SCEF ၏ ကနေဒါခရီးစဉ်အပြီး နောက်ထပ် ပြည်ပခရီးစဉ်များ ရှိဦးမည်ဟု ဒေါ်ဇင်မာအောင် ပြောကြား
politics||9 MIN READ

SCEF ၏ ကနေဒါခရီးစဉ်အပြီး နောက်ထပ် ပြည်ပခရီးစဉ်များ ရှိဦးမည်ဟု ဒေါ်ဇင်မာအောင် ပြောကြား

Back to News

AI Summary

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံသို့ စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေးခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ယင်းခရီးစဉ်အတွင်း ကနေဒါအစိုးရအရာရှိများ၊ ပါလီမန်အမတ်များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပညာရှင်များအပြင် အဝေးရောက် မြန်မာဒိုင်အက်စပိုရာများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သည်။ တော်လှန်ရေးအတွက် အဝေးရောက် မြန်မာများ၏ အင်အားသည် အရေးကြီးသောကြောင့် SCEF သည် ၎င်းတို့နှင့် တွေ့ဆုံခြင်းကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်အတွင်း နောက်ထပ် ပြည်ပခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်။ ဆွေးနွေးပွဲများတွင် ကနေဒါနိုင်ငံက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရန် စစ်အုပ်စုကို ကျော်လွန်၍ တိုင်းရင်းသားဒေသများနှင့် NUG တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အသုံးပြုရန်လည်း ဆွေးနွေးခဲ့ကြသည်။ ဤခရီးစဉ်သည် SCEF ၏ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။

ဓာတ်ပုံ – ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် လူထုတွေ့ဆုံပွဲပြုလုပ်နေသည့် မြင်ကွင်းကို SCEF က ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားစဉ်။ (Photo : SCEF)

မောင်ခက်နွေ (ဇွန် – ၁၀)

မဇ္ဈိမ။ ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေဖြင့် ယခုနှစ်အတွင်း နောက်ထပ် ပြည်ပခရီးစဉ်များ သွားရောက်ရန် ရှိနေပြီး အဝေးရောက် မြန်မာဒိုင်အက်စပိုရာများ၏ အင်အားမှာ တော်လှန်ရေးအတွက် အရေးကြီးသဖြင့် ခရီးစဉ်တိုင်းတွင် ၎င်းတို့နှင့် တွေ့ဆုံခြင်းကို အဓိကအစီအစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယမန်နေ့( ဇွန်လ ၉ ရက်)တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။

SCEF ကိုယ်စားလှယ်အဖွဲ့၏ ကနေဒါနိုင်ငံ စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်သည့် ဇွန်လ ၉ ရက်တွင် ရှေ့ဆက်မည့် နိုင်ငံတကာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဆက်သွားမယ့် နိုင်ငံတွေကိုတော့ လောလောဆယ် ပြောလို့ မရသေးပါဘူး။ ကျွန်မတို့ ခရီးစဉ်တွေ ရှိလာရင်တော့ အခုလိုမျိုးပဲ ညှိနှိုင်းပြီး သတင်းထုတ်ပြန်ခွင့်ရတာတွေကို ထုတ်ပြန်သွားဖို့ ရှိပါတယ်။ ဒီနှစ်ထဲမှာလည်း နောက်ထပ် ခရီးစဉ်တွေ ရှိပါဦးမယ်လို့ပဲ ကျွန်မ အကြမ်းဖျင်းပြောနိုင်ပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုသည်။

၎င်းက ဆက်လက်၍ “ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ဒီတော်လှန်ရေး၊ ကိုယ့်မိခင် မြန်မာနိုင်ငံရဲ့ အရေးအတွက်ပေါ့နော်၊ ပူးပေါင်းပါဝင်မှုတွေ သူတို့ရဲ့ အင်အားတွေကလည်းပဲ ဒါ အရေးကြီးတဲ့ ကဏ္ဍကနေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တွေ့ဆုံတာ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောဆိုသည်။

ကနေဒါနိုင်ငံ၏ မြို့တော် အိုတာဝါတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုများအတွင်း SCEF ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်အတွင်းဝန် ဂုဏ်ထူးဆောင် ရော့ဘ် အိုလီဖန့်၊ မြန်မာ့ဒီမိုကရေစီရေး ပါလီမန်မိတ်ဆွေများအဖွဲ့၏ ကိုယ်စားလှယ်များဖြစ်ကြသည့် ပါလီမန်အမတ် ဂါးနက် ဂျီးနီယက် (Garnett Genuis) နှင့် အာဒမ် ချိန်ဘာစ် (Adam Chambers) တို့နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု SCEF က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲများအတွင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်ရေးရာအတွင်းဝန် ရော့ဘ် အိုလီဖန့်က ကနေဒါနိုင်ငံအနေဖြင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် အနာဂတ်တရပ် တည်ဆောက်နိုင်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ အခိုင်အမာရပ်တည်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် ကနေဒါဘက်က အရပ်သားပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးကင်းစွာဖြင့် အပြည့်အဝ ဝင်ရောက်နိုင်ရန် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် အရေးတကြီး လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။

