
AI Summary
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် အိန္ဒိယကုန်သည်များနှင့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်။ ဤဖိတ်ခေါ်မှုကို မေလ ၃၁ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကို ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ လက်ရှိတွင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ပါဝင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု ပျမ်းမျှ ၁.၅ ဘီလီယံခန့်ရှိကာ မြန်မာက ပို့ကုန်ပိုများသည်။ အိန္ဒိယသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၉ ခုဖြင့် ဒေါ်လာ ၇၈၂.၃၈၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်။ အဆိုပါအခမ်းအနားသို့ အာဏာသိမ်းသမ္မတအပါအဝင် နှစ်နိုင်ငံမှ အစိုးရတာဝန်ရှိသူများ၊ သံအမတ်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားနေသည့်မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် အိန္ဒိယကုန်သည်များနှင့် လုပ်ငန်းရှင်များကို အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ မေလ ၃၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ ကျင်းပသည့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် ယခုကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်ဟု စစ်အုပ်စုပိုင်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project)နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway)တို့သည် နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါစီးပွားရေးစင်္ကြံများတစ်လျှောက် အထူးစီးပွားရေးဇုန်များ (SEZs) နှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံ (Logistics Hubs) များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိနေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအလားအလာများအတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့သို့ ဆက်သွယ်ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်း (Land Bridge) သဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် "Win-Win" အခြေအနေကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတ၊ တည်နေရာအချက်အချာ၊ လူငယ်လုပ်သားထုတို့ကို အထိရောက်ဆုံးပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် (Value-added) နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်းဖြင့် ပြောဆိုသွားခဲ့သည်။
ကုလားတန်စီမံကိန်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်၊ ပလက်ဝ၊ ယင်းမှတဆင့် ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေအထိ ပါဝင်သည့် ရေကြောင်းပို့ဆောင်ရေးစီမံကိန်းဖြစ်သည်။
လက်ရှိတွင် အဆိုပါစီမံကိန်းပါဝင်နေသည့် ပလက်ဝအပါအဝင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီဖြစ်သည်။
အဆိုပါစီမံကိန်းတည်ရှိရာ မြို့သုံးမြို့ကို AA က သိမ်းပိုက်ထားသည့်ကိစ္စရပ်များကိုမူ အာဏာသိမ်းသမ္မတက အခမ်းအနားတွင် တစ်စုံတရာထည့်သွင်းပြောဆိုသွားခြင်းမရှိသည်ကို စစ်အုပ်စုပိုင်သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် နိုင်ငံရေးအရဖြစ်ပေါ်လာမည့်ပြဿနာများကို စိတ်ပူစရာမရှိသလို လာရောက်ရင်းနှီးမြှုပ်နှံသူများကိုလည်း အာမခံချက်ရှိနိုင်သည့်အရာကိုသာ ပြောခြင်းဖြစ်သည်ဟု ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
အဆိုပါအခမ်းအနားကို အာဏာသိမ်းသမ္မတနှင့်အတူ စစ်အုပ်စုခန့် ပြည်ထောင်စုဝန်ကြီးများ၊ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နာယကနှင့် အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံကုန်သည်များနှင့် စက်မှုအသင်းချုပ် (FICCI) အတွင်းရေးမှူးချုပ် Mr. A,nant Swa,rup Ji ၊ အိန္ဒိယစက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (CII) မှ Senior Advisor Dr. Vikramjit Singh Sahney Ji ၊ ဖိတ်ကြားထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံးတင်ပို့နေသည့် နိုင်ငံဖြစ်သလို မြန်မာနိုင်ငံကို ဆဋ္ဌမမြောက်သွင်းကုန်အများဆုံး တင်သွင်းနေသည့် နိုင်ငံလည်းဖြစ်သည်ဟု သိရသည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ပိုများပြားကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲ၊ ပဲစင်းငုံနှင့် မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနှင့် အထပ်သားတို့ကို အဓိကတင်ပို့နေပြီး မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထုတ်ကုန်များဖြစ်သည့် ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို အဓိကတင်သွင်းနေကြောင်း သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်ဟု သိရသည်။ အိန္ဒိယရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။ ဓာတ်ပုံ - MRTV
ရေးသားသူ - နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားနေသည့်မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် အိန္ဒိယကုန်သည်များနှင့် လုပ်ငန်းရှင်များကို အာဏာသိမ်းသမ္မတဖိတ်ခေါ် (ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းကြီးတို့သည် အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့်သော့ချက်များဖြစ်ဟုဆို) မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁/၂ဝ၂၆