အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး စစ်အာဏာရှင် ထွက်ပေါက်ရှာရန် အားထုတ်နေ

အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး စစ်အာဏာရှင် ထွက်ပေါက်ရှာရန် အားထုတ်နေ

DVB
SourceDVB

AI Summary

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ထွက်ပေါက်ရှာရန် မေလ ၃၀ ရက်နေ့တွင် အိန္ဒိယသို့ သွားရောက်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ အိန္ဒိယဘက်ကမူ မြန်မာကိုဖြတ်၍ ထိုင်းနှင့်ချိတ်ဆက်မည့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း ပြန်လည်အသက်သွင်းရန်နှင့် နယ်စပ်လုံခြုံရေးပြဿနာများ ထိန်းချုပ်ရန် ရည်ရွယ်သည်။ ဤခရီးစဉ်သည် စစ်ခေါင်းဆောင်က အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများကို အပေးအယူလုပ်ကာ ထွက်ပေါက်ရှာနေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် အိန္ဒိယ၏ ကုလားတန်စီမံကိန်းနှင့် တရုတ်၏ ကူမင်း-ကျောက်ဖြူ ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံး ရပ်တန့်နေပြီး နှစ်နိုင်ငံစလုံးက မြန်မာ့တည်ငြိမ်ရေးကို လိုလားနေကြသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတိုက်ပွဲများကြောင့် နှစ်စဉ် ဒေါ်လာ သန်း ၈၀၀ မှ ၁,၀၀၀ တန်ဖိုးရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းကာ နှစ်နိုင်ငံလုံး နစ်နာခဲ့ရသည်။ နာဂနယ်စပ်ဒေသကဲ့သို့ နေရာများတွင် စစ်ရေး၊ နိုင်ငံရေး ဖိအားပေးမှုများ ဖြစ်ပေါ်လာနိုင်ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သုံးသပ်ချက်များက ဖော်ပြသည်။

Photo: Ministry of External Affairs-India

အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံမဲ့ မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ အိန္ဒိယအစိုးရနဲ့ ဘယ်လို အပေးအယူတွေလုပ်ပြီး ထွက်ပေါက်ရှာလာနိုင်ပါသလဲ။ သူ့ရဲ့ ခြေလှမ်းအပေါ်မှာ တရုတ်အစိုးရနဲ့ သတင်းစာတွေကရော ဘယ်လို အမြင်ရှိနေပါသလဲ။

မေ ၃၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့အဖွဲ့ ရောက်ရှိနေပြီး ဇွန် ၁ ရက်နေ့မှာ အိန္ဒိယဝန်ကြီးချုပ်  မိုဒီနဲ့ တွေ့ဆုံခွင့်ရမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဘက်ကတော့ သူတို့ကို နိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရေးကို အရေးပေါ် လိုလားနေတာဖြစ်သလို အိန္ဒိယဘက်ကတော့ မြို့တော်နယူးဒေလီကနေ မြန်မာပြည်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအထိ ချိတ်ဆက်မဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ပြန်အသက်သွင်းချင်တာ၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်က လုံခြုံရေးပြဿနာတွေကို ထိန်းချုပ်ချင်တာစတဲ့ မျှော်မှန်းချက်တွေ ရှိနေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

စစ်အာဏာရှင်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်ကတော့ မှတ်ချက်သတင်းစကား မရှိသေးသလို၊ သတင်းစာတွေမှာလည်း ရေးသားဖော်ပြတာ မရှိသေးဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူတယောက်က ပြောပါတယ်။

စစ်အာဏာရှင်ဟာ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံစလုံးရဲ့ အကျိုးစီးပွား လိုလားချက်တွေကို အပေးအယူလုပ်နိုင်ဖို့ အားထုတ်တဲ့နည်းလမ်းနဲ့ ထွက်ပေါက်ရှာနေတာလို့ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“သံခင်းတမန်ခင်းတွေမှာ တရုတ်ကချည်းပဲ ခြေသွက်နေတော့ သူလည်း ဝင်ပြီး ကစားတာ ဖြစ်မှာပေါ့။ မင်းအောင်လှိုင်က အိန္ဒိယကို သိပ်သွားချင်နေတာ။ အိန္ဒိယကနေတဆင့် အမေရိကန်ကို ချဉ်းကပ်ချင်လို့ ထင်တယ်။ တရုတ်ကတော့ အခုတလော အိန္ဒိယကိစ္စ ဘာညာ မရေးဘူးဗျ။ အိန္ဒိယနဲ့ ဗမာနဲ့ တွေ့ဆုံတဲ့ပွဲတွေဘာတွေ သိပ်ပြောသံမကြားဘူးဗျ။ တရုတ်ချည်းပဲ ထောက်ပေးထားလို့ မဟုတ်ဘူးနော်။ အဲဒါ မှန်ကန်တဲ့တရား မဟုတ်ဘူး၊ မင်းအောင်လှိုင် အခုအထိ အသက်ရှင်နေတာ ကျမတို့ တော်လှန်ရေးဘက်အသီးသီးက မဟာဗျူဟာကျကျ ပူးပေါင်းလုပ်ဆောင်မှု မရှိလို့။ ကျမတို့ဘက်က အားနည်းချက်။ အခု တရုတ်က ထောက်ခံတယ် ဆိုပေမဲ့ သူ အိန္ဒိယ ပြေးသွားတာ တခြားဟာ မဟုတ်ဘူး၊ အမေရိကန်ကို လှမ်းသွားပြီးတော့ တီးခေါက်ကြည့်တာ။ မင်းအောင်လှိုင်က တရုတ်က သူ့ကို ထောက်ပံ့ထားမှန်း သိတယ်။ တရုတ် ပြောတဲ့ဟာတွေကို သူ နားမထောင်နိုင်လို့ ဖြစ်တယ်။ သူက တခြား ထွက်ပေါက်လည်း ရှာတာပေါ့။ နိုင်ငံတိုင်းနဲ့ သူက ဟိုလူ့ရှေ့ တမျိုးပြော ဒီလူ့ရှေ့ တမျိုးပြော၊ ပြီးတော့လည်း တရုတ်နဲ့ ဆက်ဆံရေးပြန်ကောင်းအောင်လုပ်ပြီး တရုတ်ကို ပြန်ဖားတာပဲလေ။ တကယ့်တကယ် ဒီ စစ်ကောင်စီမှာ တွေ့နေတဲ့ အခက်အခဲက သေးတဲ့ အခက်အခဲ မဟုတ်ဘူးနော်”

