မောင်တောတွင် AA ဖမ်းဆီးထားသည့် ဒိုင်းနက်လူမျိုး ၁၀၀ ကျော် ပြန်လွှတ်ပေးရန် တောင်းဆို

မောင်တောတွင် AA ဖမ်းဆီးထားသည့် ဒိုင်းနက်လူမျိုး ၁၀၀ ကျော် ပြန်လွှတ်ပေးရန် တောင်းဆို

DVB
SourceDVB

AI Summary

AA စစ်မှုထမ်းစုဆောင်းစဉ် မောင်တော၊ သင်္ဘောလှရွာတွင် တင်းမာမှုဖြစ်၊ ရွာသား ၁၀၀ ကျော် ဖမ်းဆီးခံရ။ ဒိုင်းနက်အရပ်ဘက်အဖွဲ့များ ပြန်လွှတ်ရန်၊ လူသားချင်းစာနာမှု အကူအညီပေးရန် တောင်းဆို။ AA ပြောခွင့်ရသူ ငြင်းဆို၊ ဒေသခံများ စစ်သင်တန်း လိုအပ်ဟုဆို။

Photo: CJ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ အာရက္ခတပ်တော် (AA) က စစ်မှုထမ်း စုဆောင်းနေချိန်မှာ ကျေးရွာသားတွေနဲ့ AA တပ်ဖွဲ့ဝင်တွေအကြား တင်းမာမှု ဖြစ်ပြီး ဖမ်းဆီးခဲ့ရတဲ့ ကျေးရွာသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ ဒိုင်းနက်(သက္ကမ)အရပ်ဘက်အဖွဲ့အစည်း ၁၂ ခုက မေ ၂၇ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မေ ၂၃ ရက်က မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ အာရက္ခတပ်တော်က ပြည်သူ့စစ်မှုထမ်း (NDEP) အတွက် လူသစ်စုဆောင်းမှု ပြုလုပ်နေကြစဉ်မှာ ဒေသခံတွေနဲ့ AA တပ်ဖွဲ့ဝင်တွေအကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။

သေနတ်ပစ်ဖောက်တာနဲ့ ရိုက်နှက်တာတွေအထိ ဖြစ်ပွားခဲ့ကြတာကြောင့် သင်္ဘောလှကျေးရွာက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက် မှာ ပြောထားပါတယ်။

အဲဒီနောက် မေ ၂၄ ရက်မှာ သင်္ဘောလှကျေးရွာက အမျိုးသားနဲ့ အမျိုးသမီး ၁၀၀ ကျော်ဟာ အာရက္ခတပ်တော်ထံမှာ ဖမ်းဆီးခဲ့ပြီး အခုလို လုပ်ရပ်တွေဟာ အာရက္ခတပ်တော်နဲ့ ဒိုင်းနက် (Chakma) လူထုကြား နှစ်ရှည်လများစွာ တည်ဆောက်ခဲ့ကြတဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ လူမှု သဟဇာတ ဖြစ်မှုတွေကို ထိခိုက်ပျက်ပြားစေမဲ့ အခြေအနေမျိုး ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဖော်ပြ ထားပါတယ်။

ဒိုင်းနက်လူမျိုးတွေဟာ ရခိုင်ပြည်နယ်အတွင်း မျိုးဆက်ပေါင်းများစွာ ငြိမ်းချမ်းစွာ နေထိုင်လာကြပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့ လူနည်းစုတွေ ဖြစ်ကြသလို သမိုင်းတလျှောက်မှာ ဒေသတွင်းရှိ တခြားသော တိုင်းရင်းသားညီနောင်များ အားလုံးနဲ့အတူ အပြန်အလှန်လေးစားမှု၊ တည်ငြိမ်မှုနဲ့ အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး တန်ဖိုးတွေကို အစဉ်တစိုက် ထိန်းသိမ်း စောင့်ရှောက် လာခဲ့ ကြတာလို့လည်း ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

