ကျောက်ဖြူတွင် စစ်ဘေးရှောင် ၅၀,၀၀၀ နီးပါးအထိ တိုးလာ၍ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ - BUR.MIZZIMA.COM
society||4 MIN READ

ကျောက်ဖြူတွင် စစ်ဘေးရှောင် ၅၀,၀၀၀ နီးပါးအထိ တိုးလာ၍ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ - BUR.MIZZIMA.COM

Back to News

AI Summary

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မေလအစောပိုင်းအထိ နေရပ်စွန့်ခွာရသည့် စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ နီးပါးအထိ မြင့်တက်လာသည်။ အာရက္ခတပ်တော်နှင့် စစ်အုပ်စုတို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အရပ်သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိသည်။ ပရဟိတအဖွဲ့အစည်းများက ကူညီပေးနေသော်လည်း စစ်ဘေးရှောင်ဦးရေ အဆမတန် များပြားနေသဖြင့် အကူအညီများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအတွက် အကူအညီများ အရေးတကြီး လိုအပ်နေဆဲဖြစ်သည်။

ပေါ်ထွန်း (ဇွန် – ၁၁)

မဇ္စျိမ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ဒေသခံစစ်ဘေးရှောင်ဦးရေသည် ယခုနှစ် မေလအစောပိုင်းအထိ ၅၀,၀၀၀ နီးပါးအထိ ရှိလာကြောင်း ဇင်ချောင်းလူငယ်ပရဟိတအသင်း၏ မှတ်တမ်းများအရ သိရသည်။

​လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ နေ့စဉ်နှင့်အမျှ ဆက်တိုက်မြင့်တက်နေသဖြင့် ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ ၊ သောက်သုံးရေနှင့် အရေးပေါ်ဆေးဝါးများ ပြတ်လပ်နေပြီး အကူအညီများ အရေးတကြီး လိုအပ်နေသည်။

ဇွန်လပထမအပတ်အတွင်း တောင်မော်ဦးရေတပ်စခန်း တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းနှင့် ရေတပ်နေဗီများမှ လက်နက်ကြီးများဖြင့် အလွန်အကျွံ ပစ်ခတ်နေခြင်းတို့ကြောင့် ဒေသခံထောင်နှင့်ချီ၍ ထပ်မံအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

“လေယာဉ်နဲ့ ဗုံးကြဲတဲ့ကြားထဲကပဲ ရွာသားတွေကို အသက်လုပြီး ရွှေ့ပေးခဲ့ရတာပါ။ သေဆုံးတာတွေ မရှိရအောင်လို့ ကိုယ့်အသက်ကို ပဓာနမထားဘဲ အသက်လုပြီး ဘေးလွတ်ရာကို အတင်းရွှေ့ပြောင်းပေးခဲ့ရတာပါ”ဟု ​မြေပြင်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတဦးက မဇ္စျိမသို့ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် မေလအတွင်း တိုက်ပွဲပြင်းထန်နေချိန် တိုက်ပွဲနှင့် နီးကပ်နေသော ကျေးရွာ ၁၃ ရွာမှ လူပေါင်း ၃,၀၀၀ ခန့်ကို ဇင်ချောင်းလူငယ်ပရဟိတအသင်းနှင့် Arakan Responders for Emergency (ARE) တို့ ပူးပေါင်းကာ နေရာရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ဇွန်လ ၂ ရက်နေ့တွင် ARE က ထုတ်ပြန်ထားသည်။

လတ်တလောတွင် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အခြေခံအမိုးအကာ လိုအပ်ချက်များကို ဇင်ချောင်းလူငယ်ပရဟိတအသင်း၊ ARE အဖွဲ့နှင့် အလှူရှင်များ ပူးပေါင်းထောက်ပံ့ပေးနေသော်လည်း စစ်ဘေးရှောင်ဦးရေမှာ အဆမတန် များပြားလှသဖြင့် ကူညီမှုအပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

​“လက်ရှိ စစ်ဘေးရှောင်စခန်းတွေကိုရောက်လာတဲ့ လူဦးရေက နေ့တိုင်းလိုလို တိုးပွားနေပါတယ်။ အခုဆိုရင် တဲဆောင်တွေမှာ နေရာမဆန့်တော့တဲ့အထိ ဖြစ်နေပါပြီ။ ဒါကြောင့် စစ်ဘေးရှောင်တွေ ခိုလှုံနိုင်ဖို့အတွက် ယာယီအမိုးအကာတွေနဲ့ နေ့စဉ် စားသောက်နိုင်ဖို့ စားနပ်ရိက္ခာတွေကို အလှူရှင်တွေအနေနဲ့ အရေးပေါ် လာရောက်ကူညီ ပံ့ပိုးပေးကြပါဦးလို့ အနူး အညွတ် မေတ္တာရပ်ခံချင်ပါတယ်” ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။

​အလားတူ မြန်မာနိုင်ငံအနှံ့က စစ်ဘေးရှောင်များကို ကူညီနေသည့် Triple-T အဖွဲ့ကလည်း ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၈၀၀ ခန့်ထံ အရေးပေါ်ကူညီစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားပြီး အခက်အခဲကြုံတွေ့နေရသူများကို ဆက်လက်ပံ့ပိုးနိုင်ရန် စေတနာရှင်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထား သည်။

ကျောက်ဖြူမြို့နယ်အတွင်း ယခင်က ဖြစ်ပွားခဲ့သည့် စစ်အုပ်စု၏ အမှတ် (၃၂) ရဲတပ်ရင်းအနီးနှင့် ဓညဝတီရေတပ်အနီးတို့က တိုက်ပွဲများကြောင့် အနီးနားကျေးရွာ အများအပြား နေရပ်စွန့်ခွာခဲ့ရပြီး ဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) က ကျောက်ဖြူမြို့နယ်ရှိ စစ်အုပ်စု၏ ဗျူဟာမြောက် ရေတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ အရှိန်အဟုန်ပြင်းထန်နေကာ စစ်အုပ်စုဘက်ကလည်း စစ်ရေးအရ အရေးနိမ့်မှုများကို အရပ်သားပြည်သူလူထုနှင့် ကျေးရွာများအပေါ် လေကြောင်းနှင့် ရေတပ်လက်နက်ကြီးများသုံး၍ တုံ့ပြန်တိုက်ခိုက်လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated