
AI Summary
စစ်အာဏာရှင်သမ္မတပြောရေးဆိုခွင့်ရှိသူ လဝကဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုး၏ ခင်ပွန်းဖြစ်သူ လေတပ်မှ ဗိုလ်မှူးကြီး အောင်ကိုမြင့်အား တပ်ချုပ်အသစ်က ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ပေးခဲ့ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ပြောသည်။ ၎င်းအား လေတပ်စခန်းဌာနချုပ်တစ်ခုတွင် ဌာနချုပ်မှူးအဖြစ် နေရာချထားရန် စီစဉ်နေသည်။ ဤရာထူးတိုးမြှင့်မှုသည် ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်စိုးအား သမ္မတပြောရေးဆိုခွင့်အဖြစ် ခန့်အပ်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ ၎င်း၏ဖခင်မှာလည်း စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ထို့ပြင် ဗိုလ်မှူးကြီးအောင်ကိုမြင့်သည် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းရှိ မြို့ရွာများကို ဗုံးကြဲခဲ့သည့် လေကြောင်းစစ်ဆင်ရေးများတွင် တပ်ဖွဲ့မှူးတာဝန်ယူခဲ့ခြင်းကြောင့် ရာထူးတိုးခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ လက်ရှိတွင် ရာထူးအပွင့် မတင်သေးသော်လည်း ဗိုလ်မှူးချုပ်လစာကို စတင်စားသုံးနေပြီဖြစ်သည်။

စစ်အဏာရှင်သမ္မတပြောရေးဆိုခွင့်ရှိသူ လဝကဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးရဲ့ ခင်ပွန်းဖြစ်သူ လေတပ်က ဗိုလ်မှူးကြီး အောင်ကိုမြင့် ကို တပ်ချုပ်အသစ်က ဗိုလ်မှူးချုပ်ရာထူး တိုးပေး လိုက်တယ် လို့.နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။
DSA ၄၁ ကျောင်ဆင်း လေ ၂၈၂၂ က ဗိုလ်မှူးကြီး အောင်ကိုမြင့် ကို ဗိုလ်မှူးချုပ်အဖြစ် ရာထူး တိုးပေးကာ လေတပ်စခန်းဌာနချုပ်တခုမှာ ဌာနချုပ်မှူးအဖြစ် နေရာပေးဖို့ တပ်ချုပ်အသစ်က စီစဥ် နေတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“သမ္မတက ဒေါ်ခိုင်ခိုင်စိုးကို ပြောရေးဆိုခွင့် ခန့်လိုက်တော့ တပ်ချုပ်ကလည်း တပ်ဘက်မှာရှိတဲ့ သူ့ ယောကျ်ားကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး လေတပ်စခန်းဌာနချုပ်တခုမှာ ဌာနချုပ်မှူးအဖြစ် နေရာ ပေးဖို့ စီစဥ်နေတယ်။ အပွင့်ကတော့ မတင်သေးဘူး၊ ဗိုလ်မှူးချုပ်လစာစားရပြီ။”
လဝကဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးရဲ့ ဖခင်ဖြစ်သူမှာ စစ်အာဏာရှင်တပ်ထဲမှာ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူခဲ့သူ တယောက်ဖြစ်တာကြောင့် စစ်အာဏာရှင်သမ္မတက နေရာပေးတာ မထူးဆန်းဘူးလို့ လဝက နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“သူအဖေက စစ်တပ်ထဲမှာ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူဖူးတယ်။ အခု အငြိမ်းစား။ သူ့ယောကျ်ား ကလည်း လေတပ်က ဗိုလ်မှူးကြီးဆိုတော့ သမ္မတ ပြောရေးဆိုခွင့်ကို တပ်နဲ့ နီးစပ်သူပဲ နေရာပေး တာ မထူးဆန်းဘူး။”
ခင်ပွန်းဖြစ်သူ ဗိုလ်မှူးကြီးအောင်ကိုမြင့်မှာလည်း လေကြောင်းစစ်ဆင်ရေးမှာ တပ်ဖွဲ့မှူးတာဝန် ယူထားပြီး မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းက မြို့ရွာတွေကို ဗုံးကြဲတာကြောင့် ရာထူးတိုးလာတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က အိန္ဒိယခရီးစဥ်မတိုင်မီ လဝကဒုဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးကို သမ္မတပြောရေးဆိုခွင့်အဖြစ် ခန့်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အဆင့် တရားဝင်ကြေညာမျိုး မရှိခဲ့ပါဘူး။
သမ္မတပြောရေးဆိုခွင့်ဖြစ်လာတဲ့ ဒေါ်ခိုင်ခိုင်စိုးဟာ ၂၀၂၅ ခုက ပြည်သူ့အင်အားဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ လဝကဒုဝန်ကြီး ဖြစ်လာတာပါ။
လူဦးရေနဲ့ သန်းခေါင်စာရင်းပိုင်မှာ ကျွမ်းကျင်ပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်ကနေ လူဦးရေဗေဒ (Demography) ဘွဲ့ရထားတဲ့ ဒေါ်ခိုင်ခိုင်စိုးကို လဝကဒဝန်ကြီးအဖြစ်ခန့်ထားဖို့ အာဏာရှင်စစ်တပ် ကပဲ အဆိုပြုခဲ့တာဖြစ်ပါတယ်။