ဘိန်းစာရွက်ပြုတ်ရည် ထိန်းချုပ်နိုင်ရန် ထိုင်းအစိုးရက ပိုမိုတင်းကျပ်မည်

ဘိန်းစာရွက်ပြုတ်ရည် ထိန်းချုပ်နိုင်ရန် ထိုင်းအစိုးရက ပိုမိုတင်းကျပ်မည်

DVB
SourceDVB

AI Summary

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြဒေသအတွင်း ဘိန်းစာရွက်ပြုတ်ရည် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ထိုင်းအစိုးရက ဥပဒေကြောင်းအရ ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေပါသည်။ ဇွန်လ ၂ ရက်နေ့တွင် လွှတ်တော်လုပ်ငန်းအဖွဲ့က အရေးပေါ်ဆွေးနွေးခဲ့ပြီး ဘိန်းစာရွက်ပြုတ်ရည်ကို အသွင်ပြောင်းရောင်းချခြင်းနှင့် လူငယ်များကြား ပျံ့နှံ့မှုကို နှိမ်နင်းရန် ရည်ရွယ်ပါသည်။ ဤပြုတ်ရည်ကို အလုပ်ကြမ်းသမားများက နေပူဒဏ်ခံနိုင်ရန်နှင့် အလုပ်အာရုံစိုက်နိုင်ရန် ဈေးသက်သာစွာ သောက်သုံးကြသော်လည်း၊ နောက်ပိုင်းတွင် လူငယ်အချို့က ချောင်းဆိုးပျောက်ဆေးများ ရောစပ်ကာ ပိုမူးယစ်အောင် သောက်သုံးလာခြင်းကြောင့် ပြဿနာကြီးထွားလာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားများအတွက် တရားဝင်ခွင့်ပြုထားသော်လည်း နိုင်ငံခြားသားများ သုံးစွဲပါက ထိုင်းဥပဒေအရ ဖမ်းဆီးအရေးယူခံရနိုင်ပြီး ထောင်ဒဏ်များ ချမှတ်ခံရနိုင်သည်။ ကျောက်ကပ်နှင့် အသည်းပျက်စီးခြင်း၊ အသက်ဆုံးရှုံးခြင်းအထိ ဖြစ်နိုင်သော ကျန်းမာရေးအန္တရာယ်များလည်း ရှိနေပါသည်။ ထို့ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတိထားရှောင်ကြဉ်ကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းထားပါသည်။

ဘိန်းစာရွက်ပင်။ (Photo: DVB)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြဒေသအတွင်း အာဆီယံခေါ် ဘိန်းစာရွက်ပြုတ်ရည် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ထိုင်းအစိုးရက ဥပဒေကြောင်းအရ ပိုမိုတင်းကျပ်သွားဖို့ ပြင်ဆင်နေပါတယ်။

ဘိန်းစာရွက်ပြုတ်ရည် ပျံ့နှံ့မှုပြဿနာကို လေ့လာဆန်းစစ်ပြီး ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံ လွှတ်တော်လုပ်ငန်းအဖွဲ့ဟာ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး အေဂျင်စီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဇွန် ၂ ရက်နေ့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဘိန်းစာရွက်ပြုတ်ရည်ကို အသွင်ပြောင်း ရောင်းချတာတွေနဲ့ လူငယ်တွေကြား ပျံ့နှံ့နေမှုကို အမြစ်ပြတ်နှိမ်နင်းနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဘိန်းစာရွက်ပြုတ်ရည်ဟာ ထိုင်းနိုင်ငံက အခြေခံအလုပ်သမားတွေ၊ ကားသမား၊ ဆိုင်ကယ်မောင်းသူတွေနဲ့ Grab ပို့ဆောင်ရေးလုပ်သားတွေ အကြားမှာတော့ နေ့စဉ် ပုံမှန် သုံးစွဲနေတဲ့အရာတခု ဖြစ်သလို တချို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း သောက်သုံးကြ ပါတယ်။

ထိုင်းနိုင်ငံမှာ ဘိန်းစာရွက်ကို ဆေးဝါးနဲ့ စီးပွားရေးအဖြစ် တရားဝင်ခွင့်ပြုထားပေမဲ့ အဲဒီခွင့်ပြုချက်ဟာ မိခင် ထိုင်းနိုင်ငံသားတွေအတွက်ပဲဖြစ်ပြီး နိုင်ငံခြားသားတွေ သုံးစွဲတာ၊ လက်ဝယ်တွေ့ရှိတာဆိုရင် ထိုင်းဥပဒေအရ ဖမ်းဆီးအရေးယူခံရနိုင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ရှင်းပြပါတယ်။

“မိခင်နိုင်ငံသားတွေသောက်ရင် ဖမ်းလို့မရဘူး။ မိခင်နိုင်ငံသားတွေ ခွင့်ပြုလို့ရတယ်၊ နိုင်ငံခြားသားမှာ တွေ့ရင် ဖမ်းမှာ။ ထောင်ဒဏ် ၆ လကနေ ၁ နှစ်ခွဲ ရောင်းချသူ၊ ရောင်းချသူဆိုရင် ရောင်းဝယ်ဖောက်ကားသူဆိုရင် သူက ၄ နှစ်ကနေ ၁၀ နှစ်။”

