
မြန်မာစစ်အာဏာရှင်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဆွေးနွေး
AI Summary
မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်သည် ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် နယူးဒေလီ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ မြေရှားသတ္တုကိစ္စရပ်များအပြင် ဖမ်းဆီးခံနေရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အရေးကိုပါ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံကို ၎င်း၏ 'အိမ်နီးချင်း ဦးစားပေးမူဝါဒ' နှင့် 'အရှေ့မျှော်မူဝါဒ' များအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူထားပြီး ဆက်ဆံရေးဖြတ်တောက်ခြင်းသည် အဖြေမဟုတ်ဟု ယုံကြည်သောကြောင့် ဤတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေးစသည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် ဒုက္ခသည်အရေးကိုလည်း ဆွေးနွေးခဲ့သည်။ ဝန်ကြီးချုပ်မိုဒီက နယ်စပ်တလျှောက် စစ်ဆင်ရေးများကြောင့် အိန္ဒိယဘက်ခြမ်းရှိ အရပ်သားများ ထိခိုက်မှုမရှိစေရန် တိုက်တွန်းခဲ့ပြီး မြန်မာစစ်အာဏာရှင်ကလည်း မြန်မာ့နယ်မြေကို အိန္ဒိယလုံခြုံရေး ထိခိုက်အောင် အသုံးမပြုရန် ကတိပြုခဲ့သည်။ ထို့အပြင် မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများကို တိုးမြှင့်ပေးမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ စစ်အာဏာရှင်၏ ခရီးစဉ်ကို ကန့်ကွက်ခဲ့သည်။

မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ တို့ တွေ့ဆုံရာမှာ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ မြေရှားသတ္တုအရေးကိစ္စတွေအပြင် ဖမ်းဆီးအကျဉ်းချခံနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယအစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ အလည်အပတ်ခရီးရောက်နေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဇွန် ၁ ရက်က နယူးဒေလီမြို့မှာ လက်ခံတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အကျိုးရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတခု ဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်၊ ဒီခရီးစဉ်ကို မြတ်စွာဘုရားရှင်ရဲ့ ကောင်းချီးမင်္ဂလာတွေခံယူရင်း ဗုဒ္ဓဂါယာကနေ စတင်ခဲ့တယ်ဆိုတဲ့ အချက်ကလည်း ထပ်တူဝမ်းမြောက်စရာ ဖြစ်တယ်၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကဏ္ဍစုံကို ပြန်လည်သုံးသပ်ခဲ့ကြတယ်၊ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ ‘အိမ်နီးချင်း ဦးစားပေးမူဝါဒ’၊ ‘အရှေ့မျှော်မူဝါဒ’ နဲ့ အင်ဒို-ပစိဖိတ် မူဝါဒတွေအတွက် အလွန်အရေးကြီးပါတယ်လို့ မိုဒီက ပြောပါတယ်။
ကုန်သွယ်ရေး၊ ရှားပါးသတ္တု၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အမွေအနှစ် ပြန်လည်ထိန်းသိမ်းရေး၊ စွမ်းဆောင်ရည်မြှင့်ရေး၊ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးနဲ့ တခြားကဏ္ဍတွေမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် သီရိဗီကရမ်မစ်ဆရီက မြန်မာစစ်အာဏာရှင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဌာနမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သီရိ ဗီကရမ် မစ်ဆရီက “ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို မြန်မာသမ္မတနဲ့ ဆွေးနွေးခဲ့တယ်လို့ ကျနော် ပြောပါရစေ။ ဒီဆွေးနွေးမှုဟာ မြန်မာနိုင်ငံမှာ ကာလအတန်ကြာကတည်းက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေအောက်မှာ အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်”လို့ သတင်းထောက်တယောက်ရဲ့ အမေးကို ဖြေကြားပါတယ်။
ဒါပေမဲ့ နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အသေးစိတ် ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာ့ပြည်တွင်းနိုင်ငံရေး စီစဉ်မှုတွေအပေါ် မှတ်ချက်ပြုဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတနိုင်ငံအနေနဲ့ အိန္ဒိယအတွက် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းမှုဟာ အရေးကြီးပြီး မဖြစ်မနေ လုပ်ဆောင်ရမဲ့အရာ ဖြစ်တယ်ဆိုတဲ့ မူဝါဒအပေါ်မှာပဲ အမြဲတမ်း အခြေခံဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ပြီးတော့ အဖြေဟာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်တာ လုံးဝမဟုတ်ပါဘူးလို့ နိုင်ငံခြားရေးအတွင်းဝန် သီရိ ဗီကရမ် မစ်ဆရီက ပြောပါတယ်။