တဖက်တွင်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရန်အတွက် စစ်အုပ်စုကို ကျော်လွန်၍ တိုင်းရင်းသားဒေသများနှင့် NUG တို့အကြား ရှိနှင့်ပြီးသား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အသုံးပြုရန် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကတည်းက မဇ္ဈိမအား သီးသန့်ရှင်းလင်းပြောကြားထားမှုများ ရှိခဲ့သည်။

“ဒီ Humanitarian နဲ့ ပတ်သက်တဲ့ ရရှိသလောက် ပေါ့နော်၊ ရှိထားသလောက် ဒီအကူအညီပေးနိုင်တဲ့ ကိစ္စတွေမှာ ထိရောက်ဆုံးဖြစ်ဖို့ဆိုရင် ကျွန်မတို့တွေ ဆောင်ရွက်နေတဲ့ ဒီ Localization strategy တို့၊ နောက်ပြီးတော့ Humanitarian ဒီ platform တွေ ပေါ့နော်၊ ဒီပြောရရင်တော့ ဒီတိုင်းရင်းသားဒေသတွေမှာလည်း ရှိပြီးသား၊ နောက် NUG မှာလည်း ရှိတယ်၊ ကျွန်မတို့ ပေါင်းစပ်ဆောင်ရွက်နေတဲ့ ယန္တရားတွေကနေ ဘယ်လိုမျိုး ထိထိရောက်ရောက် လုပ်နိုင်မလဲ ဆိုတာတွေကိုတော့ ကျွန်မတို့ ဆွေးနွေးဖြစ်ခဲ့တာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကိုယ်စားလှယ်အဖွဲ့သည် အော့တဝါမြို့ရှိ လူမှုအခြေပြုအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြသည်။

တိုရွန်တိုမြို့တွင်မူ ကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးဟောင်းနှင့် အွန်တေးရီးယိုးပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂုဏ်ထူးဆောင် ဘော့ဘ်ရေးနှင့် တိုရွန်တိုတက္ကသိုလ်၊ မန့်ခ် ကမ္ဘာ့ရေးရာနှင့် ပြည်သူ့မူဝါဒရေးရာကျောင်း (Munk School of Global Affairs and Public Policy) တွင် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ဖက်ဒရယ်စနစ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး တိုရွန်တိုတက္ကသိုလ်ရှိ မြန်မာ့မူဝါဒနှင့် လူထုအသိပညာပေး ဗဟိုဌာနနှင့်လည်း ဝိုင်းဝန်းကဏ္ဍ ဆွေးနွေးပွဲတခု ကျင်းပခဲ့သည်ဟု ဇွန် ၄ ရက်တွင် SCEF က ထုတ်ပြန်သည်။

ထို့အတူ SCEF ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံရောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူ အဝေးရောက်မြန်မာအသိုင်းအဝိုင်းနှင့်လည်း လူထုတွေ့ဆုံပွဲများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ မေလ ၃၀ ရက်တွင် ကနေဒါနိုင်ငံ အရှေ့ပိုင်း တိုရွန်တိုမြို့ရှိ မြန်မာများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး လက်ရှိနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများ၊ SCEF အကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ အသွင်ကူးပြောင်းမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဇွန်လ ၆ ရက်တွင်မူ ကနေဒါနိုင်ငံ အနောက်ပိုင်း ဗန်ကူးဗားမြို့တွင် မြန်မာမိသားစုများနှင့် နောက်ဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို ကျင်းပခဲ့ပြီး SCEF ၏ လုပ်ငန်းစဉ်များ၊ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ၊ NUG ၏ ဆောင်ရွက်ချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုကဲ့သို့ စုစည်းမှုကို ကြိုဆိုကြကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲပြားမှုများရှိသော်လည်း စုစည်းညီညွတ်ရန် ကြိုးပမ်းမှုကို ပြသနိုင်ခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ဇွန်လ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံတကာဆက်ဆံရေးကို SCEF အနေဖြင့် အဓိကကျသည့် မဟာဗျူဟာဧရိယာတခုအနေဖြင့် ဆောင်ရွက်သွားရန်ရှိပြီး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် လွှတ်တော်များစသည့် ကဏ္ဍစုံနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့(ဇွန် ၉)တွင် ၎င်းထံက သိရသည်။

ယခု ကနေဒါခရီးစဉ်သို့ သွားရောက်ခဲ့သည့် SCEF ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှူးအဖွဲ့ဝင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးရာအဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်နှင့် NUG သမ္မတရုံးအကြံပေး ဦးကျော်ဇောတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် KIO/KIA၊ KNU၊ CNF၊ KNPPနှင့် NUG၊ CRPHတို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEFကို နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်နှင့် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် ပြည်နယ်/ယူနစ်ကိုယ်စားပြု၊ ပြည်သူကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် သုံးရပ်ဖြင့် စတင် ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့အသီးသီးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် SCEF တွင် တခြားပြည်နယ်/ဖက်ဒရယ်ယူနစ်များ ပိုမိုပါဝင်လာရေး အညာဒေသကိုယ်စားပြုအဖွဲ့များနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးခြင်းများလည်း ရှိခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
SCEF ၏ ကနေဒါခရီးစဉ်အပြီး နောက်ထပ် ပြည်ပခရီးစဉ်များ ရှိဦးမည်ဟု ဒေါ်ဇင်မာအောင် ပြောကြား | YGN Daily