
ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းနည်းပါးပြီး ဆေးဝါးနှင့် စက်ပစ္စည်းလိုအပ်ချက် မြင့်မား
AI Summary
ရခိုင်ဒေသရှိ AA ထိန်းချုပ်နယ်မြေများတွင် ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ ဆေးဝါးနှင့် စက်ပစ္စည်းများ အလွန်အမင်း နည်းပါးနေသောကြောင့် ဒေသခံပြည်သူများသည် ဆေးကုသမှုခံယူရန် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ စစ်ရေးပဋိပက္ခများကြောင့် ကျွမ်းကျင်ဝန်ထမ်းများ နေရပ်စွန့်ခွာခြင်း၊ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်ခံရခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းတို့သည် အဓိကအကြောင်းရင်းများ ဖြစ်သည်။ ထို့ကြောင့် ရောဂါရှာဖွေကုသရန် စက်ပစ္စည်းမရှိခြင်း၊ လုံလောက်သော ဝန်ဆောင်မှုမရခြင်းတို့ကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး ဆေးမကုနိုင်၍ သေဆုံးသူများပင် ရှိနေသည်။ ရောဂါကြီးများအတွက် အိန္ဒိယသို့ သွားရောက်ကုသရသော်လည်း ခရီးစရိတ်ကြီးမြင့်ခြင်း၊ လမ်းခရီးခက်ခဲခြင်းတို့ကြောင့် အခြေခံလူတန်းစားများအတွက် အသက်ဆုံးရှုံးရသည်အထိ ဖြစ်လာနေသည်။ တစ်ဖက်တွင်မူ AA က အာရက္ခဆေးသိပ္ပံကျောင်းများ ဖွင့်လှစ်ကာ ဝန်ထမ်းအသစ်များ မွေးထုတ်လျက်ရှိသည်။ လက်ရှိတွင် AA ထိန်းချုပ်နယ်မြေအတွင်း ဆရာဝန် ၅၀ ကျော်ရှိပြီး သူနာပြု ၁၂၀ ကိုလည်း သင်တန်းပေးရန် စီစဉ်နေသည်။ သို့သော် စစ်ရေးပဋိပက္ခများကြားမှ ရခိုင်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်သည် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန် အလွန်နည်းပါးတာ၊ ဆေးဝါးနဲ့ စက်ပစ္စည်း လိုအပ်ချက်တွေ မြင့်မားနေတာကြောင့် ဒေသခံတွေဟာ ဆေးကုသမှုခံယူဖို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပေမဲ့ လက်ရှိ ရခိုင်ဒေသမှာ ကျွမ်းကျင်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအင်အား အလွန်နည်းပါးနေတာပါ။
အထူးသဖြင့် စက်ပစ္စည်း လိုအပ်ချက်တွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ အလွန်အမင်း အားနည်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ဒေသခံတယောက်က "AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဆရာဝန် နည်းလွန်းအားကြီးလို့ အင်မတန်မှ အခက်အခဲ ဖြစ်နေကြပါတယ်။ မျက်စိဆရာဝန်ဆိုလည်း တယောက်တည်း၊ ခွဲစိတ်ဆရာဝန်ဆိုလည်း တယောက်တည်းပါ။ ဆေးရုံ ၅ ရက်တက်ရမဲ့ လူနာကို ၃ ရက်လောက်နဲ့ပဲ ဆင်းခိုင်းလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ မျက်လုံးဆေးခန်းပြမယ်ဆိုရင် ဆေးခန်းပြဖို့ ရာချီ Booking တင်ပြီး စောင့်ရပေမဲ့ လူ ၄၀၊ ၅၀ လောက်ပဲ ပြခွင့်ရပါတယ်။ ကျနော်ဆိုရင်လည်း အကျိတ်ဖြစ်တာလေ၊ ဒါပေမဲ့ ရောဂါကိုတောင် စမ်းသပ်မဲ့ စက်ပစ္စည်း မရှိလို့ ဆရာဝန်က အာမ,မခံနိုင်ဘူးလို့ ပြောတာတွေလည်း ရှိပါတယ်။ အခုထိ ကျနော့်မှာ အဲဒီအကျိတ် ရှိနေတုန်းပါ၊ ဒါပေမဲ့ ဘာမှန်းလို့လည်း မသိရသေးပါဘူး။ တခါတလေဆို လုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှု မရလို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိကို ရှိနေတာပါ” လို့ ပြောပါတယ်။
ရခိုင်ဒေသအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ကျွမ်းကျင်ဝန်ထမ်းတွေ နေရပ်စွန့်ခွာတာ၊ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်ခံရတာအပြင် ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်နေတာပါ။
ဒါကြောင့် ရခိုင်ဒေသတွင်း ကျန်းမာရေးကဏ္ဍဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး ဆေးမကုနိုင်တဲ့အတွက် အသက်သေဆုံးတဲ့သူတွေပါ ရှိနေတာပါ။
ရခိုင်ဒေသတွင်းမှာ ကုသဖို့ ခက်ခဲတဲ့ ရောဂါကြီးတွေအတွက် လူနာအများစုဟာ အိန္ဒိယနိုင်ငံကို သွားရောက်ကုသလေ့ ရှိကြပါတယ်။
ဒါပေမဲ့ နယ်စပ်ဖြတ်သန်းခွင့်ယူရတာ ကြန့်ကြာမှုတွေ ရှိနေသလို ခရီးစရိတ် သိန်းရာချီ ကုန်ကျတာတွေ၊ မိုးရာသီ လမ်းခရီး ကြမ်းတမ်းတာတွေကြောင့် အခြေခံ လက်လုပ်လက်စားတွေအတွက် အသက်ဆုံးရှုံးရမဲ့ အနေအထားအထိ ဖြစ်လာနေတာပါ။
နောက်ထပ်ရခိုင်ဒေသခံတယောက်က "အိန္ဒိယဘက်ကို သွားတာက ခရီးစရိတ် တခုတည်းအပြင် တကယ်လည်း အန္တရာယ်များတဲ့ လမ်းကြောင်းတခု ဖြစ်နေတယ်။ ဥပမာ လှေတွေနဲ့ အဆင့်ဆင့် သွားရတာတို့၊ ၆ နာရီ၊ ၇ နာရီလောက် ခက်ခဲတဲ့ လမ်းကြောင်းထဲကနေ ကားတဆင့် ထပ်စီးရတာတို့ပေါ့နော်။ လူတယောက်ကို ဆေးကုဖို့ဆိုရင် အနည်းဆုံး ကျပ်သိန်း ၅၀ အထက်ကို မကုန်ဘဲနဲ့တော့ အိန္ဒိယကို ဆေးသွားကုလို့ရနိုင်တဲ့ အနေအထား မရှိဘူးဗျ။ အရပ်ထဲမှာပဲ ဆေးရုံ၊ ဆေးခန်းကို ခဏခဏ သွားလိုက် ကုလိုက်၊ မပျောက်ရင်လည်း ဒီအတိုင်းပဲ လည်ပတ်နေရတဲ့ အနေအထား ဖြစ်တယ်လေ။ ပိုက်ဆံမရှိတဲ့သူကတော့ သေဖို့ အဆင်သင့် လုပ်ထားရတယ်ဆိုတဲ့ ပုံစံမျိုး၊ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို စောင့်နေရတယ်ဆိုတဲ့ အနေအထားတွေ ရှိလာတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒါပေမဲ့ တဖက်မှာတော့ အာရက္ခတပ်တော်အနေနဲ့ အာရက္ခဆေးသိပ္ပံကျောင်းတွေ ဖွင့်လှစ်ပြီး ဝန်ထမ်းအသစ်တွေ မွေးထုတ်နေပါတယ်။
လက်ရှိမှာ AA ထိန်းချုပ်နယ်မြေအတွင်း ဆရာဝန် ၅၀ ကျော်ရှိနေပြီး ဒီနှစ်ထဲမှာ သူနာပြု အယောက် ၁၂၀ ကို သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
စစ်ရေးပဋိပက္ခတွေကြားက ရခိုင်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ဟာ လက်ရှိအချိန်ထိ အကြီးမားဆုံး စိန်ခေါ်မှုတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ကေခိုင်