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ကနေ စစ်ကိုင်း-ချင်းနယ်စပ် တမူး-မန္တလေး-နေပြည်တော်-ပဲခူး-ရန်ကုန်-မြဝတီကတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဆက်သွယ်မဲ့ ကုလားတန် သယ်ယူပို့ဆောင်ရေးစီမံကိန်းဟာ တရုတ်အစိုးရရဲ့ ကူမင်း-ကျောက်ဖြူကနေ အိန္ဒိယသမုဒ္ဒရာကို ထွက်မဲ့ ကုန်သွယ်ရေးလမ်းစီမံကိန်းနဲ့ အပြိုင်ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ဖြတ်သန်းရမဲ့နည်းလမ်းကို ရှောင်ကွင်းပြီး ကမ္ဘာ့အရှေ့ဖျားနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ချိတ်ဆက်နိုင်မဲ့ ကုန်သွယ်ရေးလမ်းကြောင်းစတင်ရာအဖြစ် အိန္ဒိယအစိုးရက ဖန်တီးခဲ့တာပါ။

ကုလားတန် သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ အပြီးသတ်ဖို့ အိန္ဒိယက မျှော်မှန်းခဲ့ပေမယ့် ကိုဗစ်နဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြဿနာတွေကြောင့် မျှော်မှန်းသလို မဖြစ်ခဲ့ပါဘူး။

လာမဲ့ ၂၀၂၇ ခုနှစ်မှာ စီမံကိန်းအပြီးသတ်ဖို့ အိန္ဒိယအစိုးရက ဆန္ဒရှိနေပေမဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပြဿနာတွေကြောင့် ရှေ့ဆက်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

အလားတူပဲ တရုတ်အစိုးရရဲ့ ကူမင်း-ကျောက်ဖြူ ရေလမ်းထွက်ပေါက်ဟာလည်း မြန်မာနိုင်ငံတွင်း ပြဿနာတွေကြောင့် မျှော်မှန်းထားသလို မဖြစ်ခဲ့ပါဘူး။

ဒီအခြေအနေတွေကြောင့် အင်အားကြီး ၂ နိုင်ငံစလုံးက မြန်မာနိုင်ငံတွင်း တည်ငြိမ်ရေးကို လိုလားနေကြပြီး၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်ဖို့ တွန်းတင်နေတာ ဖြစ်ပါတယ်။

နာဂနယ်စပ်ဒေသက စစ်ရေး၊ နိုင်ငံရေး ဖိအားပေးခံရနိုင်ခြေနဲ့ ပတ်သက်ပြီး ခန္တီးမြို့နယ်ကာကွယ်ရေးအဖွဲ့က နံပါတ်တူးက ဆိုပါတယ်။

“နာဂတောင်တန်းဘက်အခြမ်းပေါ့၊ အဲဒီနယ်စပ်တွေမှာကျတော့လည်း ခြံစည်းရိုးခတ်တဲ့ကိစ္စတွေ ဘာတွေ လုပ်နေတာရှိတယ်။ အဲဒီ ဒေသတိုင်းရင်းသားတွေဖြစ်တဲ့ နာဂပြည်သူတွေကလည်း ကန့်ကွက်တာတော့ ရှိတယ်ပေါ့။ မိုဒီနဲ့ မင်းအောင်လှိုင်နဲ့ တွေ့တဲ့ကိစ္စမှာဆိုရင်တော့ စစ်ရေးအရရော နိုင်ငံရေးအရရော ဖိအားအပေးခံရတဲ့ အနေအထားတော့ ရှိလောက်တယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီဘက်မှာ နာဂလက်နက်ကိုင်အဖွဲ့တွေနဲ့ အာသံအဖွဲ့တွေလည်း ထိတွေ့မှုဖြစ်တဲ့ဟာလေးတွေ ရှိတယ်။ အဲဒါဆိုတော့ စစ်ရေးအရရော နိုင်ငံရေးအရရော ဖိအားပေးလာမယ် ထင်တာပဲ”

