
အဖမ်းခံရသည့် အင်းလေး PDF တပ်ဖွဲ့ဝင် ၂ ဦး ညောင်ရွှေရဲစခန်းတွင် ထိန်းသိမ်းခံထားရ - BUR.MIZZIMA.COM
AI Summary
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) မှ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို စစ်အုပ်စုတပ်များက ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ရွာမကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း၏ သားဖြစ်သူက သတင်းပေးတိုင်တန်းမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ ငွေကြေးမက်လုံးပေး၍ သစ္စာဖောက်ခြင်းဖြစ်သည်ဟု IPDF က ယူဆသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူနှစ်ဦးကို ညောင်ရွှေမြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ စစ်အုပ်စုသည် ၎င်းတို့နှင့် ဆက်စပ်သူများကို ကွင်းဆက်လိုက်လံဖမ်းဆီးရန် ကြိုးပမ်းနေပြီး၊ လက်နက်ချပါက ကျပ်သိန်း ၁,၀၀၀ ပေးမည်ဟု မက်လုံးပေးကာ ဆေးစွဲလူငယ်များအပါအဝင် ကွန်ရက်များဖြင့် ရှာဖွေဖမ်းဆီးခိုင်းနေသည်။ ထို့ကြောင့် IPDF က ဆက်နွှယ်သူများ ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် သတင်းပေးများနှင့် ဒလန်များ၏ လုပ်ရပ်များကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဟု IPDF က သတိပေးထားသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အဖွဲ့ဝင်များ
ယမင်းဖူးပွင့်အောင်
မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) မှ တပ်ဖွဲ့ဝင်နှစ်ဦး ညောင်ရွှေမြို့ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“အဖမ်းခံရတုန်းက လက်နက်မပါဘူးဗျ။ ညောင်ရွှေရဲစခန်းမှာလို့ သိရတယ်” ဟု IPDF တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။
တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုကြောင့် ဆက်နွှယ်သူများ ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်ကြရန် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က ယမန်နေ့ (ဇွန်လ ၈ ရက်) တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
IPDF တပ်ရင်းမှ ရဲဘော်နှစ်ဦးဖြစ်သည့် ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို ရွာမကျေးရွာ၌ စစ်အုပ်စုတပ်များက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ရွာမကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ၏ သားဖြစ်သူက သတင်းပေးတိုင်တန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု IPDF က ဆိုသည်။
“သူတို့ရွာရဲ့ အုပ်ကြီးက လူယုံသတ်(ယုံကြည်ရသူက သစ္စာဖောက်) ပြီး ပျူတွေကို တိုင်လိုက်တဲ့သဘောပါ။ အုပ်ကြီးကတော့ ငွေနဲ့မက်လုံးပေးလို့ ခုလိုလုပ်တာလို့ ယူဆရတယ်” ဟုပြောသည်။
လက်ရှိတွင် အဆိုပါ ရဲဘော်နှစ်ဦးနှင့် ဆက်စပ်သူများကို ကွင်းဆက်လိုက်လံဖမ်းဆီးရန် စစ်အုပ်စုက အပြင်းအထန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ချပွဲ ပြုလုပ်နိုင်ပါက ကျပ် သိန်း ၁,၀၀၀ ပေးမည်ဟု မက်လုံးပေးကာ ဆေးစွဲလူငယ်များအပါအဝင် ကွန်ရက်များဖြင့် လိုက်လံရှာဖွေဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စစ်အုပ်စု လက်လှမ်းမမှီရာ ဘေးလွတ်ရာသို့ အရေးပေါ် ချက်ချင်း ရှောင်တိမ်းကြရန်နှင့် သတင်းပေးများနှင့် ဒလန်များ၏ လုပ်ရပ်များကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က သတိပေးထားသည်။
စာတည်း။။ အောင်ကျော်ဖြိုး