“သမိုင်းက သက်သေပြခဲ့တာကတော့ ဆက်ဆံရေး ဖြတ်တောက်လိုက်တာဟာ ထိတွေ့ဆက်ဆံတာထက် ပိုကောင်းတဲ့ ရလဒ်မျိုး မပေးနိုင်ပါဘူး၊ ပြီးတော့ ကျနော်တို့ စိတ်ဝင်စားတာက ဒီမိုကရေစီအပြောင်းအလဲ ဆိုရင်တောင် အဲဒီအပြောင်းအလဲကို သေချာပေါက် ဖြစ်မလာစေပါဘူး။ တဖက်မှာလည်း ဆက်ဆံရေး ဖြတ်တောက်လိုက်တာဟာ လစ်ဟာမှုကိုပဲ ဖြစ်စေပြီး၊ အဲဒီလစ်ဟာမှုကို တခြားသူတွေက ဝင်ရောက်ဖြည့်ဆည်းသွားရင် ကျနော်တို့ကို ထိခိုက်စေပါလိမ့်မယ်။ အဲဒီတခြားသူတွေဟာ ဒီမိုကရေစီကို စိတ်မဝင်စားဘူး ဆိုတာ ကျနော် ခင်ဗျားတို့ကို အာမခံရဲပါတယ်။”
မြန်မာစစ်အာဏာရှင်နဲ့ တွေ့ဆုံရာမှာ နယ်စပ်တလျှောက် ဒုက္ခသည်တွေအရေး၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကိစ္စရပ်တွေကို စိုးရိမ်ပူပန်ကြောင်း ဝန်ကြီးချုပ် မိုဒီက ဆွေးနွေးပြောကြားခဲ့တယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နယ်စပ်အနီး စစ်ဆင်ရေးတွေဟာ အိန္ဒိယဘက်ခြမ်းမှာ နေထိုင်တဲ့ အရပ်သားတွေကို ထိခိုက်မှုမရှိစေရေး အာမခံပေးဖို့ မြန်မာအာဏာရှင်ကို ဝန်ကြီးချုပ် မိုဒီက တိုက်တွန်းခဲ့ကြောင်းလည်း မစ်ဆရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဝန်ကြီးချုပ်က ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေအနေနဲ့ အထူးဂရုပြုသင့်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် အိန္ဒိယဘက်ခြမ်းမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှု မရှိစေမဲ့ နည်းလမ်းမျိုးနဲ့ ဒီစစ်ဆင်ရေးကို လုပ်ဆောင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။”
မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်လို့ ရှုပ်ထွေးပေမဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေ ရှိထားပြီးဖြစ်တယ်၊ ဘယ်လို ပြန်လည်စေလွှတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံလုံးက အာဏာပိုင်တွေ အချင်းချင်း ဆက်သွယ်ဆောင်ရွက်နေကြတယ်လို့ အတွင်းဝန် မစ်ဆရီက ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဘက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ မြန်မာနယ်မြေကို သုံးပြီး အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေဖို့ လုပ်ဆောင်တာတွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ကတိပေး ပြောကြားခဲ့တယ်လို့ နိုင်ငံခြာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် မေလက စတင်ခဲ့တဲ့ ရူပီး-ကျပ် ငွေပေးချေမှုစနစ် အပါအဝင် ၂ နိုင်ငံကုန်သွယ်မှုကို ပိုမို လွယ်ကူချောမွေ့စေရေး တိုးမြှင့်ဆောင်ရွက်သွားဖို့၊ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍလို အပြန်အလှန် အကျိုးဖြစ်ထွန်းတဲ့ နယ်ပယ်တွေမှာ ပိုမိုနီးကပ်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေလုပ်ဆောင်ဖို့၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့တို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်ကစပြီး မြန်မာကျောင်းသားတွေအတွက်ပေးနေတဲ့ မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုတွေကို ၃၆ ခုပေးနေရာကနေ ပညာသင်ဆု ၁၀၀ အထိ တိုးမြှင့် ပေးမယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီအပြင် သမ္မတ ရှရီမတီ ဒရောပါတီ မာမူ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှရီ အာဂျစ်ဒိုဗယ်တို့နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ သဝဏ်လွှာပေးပို့ထားပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတလို့ သုံးနှုန်းဖော်ပြခဲ့တဲ့အပေါ် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) အနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ထားပါတယ်။