
AI Summary
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ တစ်နာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကာ G-3 သေနတ် ၁၈ လက်အပါအဝင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုသည် မေလ ၁၀ ရက်မှ ဇွန်လ ၂ ရက်အထိ မြစ်ခြေမြို့တွင် စစ်ကောင်စီတပ်များက နေအိမ် ၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူများကို စစ်တရားရုံးတင် အရေးယူသွားမည်ဟု NUG က ဆိုသည်။ NUG အနေဖြင့် ပြည်သူလူထုကို ကာကွယ်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းရန် စစ်မျက်နှာအသီးသီးတွင် ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒီကနေ့ ဇွန် ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၄ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
မြစ်ခြေမြို့ရဲစခန်းကို ဒီနေ့မနက် ၄ နာရီမှာ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က ပခုက္ကူခရိုင်စစ်ဌာန ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၅ နာရီမှာတော့ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တနာရီကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး ၁၄ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စခန်းအတွင်းကနေ G-3 သေနတ် ၁၈ လက်၊ 79 တလက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တလက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ် လေသေနတ် တလက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ G-3 ကျည် ၁,၉၀၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကိုတော့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် အရေးယူသွားမယ်လို့ NUG က အသိပေးထားပါတယ်။
မေ ၁၀ ရက်ကနေ ဇွန် ၂ ရက်အထိ မြစ်ခြေမြို့မှာ စစ်အာဏာရှင်တပ်တွေက ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံ ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ သမိုင်းပေးတာဝန်အရ စစ်အာဏာရှင်တပ်ကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ စစ်မျက်နှာအသီးသီးမှာ ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့လည်း ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
ကေခိုင်