
လေကြောင်းတိုက်ခိုက်မှုများအနက် အင်တာနက်ဖြတ်ခံရသည့်ဒေသက ပြည်သူများ သေဆုံးမှုများ
AI Summary
မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၉၆.၈၇% သည် အင်တာနက်ဖြတ်တောက်ခံရသော နေရာများတွင် ဖြစ်ပွားခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်မှု ၄၂၀ ကျော်ရှိခဲ့ပြီး၊ မြို့နယ် ၁၃၁ ခု ဆက်သွယ်ရေး ပြတ်တောက်ဆဲဖြစ်သည်။ ဤဖြတ်တောက်မှုများသည် သတင်းရပိုင်ခွင့် ဆုံးရှုံးစေပြီး ပြည်သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ကာ အချို့နေရာများတွင် လာဘ်ထိုး၍ အင်တာနက်သုံးရသည်။

မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၆၄၅ ကြိမ်အတွင်း သေဆုံးခဲ့ရသူ အားလုံးရဲ့ ၉၆ ဒသမ ၈၇ ရာခိုင်နှုန်းဟာ အင်တာနက်ဖြတ်တောက်ထားတဲ့ Blackout ဧရိယာတွေ ထဲမှာ ဖြစ်ပွားခဲ့တာလို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က လေ့လာဆန်းစစ် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ဖြတ်တောက်မှု အကြိမ်ရေ ၄၂၀ ထက် မနည်း ရှိခဲ့ပြီး ဒါဟာ သတင်းသိပိုင်ခွင့် ဆုံးရှုံးရုံတင်မကဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ် ကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ MIP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ ၂၀၂၆ ခုနှစ်ထုတ် "Hello from the Other Side" အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ တနိုင်ငံလုံးက မြို့နယ်စုစုပေါင်း ၃၃၀ ထဲမှာ မြို့နယ်ပေါင်း ၁၃၁ မြို့နယ်ဟာ ဆက်သွယ်ရေးပြတ်တောက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစား နေရဆဲ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့နေရာတွေက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်နီပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အဲဒီထဲကမှ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်အာဏာရှင်ထိန်းချုပ်နယ်မြေဆိုပြီး ၂ ပိုင်းပြန်ခွဲထားပြီး စစ်အာဏာရှင်ရဲ့ နယ်မြေအတွင်းမှာတော့ အင်တာနက်လိုင်းကို အရပ်သားတွေက လာဘ်ပေးပြီး သုံးနေရတယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်း ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝန်းမှာ အင်တာနက်ဖြတ်တောက်မှုပေါင်း အနည်းဆုံး ၄၂၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူတွေရဲ့ အခြေခံ လူ့ရပိုင်ခွင့်ဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ သတင်းသိပိုင်ခွင့်ကို အသက်နဲ့ရင်းပြီး တောင်းဆိုနေရတဲ့ အခြေအနေ ဆိုးဝါးနေဆဲ ဖြစ်ကြောင်း MIP အစီရင်ခံစာအရ သိရပါတယ်။