မြစ်ခြေတွင် စစ်တပ်က နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီး၊ ပြည်သူများကို သတ်ဖြတ်

မြစ်ခြေတွင် စစ်တပ်က နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီး၊ ပြည်သူများကို သတ်ဖြတ်

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ မြစ်ခြေမြို့ စစ်တပ်ဝင်၊ အိမ်ထောင်ချီ မီးရှို့။ ပြည်သူ ၁၀ ဦး သတ်၊ ၂၀,၀၀၀ နီးပါး ထွက်ပြေး။ စစ်ဘေးရှောင်များ အမိုးအကာ၊ စားနပ်ရိက္ခာ လို။

Photo : DVB

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ပုဂံ-ညောင်ဦးမြို့ တဖက်ကမ်းက မြစ်ခြေမြို့ကို စစ်အာဏာရှင်တပ်က ဝင်ရောက် အခြေချထားပြီး ပြည်သူတွေရဲ့နေအိမ် ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးနေသလို ပြည်သူတွေကို လည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ကို မေ ၁၀ ရက်က စတင်ပြီး ပခုက္ကူနဲ့ ညောင်ဦးမြို့ပေါ်က စစ်အာဏာရှင်တပ်နဲ့ ပျူစောထီးတပ်သား အင်အား ၁,၀၀၀ နီးပါးပါတဲ့ စစ်ကြောင်းက တပ်စွဲလိုက်တာဖြစ်ပါတယ်။

အဲဒီလို တပ်စွဲပြီးတဲ့နောက်ပိုင်း မေ ၁၂ ရက်ကစပြီး မြစ်ခြေမြို့ပေါ်နဲ့ မြို့နားနီးတဲ့ ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ပြီးမှ နေအိမ်တွေကို နေ့စဉ် မီးရှို့ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

မေ ၂၈ ရက်ကလည်း စစ်တပ်က မြစ်ခြေမြို့ပေါ်ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မြို့ထဲ မြင်းစာပြန်ကျွေးတဲ့ အသက် ၅၀ အရွယ် အမျိုးသားတယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ ဒေသခံတယောက်က “မနေ့က မီးလောင်တဲ့ထဲမှာ ပြည်သူတွေ ဝင်ငြှိမ်းတယ်၊ သေနတ်နဲ့ ပစ်လို့ ပြန်ပြေးခဲ့ရတယ်။ မြင်းကို မြက်သွားကျွေးတဲ့ ဦးလေးကြီးတယောက် အသက်၅၀ ကျော် လောက်ရှိတယ်၊ အဲဒါ စစ်(--)တွေနဲ့တွေ့ပြီး သေနတ်ဒင်နဲ့ထု၊ နောက်ပိုင်း မသေတော့ လည်လှီး သတ်ထားခဲ့တာ တွေ့ရတယ်။ နောက်ပိုင်း စစ်(--)တွေက မြို့ထဲမှာ ရှိသေးတယ်။ ဘယ်မှမ သွားသေးဘူး၊ ဘယ်မှမထွက်သေးဘူး၊ အင်အားက များတယ်ဗျ။ ခုမနက်တော့ ဘာသံမှ မကြားသေးဘူး၊ ပြောတော့ မပြောတတ်သေးဘူး၊ သူတို့က မနက်စာစားပြီးမှ မီးထ ထရှို့တာ။ ညက တော့ လက်နက်ကြီးသံ သုံးလေးချက် ကြားတယ်။ မနေ့ကတော့ မီးဝင်ငြှိမ်းလို့ သေနတ်နဲ့ ပစ်တာရှိတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းစဝင်တဲ့နေ့ကစပြီး မေ ၂၈ ရက်အထိ မြစ်ခြေမြို့ထဲ ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ် က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၁၀ ယောက်ဝန်းကျင် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မီးရှို့ဖျက်ဆီးနေတဲ့အတွက် မြစ်ခြေမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာ ၇ ရွာက ပြည်သူ့ နေအိမ် အများအပြား မီးရှို့ဖျက်ဆီးခံနေရပြီး ပြည်သူ့နေအိမ် ထောင်နဲ့ချီ မီးလောင် ပျက်စီး သွားတယ်လို့ သိရပါတယ်။

အဲဒီ မြစ်ခြေမြို့မှာ တပ်စွဲထားတဲ့ စစ်ကြောင်းကြောင့် မြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူ အယောက် ၂၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် အကူအညီ ပေးနေသူတွေက ပြောကြပါတယ်။

စစ်ဘေးရှောင် အကူအညီပေးသူတယောက်က “ရှောင်တဲ့သူတွေက ကျမတို့တွေ ပေါက်နယ်အစပ်၊ ဆိပ်ဖြူနယ်အစပ်တို့ အဲ့နားတွေလည်း ရှောင်ကြတယ်။ ဒေသတာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ စစ်ကြောင်းက တောင်ကလာတယ်ဆိုရင် မြောက်ကိုပို့တာတို့၊ မြောက်ကလာတယ်ဆိုရင် တောင်ကို ပို့တယ်တို့ အဲလိုမျိုး အနေအထားတွေပါ။ ပြောရလို့ရှိရင် နေရာတိုင်းကတော့ ခက်ခဲနေတဲ့ အချိန်ပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိမှာ မြစ်ခြေမြို့ကနေ တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ စစ်ကြောင်းနဲ့ဝေးတဲ့ ကျေးရွာတွေနဲ့ တောစပ်တွေမှာ နေထိုင်နေကြရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။

သီရိ

ဆက်စပ်သတင်းများ

AI Curated
မြစ်ခြေတွင် စစ်တပ်က နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီး၊ ပြည်သူများကို သတ်ဖြတ် | YGN Daily