အိန္ဒိယ-မြန်မာ နယ်စပ်စည်းမှာ အိန္ဒိယဘက်က မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနဲ့ အရုဏာချာပရာဒေ့ရှ် ပြည်နယ်တို့ဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး၊ မြန်မာဘက်ကတော့ ချင်း၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့က အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ် ကုန်သွယ်ရေးစခန်းတို့ကနေတစ်ဆင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်ခဲ့ပါဘူး။ အိန္ဒိယ-မြန်မာ နှစ်စဉ် နယ်စပ်ကုန်သွယ်ရေး တန်ဖိုးဟာ ပျမ်းမျှဒေါ်လာ သန်း ၈၀၀ ကနေ ၁,၀၀၀ ကြား ရှိခဲ့တာကြောင့် အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းမှာ နှစ်နိုင်ငံစလုံးအတွက် နစ်နာမှုပမာဏ များခဲ့ပါတယ်။

အလားတူပဲ တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်း ၈ ခုဟာလည်း မြန်မာနိုင်ငံတွင်း စစ်ရေးပြဿနာတွေကြောင့် ပုံမှန်မလည်ပတ်နိုင်ခဲ့ပါဘူး။

ယင်းမာပင်-ဆာလင်းကြီး သပိတ်ဦးဆောင်ကော်မတီက ကိုလွမ်းသူကတော့ တော်လှန်ရေးအင်အားစုတွေဘက်က ကြိုတင်တွက်ဆ ပြင်ဆင်ထားသင့်ပုံကို အကြံပြုထားပါတယ်။

“ကျနော်တို့ စစ်ကိုင်းဆိုရင် နာဂလန်းနဲ့ မဏိပူရနဲ့ ထိစပ်တယ်ပေါ့ဗျာ၊ ချင်းတို့ ရခိုင်တို့ဆိုလည်း ထိစပ်ဧရိယာတွေ ရှိတယ်ပေါ့ဗျာ။ နံပါတ် ၁ ကတော့ နယ်စပ်ကုန်သွယ်ရေးတွေမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ဘာတွေနဲ့ ကသောင်းကနင်းနိုင်တဲ့ ပုံစံမျိုးပေါ့နော်၊ နောက်တခုက အဓိက အကျိုးစီးပွားပေါ့ဗျာ။ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည်ပတ်တဲ့ လုပ်ငန်းစဉ်တွေ၊ ချင်းမှာဆိုရင် ရိဒ်ခေါဒါလိုနေရာမျိုးမှာ ပြန်ပြီးတော့ သူတို့လုပ်နိုင်ဖို့တွေ အများကြီးရှိလာနိုင်တယ်ပေါ့နော်။ အခုလည်း ကြိုးလည်း ကြိုးပမ်းနေတဲ့ အခြေအနေ မြင်ရတယ်ပေါ့၊ သူ့အတွက်မဟာဗျူဟာကျတဲ့လမ်းမတွေ၊ ကုန်သွယ်ရေးဂိတ်တွေ၊ တမူးလိုမြို့တွေမှာ ပြန်ပြီးတော့ အားကောင်းလာရေးတော့ သူ အများကြီးလုပ်လာနိုင်တယ်ပေါ့၊ လုပ်တဲ့နေရာမှာ နိုင်ငံကြီးတွေကနေပြီးတော့မှ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို နိုင်ငံရေးတွေနဲ့ ပေါင်းပြီးတော့မှ ဖိအားပေးတဲ့ပုံစံတွေတော့ ရှိလာနိုင်တယ်ပေါ့လေ၊ နိုင်ငံကြီးတွေနဲ့ ထိစပ်တဲ့ဧရိယာတွေမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ လူထုတွေကိုယ်တိုင်ကအစ ဒီအခင်းအကျင်းတွေကို ကြိုတွက်ဆထားပြီးမှ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ အခင်းအကျင်းတွေကို ပြင်ဆင်ထားဖို့နဲ့ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့တော့ လိုမယ်လို့ မြင်ပါတယ်”

အိန္ဒိယနိုင်ငံရဲ့ အခြေခံနိုင်ငံခြားရေးမူဝါဒဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ဦးစားပေးခဲ့တာဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်အစိုးရတက်တက် သူတို့ရဲ့ မဟာဗျူဟာမြောက်စီမံကိန်းနဲ့ စီးပွားရေး အကျိုးအမြတ်အပေါ်မှာပဲ ဗဟိုပြုတွက်ချက်တာမျိုး ဖြစ်ပါတယ်။

အိန္ဒိယသတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ မြန်မာနိုင်ငံကို အိန္ဒိယက အရှေ့တောင်အာရှရဲ့ အဓိကတံခါးပေါက်အဖြစ် အမြင်ရှိထားတာကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး စစ်အာဏာရှင် ထွက်ပေါက်ရှာရန် အားထုတ်နေ | YGN Daily