
ရမ်းဗြဲကို စစ်အုပ်စုက လေကြောင်း၊ ရေကြောင်း ပူးပေါင်း၍ အပြင်းအထန် ထိုးစစ်ဆင် - BUR.MIZZIMA.COM
AI Summary
စစ်အုပ်စုသည် ဇွန်လ ၅ ရက်နေ့ ညနေပိုင်းမှစတင်၍ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းသို့ လေကြောင်းနှင့် ရေကြောင်း ပူးပေါင်း၍ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ယင်းတိုက်ခိုက်မှုများတွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပါဝင်ပြီး ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။ စစ်အုပ်စုသည် ၎င်းတို့ လက်လွှတ်လိုက်ရသည့် ရမ်းဗြဲအပါအဝင် မြို့နယ်များကို ပြန်လည်သိမ်းပိုက်ရန် ကမ်းတက်စစ်ဆင်ရေးများ ဆင်နွှဲရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။ လက်ရှိတွင် ရမ်းဗြဲမြို့အနီးဝန်းကျင်နှင့် ကျောက်နီမော်ကျေးရွာအပြင်ဘက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဒေသခံထိခိုက်မှုမရှိသေးကြောင်း သိရသည်။ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်အုပ်စုက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင်လည်း အင်အားအလုံးအရင်းဖြင့် ခုခံနေသည်။ AA သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် ဒေသပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
ဓာတ်ပုံ – ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော AA တပ်ဖွဲ့ဝင်များကို ၂၀၂၅ ခု၊ ဩဂုတ်လတွင်
ပေါ်ထွန်း
မဇ္ဈိမ။ ။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းသို့ စစ်အုပ်စုက ယမန်နေ့ (ဇွန်လ ၅ ရက်) ညနေပိုင်းမှစတင်ကာ လေကြောင်းနှင့် ရေကြောင်း ပူးပေါင်း၍ အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
“ရမ်းဗြဲဘက်ကို ရေကြောင်း၊ လေကြောင်း ညှပ်ပြီး ပူးပေါင်းစစ်ဆင်ရေး လုပ်တာ ဒါပထမဆုံးအကြိမ်ပဲ။ လက်ရှိလည်း ပစ်ခတ်တိုက်ခိုက်သံတွေ ဆက်တိုက် ကြားနေရတော့ ဒေသခံတွေအကုန် စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြရတယ်” ဟု ရမ်းဗြဲမြို့ခံ အမျိုးသားတဦးက ယနေ့ ဇွန်လ ၆ ရက် နေ့လယ်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။
ယမန်နေ့ ည ၉နာရီကျော်တွင် စစ်အုပ်စုတပ်က တိုက်လေယာဉ် သုံးစီးဖြင့် ရမ်းဗြဲမြို့အနီးဝန်းကျင်ကို တကြိမ်နှင့် ကျောက် နီမော်ကျေးရွာအပြင်ဘက် လယ်ကွင်းပြင်နှင့် တောင်တန်းတို့ကို သုံး ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဒေသခံထိခိုက်မှုမရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် မာန်အောင်နှင့် ကျောက်ဖြူ ပင်လယ်ပြင်ကြားတွင် ရပ်တန့်ထားသည့် စစ်အုပ်စု၏ စစ်သင်္ဘောများကလည်း ဇွန်လ ၄ ရက် ည ၉ နာရီဝန်းကျင်မှစတင်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။
“ဒီရက်ပိုင်းအတွင်း သေနတ်သံတွေ ငြိမ်နေခဲ့တာ။ မနေ့က ညနေကမှ စပြီးတော့ အရင်ကြားဖူးနေကျ လက်နက်ကြီးသံတွေနဲ့မတူတဲ့ အင်အားအပြင်းစား လက်နက်ကြီးပစ်သံတွေ ဆက်တိုက် ကြားရတာ” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတဦးက ပြောသည်။
စစ်အုပ်စုသည် ၎င်းတို့ လက်လွှတ်လိုက်ရသည့် ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ကမ်းတက်စစ်ဆင်ရေးများ ဆင်နွှဲရန် ပြင်ဆင်နေခြင်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
ထို့ပြင် စစ်အုပ်စုထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ်များတွင်လည်း ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းသုံးကာ ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။ ထို့ပြင် အာရက္ခတပ်တော် (AA) ထံတွင် လက်နက်ချအလင်းဝင်ခြင်းနှင့် စစ်မြေပြင်မှ ထွက်ပြေးစွန့်ခွာခြင်းများလည်း ရှိနေကြောင်း ၎င်းကပြောသည်။ စစ်အုပ်စုတပ်အတွင်းမှ ထွက်ပြေးသူများကို ပြန်လည်ဖမ်းမိပါက မျက်နှာတွင် တပ်ပြေးဟု တက်တူးထိုးမှုများရှိကြောင်း AA ထံ အလင်းဝင်လာသူများ၏ ပြောကြားချက်ကို ပြီးခဲ့သည့် ဧပြီလအတွင်း AA က ထုတ်ပြန်ထားသေးသည်။
လက်ရှိတွင် AA က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၄ ခုအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတရပ်အဖြစ် အကောင်အထည်ဖော်ကာ ဒေသပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကိုပါ လုပ်ဆောင်လျက်ရှိသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး