပ်မြင့်အဆောက်အအုံ ၅၆ လုံးကို ဖျက်ဆီးပြီးစီးကြောင်း ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်အရ စုစုပေါင်း ၇၇ လုံး ဖျက်ဆီးရန်ရှိရာ ၅၇ လုံးကို ယာဉ်ယန္တရားဖြင့်၊ ကျန် ၂၀ လုံးကို ဖောက်ခွဲဖျက်ဆီးမည်ဖြစ်သည်။ သို့သော် ဒေသခံများ၏ ပြောကြားချက်အရ ဖျက်ဆီးခံရသည့် အဆောက်အအုံများသည် လူမရှိတော့သည့် အခွံများသာဖြစ်ပြီး၊ ကျားဖြန့်လုပ်ငန်းများမှာမူ မြို့သစ်နှင့် အနီးတဝိုက်တွင် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ထို့ပြင် အဆောက်အအုံအသစ်များ ဆောက်လုပ်နေခြင်းနှင့် ကျားဖြန့်လုပ်သားအသစ်များ နေ့စဉ်ဝင်ရောက်နေခြင်းများလည်း ရှိနေသည်။ အဝင်အထွက်တင်းကျပ်မှုများရှိသော်လည်း ကျားဖြန့်နှင့်ပတ်သက်သူများကို စစ်ဆေးခြင်းမရှိဘဲ လွှတ်ပေးနေကြောင်း ဒေသခံများက ဆိုသည်။ ယခင်က လုံခြုံရေးယူပေးခဲ့သည့် KNA (ယခင် BGF) က ဖမ်းဆီးတားဆီးခြင်းမရှိဘဲ၊ ရွှေကုက္ကိုလ်အပါအဝင် အခြားနယ်စပ်မြို့များတွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။
ဓာတ်ပုံ – ရွှေကုက္ကိုလ်ရှိ ကျားဖြန့်အဆောက်အအုံများ။ ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်လုပ်ငန်း) အခြေချခဲ့ရာ အထပ်မြင့်အဆောက်အအုံများအား ဖျက်ဆီးမှုများ ပြုလုပ်နေသည်မှာ ၅၆ လုံးအထိ ရှိပြီဖြစ် ကြောင်း စစ်အုပ်စုတပ်က ဇွန်လ ၁၁ ရက်က ထုတ်ပြန်သည်။ သို့သော် လုပ်ငန်းများ ဆက်လက်လည်ပတ်နေဟု ဒေသခံကပြောသည်။
YT(ဇွန် ၁၂ ရက်)
မဇ္ဈိမ။ ။ ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်လုပ်ငန်း) အခြေချခဲ့ရာ အထပ်မြင့်အဆောက်အအုံများအား ဖျက်ဆီးမှုများ ပြုလုပ်နေသည်မှာ ၅၆ လုံးအထိ ရှိပြီဖြစ်ကြောင်း စစ်အုပ်စုတပ်က ယမန်နေ့ (ဇွန်လ ၁၁ ရက်က ) ထုတ်ပြန်သည်။
ရွှေကုက္ကိုလ်ဒေသခံတ ဦးက “မြစ်ကမ်းနားဘက်က အဆောက်အအုံတွေကို ဖြိုပစ်တာပါ။ အဲဒီမှာတွေက လူမှမရှိတာ ကြာပြီလေ။ ပစ္စည်းအကောင်းတွေလည်း အကုန်ဖြုတ်ယူပြီးကြပြီဆိုတော့ ဘာမှမရှိတော့ဘူး၊ အခွံတွေ။ လူရှိတဲ့နေရာတွေကျ မဝင်ဘဲနဲ့ လူမရှိတော့တဲ့ နေရာတွေကိုပဲ ဖျက်ဆီးပြနေတာ။ နေ့တိုင်းဖြိုတာတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
စစ်အုပ်စုက ရွှေကုက္ကိုလ်၌ ဖြိုဖျက်မည့် အဆောက်အအုံ စုစုပေါင်း ၇၇ လုံးရှိကြောင်း၊ ထိုအနက် ၅၇ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည်ဖြစ်ပြီး ကျန် ၂၀ လုံးကိုမူ ဖောက်ခွဲဖျက်ဆီးမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် စုစုပေါင်း အဆောက်အအုံ ၅၆ လုံးကို ဖျက်ဆီးပြီးဖြစ်၍ ကျန်ရှိသည့် အဆောက်အအုံ ၂၁ လုံးကိုလည်း ဆက်လက်ဖြိုဖျက်သွားမည်ဟု စစ်အုပ်စုက ဆိုသည်။
ဓာတ်ပုံ – ရွှေကုက္ကိုလ်ရှိ ကျားဖြန့်အဆောက်အအုံများ။ ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်လုပ်ငန်း) အခြေချခဲ့ရာ အထပ်မြင့်အဆောက်အအုံများအား ဖျက်ဆီးမှုများ ပြုလုပ်နေသည်မှာ ၅၆ လုံးအထိ ရှိပြီဖြစ် ကြောင်း စစ်အုပ်စုတပ်က ဇွန်လ ၁၁ ရက်က ထုတ်ပြန်သည်။ သို့သော် လုပ်ငန်းများ ဆက်လက်လည်ပတ်နေဟု ဒေသခံကပြောသည်။
လက်ရှိတွင်လည်း ရွှေကုက္ကိုလ်မြို့နှင့် အနီးတဝိုက်ဒေသများအတွင်းရှိ လူနေအိမ်များ၊ အထပ်မြင့်အဆောက်အအုံများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၌ပါ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်လျက်ရှိပြီး အဆောက်အအုံအသစ်များလည်း ထပ်တိုးဆောက်လုပ်နေခြင်းရှိသကဲ့သို့ အဝင်အထွက် တင်းကျပ်ထားသည့် ရွှေကုက္ကိုလ်ဒေသတွင်းသို့ အွန်လိုင်းငွေလိမ်ကျားဖြန့် လုပ်သားအသစ်များလည်း နေ့စဉ်ဝင်ရောက်နေကြောင်း သိရသည်။
“အခု အဝင်အထွက်တွေ စစ်တယ် ဟုတ်တယ်။ သာမန်လူတွေကိုပဲ စစ်တာ။ အဲဒီလို စစ်တဲ့ကားတွေမှာက ဘာမှမပါဘူး။ လူတို့၊ ပစ္စည်းတို့ ပါတဲ့ကားတွေကျ သူတို့က မစစ်ဘူး။ သူတို့အချင်းချင်း သိပြီးသား၊ တန်းလွှတ်ပေးတာ” ဟု အဆိုပါ ရွှေကုက္ကိုလ်မြို့ခံက ဆက်ပြောသည်။
အခြား ရွှေကုက္ကိုလ် သတင်းရင်းမြစ်တရပ်ကလည်း ရွှေကုက္ကိုလ်ဒေသတွင်း လုပ်ကိုင်လျက်ရှိသည့် ကျားဖြန့်လုပ် ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) မှ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အသွင်ပြောင်းလဲခဲ့သည့်အဖွဲ့က ယခင်ကကဲ့သို့ လုံခြုံရေးယူပေးခြင်း မရှိတော့သော်လည်း ဖမ်းဆီးတားဆီးခြင်းမျိုး မရှိကြောင်း ဆို သည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်အတွင်းရှိ ရွှေကုက္ကိုလ်၊ သစ်ကတေ၊ ဖားကလူး၊ ကျောက်ခတ်၊ ဆုံဆည်းမြိုင်နှင့် မြဝတီမြို့တို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။
စာတည်း – အောင်ကျော်ဖြိုး