ဒီလို ဥပဒေတွေ ရှိတဲ့အပြင် ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူဖို့အတွက် ထိုင်းအာဏာပိုင်တွေဘက်က ပြင်ဆင်နေတာကြောင့် ထိုင်းရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အနေနဲ့ သတိထားရှောင်ကြဉ်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သတိပေး တိုက်တွန်းလိုက်ပါတယ်။

AAC အဖွဲ့မှ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းမှာ မဟာချိုင်မှာတို့ ဘာတို့ဆိုရင် ဒါ မြန်မာပြည်သားတွေ တော်တော်များများ သုံးကြ သောက်ကြတယ်။ အဲဒီမှာ အလွန်အကျွံ သောက်ပြီးတော့ ဆေးရုံရောက်၊ ဘာရောက်၊ သေတဲ့ကောင်တွေလည်း ရှိတယ်။ ကျောက်ကပ်တွေ ပျက်စီး ဘာစီးနဲ့ အဲလိုမျိုး။ ကျောက်ကပ်တွေ တော်တော်ပျက်စီးတယ်လို့ သိရတယ်ဗျ။ ပြောရမယ်ဆိုရင်တော့ ဒါကလည်း မူးယစ်ဆေးတမျိုးပဲ၊ မူးယစ်ဆေးတမျိုးပဲလို့ ကျနော်တို့က သတ်မှတ်တယ်။ အဲတော့ ဒီလိုမျိုး ဖမ်းဆီးမှုမျိုးတွေရှိတော့ ကျနော်တို့ ထိုင်းရောက် မြန်မာလူငယ်တွေ အသက်ရှည်တာပေါ့ဗျာ” လို့‌ ပြောပါတယ်။

အာဆီယံလို့ ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်ဟာ ဈေးနှုန်းအားဖြင့် တဘူးကို ထိုင်းဘတ် ၄၀ ကနေ ၅၀ ဝန်းကျင်ပဲ ရှိတာကြောင့် ဈေးကြီးတဲ့ ခေတ်ပေါ်မူးယစ်ဆေးဝါးတွေ သို့မဟုတ် အရက်၊ ဘီယာတွေထက်စာရင် ဈေးသက်သာတဲ့အတွက် အလုပ်ကြမ်းသမားတွေက နေပူဒဏ်ခံနိုင်ဖို့နဲ့ အလုပ်အာရုံစိုက်နိုင်ဖို့ ရည်ရွယ်ပြီး သောက်သုံးနေကြတာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူငယ်တချို့က ဒီပြုတ်ရည်ထဲကို ချောင်းဆိုးပျောက်ဆေး အပျော့စားတွေ ရောစပ်ပြီး ပိုပြီး မူးယစ်အောင် ပြုပြင် သောက်သုံးလာတဲ့အတွက် ထိုင်းလွှတ်တော်ကနေ တားဆီးနှိမ်နင်းဖို့အထိ ဖြစ်လာတာပါ။

ဘိန်းစာရွက်ပြုတ်ရည် ရောင်းချဖူးတဲ့ ဆိုင်ပိုင်ရှင်တယောက်က လက်ရှိ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မူဝါဒတွေဟာ အစိုးရအပြောင်းအလဲပေါ် မူတည်ပြီး ခဏခဏ ပြောင်းလဲနေတာကြောင့် ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

“ဘန်ကောက်မှာဆိုရင်က ပိုသောက်တယ်၊ ဆိုင်ကယ်သမားတွေ၊ ဒီ Grab သမားတွေက အမြဲတမ်း တော်တော်များများမှာ ၁၀ ယောက်မှာ ၇ ယောက်လောက်က သုံးနေကြတာပေါ့နော်၊ သူတို့လည်း မောင်းရတာဆိုတော့။”

ဘိန်းစာရွက်ကို ထိုင်းနိုင်ငံမှာ အလုပ်သမားတွေက အမောခံဆေးအဖြစ် အရင်ကတည်းက သုံးစွဲခဲ့ကြတာဖြစ်ပြီး အရွက်လိုက်ဝါးစားတာ ဒါမှမဟုတ် ကိုကာကိုလာနဲ့ ရောစပ်သောက်တာမျိုး ရှိပါတယ်။

ဒါပေမဲ့ ဆရာဝန်တွေကတော့ ဘိန်းစာပြုတ်ရည်ကို ချောင်းဆိုးပျောက်ဆေးတွေနဲ့ ရောစပ်ပြီး အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ကျောက်ကပ်နဲ့ အသည်းကို အဆိပ်သင့် ပျက်စီးစေရုံတင်မကဘဲ ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မောရစ်

ဆက်စပ်သတင်းများ

AI Curated