လက်ရှိ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဖမ်းဆီးမှုတွေကြောင့် သင်္ဘောလှကျေးရွာသားတွေမှာ လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲတွေ၊ သွားလာခွင့်နဲ့ အခြေခံလိုအပ်ချက် ကန့်သတ်ခံရမှုတွေ၊ စိုးရိမ်ပူပန်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့လည်း ပြောထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သင်္ဘောလှကျေးရွာသား အားလုံးကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့၊ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပြီး လူသားဆန်စွာ ဆက်ဆံပေးဖို့၊ ထိခိုက်နစ်နာခဲ့တဲ့ ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ပေးကာ ပျက်စီးဆုံးသွားတဲ့ အရပ်သားပိုင် ပစ္စည်းတွေကို ထိုက်သင့်တဲ့ လျော်ကြေးတွေ ပေးအပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လက်ရှိ အခက်အခဲကြုံနေရတဲ့ မိသားစုတွေကို ကူညီနိုင်ရေးအတွက် အစားအသောက်၊ ဆေးဝါးနဲ့ တခြား လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ ရရှိစေရေးအတွက် ဆောင်ရွက် ပေးဖို့ လိုအပ်သလို လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေကို အခုဖြစ်စဉ်အပေါ် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးခွင့်ပြုဖို့နဲ့ တရားမျှတမှု၊ လူ့အခွင့်အရေး စံနှုန်းတွေအတိုင်း တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရေးကိုလည်း ဆောက်ရွက်ပေးဖို့ကို ပြောထားပါတယ်။

ရခိုင်ပြည်ရှိ လူနည်းစုတွေအပေါ် အရေးပေါ်ဥပဒေ ပြဋ္ဌာန်းချက်ကို ကျော်လွန်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ လုပ်အားပေးခိုင်းတာ၊ အကြမ်းဖက်ခြိမ်းခြောက် အနိုင်ကျင့်တာတွေကို ပြန်လည် စိစစ်ဆောင်ရွက်ပေးဖို့နဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ အလားတူ ဖြစ်ရပ်တွေ နောက်ထပ်မဖြစ်ပွားစေဖို့ ULA/AA ဘက်က ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

ဒိုင်းနက်(သက္ကမ) လူမျိုးတွေဟာ ရခိုင်ပြည်ရဲ့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြတာဖြစ်သလို ရခိုင်ပြည်ရှိနေသရွေ့ ဒိုင်းနက်လူမျိုးတွေ ရှိနေမှာဖြစ်တာကြောင့် လူမှုသဟဇာတကျတဲ့ လူအသိုင်းအဝန်းကိုသာ ရှေ့ရှုပြီး တည်ဆောက်သင့်တယ်လို့ ဒိုင်းနက် လူငယ်အမျိုးသား တယောက်က ပြောပါတယ်။

“ကျနော်တို့ ဒိုင်းနက်(သက္ကမ)ဆိုတာ ရခိုင်ပြည်ရဲ့ ဌာနေလူနည်းစုတွေ ဖြစ်တယ်။ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြတာ။ အခုဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို အေးချမ်းစွာ ဖြေရှင်းစေချင်တာ။ အဓိက ရခိုင်ပြည်မှာ မှီတင်းနေထိုင်ကြတဲ့ လူအသိုင်းအဝန်းတွေ ကြား လူမှုသဟဇာတကျတဲ့ လူမှုအသိုင်းအဝန်းကို ရှေ့ရှုပြီး တည်ဆောက်စေချင်တယ်။”

ဒိုင်းနက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ မြေပြင်ပကတိ အခြေအနေတွေနဲ့ ကွဲလွဲမှုတွေရှိနေပြီး ဖြစ်ချင်တာကို လုပ်ကြံစွပ်စွဲနေခြင်းသာ ဖြစ်ကြတယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း မီဒီယာတွေကို ပြောကြားထားပါတယ်။

လက်ရှိအခင်းဖြစ်ပွားခဲ့တဲ့ သင်္ဘောလှကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာဖြစ်ပြီး မွတ်စလင် လက်နက်ကိုင်တပ် (ARSA) အဖွဲ့ရဲ့ အန္တရာယ်တွေ ရှိနေတာကြောင့် အရွယ်ရောက်ပြီးသူတိုင်း စစ်သင်တန်း မဖြစ်မနေ တက်ထားသင့်တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အသက် ၁၈ နှစ်ကနေ ၄၅ ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား အမျိုးသမီးတွေကို အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းသင်တန်းတွေ ပေးနေတာ လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မောင်တောတွင် AA ဖမ်းဆီးထားသည့် ဒိုင်းနက်လူမျိုး ၁၀၀ ကျော် ပြန်လွှတ်ပေးရန် တောင်းဆို | YGN Daily