ရမ်းဗြဲနှင့် တောင်ကုတ်ကို စစ်အုပ်စုဗုံးကြဲ ၊ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ - BUR.MIZZIMA.COM
myanmar||3 MIN READ

ရမ်းဗြဲနှင့် တောင်ကုတ်ကို စစ်အုပ်စုဗုံးကြဲ ၊ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ - BUR.MIZZIMA.COM

AI Summary

ရခိုင်ပြည်နယ်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများကို စစ်အုပ်စုတပ်က ဇွန်လ ၁ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းစခန်းကို ညပိုင်းတွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အပြင် ငါးဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများတွင် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ ပါဝင်သည်။ တောင်ကုတ်မြို့နယ်ရှိ ဆားပြင်နှင့် ကင်းတောင်ကျေးရွာများရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကိုလည်း နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ဘေးရှောင်များရှိရာနေရာများကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး၊ လေကြောင်းရန်ကြောင့် စစ်ဘေးရှောင်ပြည်သူများသည် ပိုမိုဘေးလွတ်ကင်းရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်။ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို စစ်အုပ်စုက ဆက်တိုက်ဗုံးကြဲနေခြင်းကြောင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုရန် အာရက္ခတပ်တော် (ULA/AA) က သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကျောက်ဖြူဒေသခံများ။ (ရမ်းဗြဲလူငယ်ပရဟိတအသင်း)

ပေါ်ထွန်း

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့ရှိ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ နေရာများကို စစ်အုပ်စုတပ်က ယမန်နေ့ (ဇွန်လ ၁ ရက်) တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည ၉ နာရီခွဲခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ဂျက်တိုက်လေ ယာဉ် နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချခဲ့၍ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသား နှစ်ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ထံက သိရသည်။

“ညဘက်ကြီး အိပ်နေတဲ့အချိန် ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာကြဲသွားတာ။ ဗုံးက လေးလုံးတောင်ဆိုတော့ စခန်းထဲ တည့်တည့်ကျပြီး အသက်ကြီးပိုင်း အမျိုးသား နှစ်ယောက် ဆုံးသွားတယ်။ ဒဏ်ရာရတဲ့အထဲမှာလည်း သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ပါနေတော့ အခြေအနေက တော်တော်လေး စိုးရိမ်ရတယ်” ဟု ရမ်းဗြဲဒေသခံအမျိုးသားတဦးက မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံ – ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကျောက်ဖြူဒေသခံများ။ (ရမ်းဗြဲလူငယ်ပရဟိတအသင်း)

အလားတူ ယမန်နေ့ နံနက် ၉ နာရီကျော်အချိန်တွင်လည်း တောင်ကုတ်မြို့နယ်ရှိ ဆားပြင်ကျေးရွာနှင့် ကင်းတောင်ကျေးရွာတို့ရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် လေးစီးအပြင် Y-12 လေယာဉ်တို့ကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ဘေးရှောင်တွေရှိတဲ့နေရာကို သိသိကြီးနဲ့ တမင်သက်သက် လိုက်ဗုံးကြဲနေတာ။ အခုလည်း ဒဏ်ရာရတဲ့သူတွေ ထပ်ရှိနေနိုင်သေးပေမယ့် လေယာဉ်တွေ ခဏခဏဝဲပြီး ဆက်တိုက်ဗုံးကြဲနေတော့ မြေပြင်မှာ အတည်ပြုဖို့ ခက်နေတုန်းပဲ။ လူတွေလည်း အထုပ်အပိုးတွေဆွဲပြီး ဘေးလွတ်ရာကို ထပ်ပြေးနေကြရတယ်” ဟု ကူညီဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။

စစ်အုပ်စုတပ်သည် ဇွန်လ ၁ ရက် တစ်နေ့တည်းတွင် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လေကြောင်းရန်ကြောင့် စစ်ဘေးရှောင်ပြည်သူများသည် ပိုမိုဘေးလွတ်ကင်းနိုင်မည့် နေရာများသို့ ထပ်ဆင့် တိမ်းရှောင်နေကြရသည်။

အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်နေ၍ မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြု စောင့်ကြည့်ကြရန် အာရက္ခတပ်တော် (ULA/AA) က သတိပေး နှိုးဆော်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated