လူ ၅၀ ကျော်သေဆုံးခဲ့ရသည့် နမ့်ခမ်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိရောက်စွာအရေးယူရန် တိုက်တွန်း
general||7 MIN READ

လူ ၅၀ ကျော်သေဆုံးခဲ့ရသည့် နမ့်ခမ်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိရောက်စွာအရေးယူရန် တိုက်တွန်း

DVB
SourceDVB
Back to News

AI Summary

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေ ၃၁ ရက်နေ့က မိုင်းတွင်းကျောက်ထုတ်လုပ်ရေးအတွက် သိုလှောင်ထားသော ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ TNLA က ၎င်းတို့၏ စီးပွားရေးဌာနပိုင်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ပေါက်ကွဲမှုကြောင့် လူ ၅၅ ဦးမှ ၆၀ ကျော် သေဆုံးပြီး ၇၀ မှ ၁၅၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကလေး၊ လူကြီး၊ အမျိုးသမီးများလည်း ပါဝင်သည်။ ပေါက်ကွဲရာနေရာတွင် ၁၃ ပေအနက်ရှိ တွင်းပေါက်ကြီးဖြစ်ပေါ်ခဲ့ပြီး ကောင်းတပ်ရွာရှိ အိမ်ခြေ ၁၀၀ ကျော်၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် အနီးနားရှိ မန့်ခမ်းကျေးရွာမှ အိမ်အချို့ပါ ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေဆဲဖြစ်ပြီး နမ့်ခမ်းဆေးရုံ၌ လူနာ ၁၅၀ ခန့်ကို ကုသပေးနေရကာ အရေးပေါ်သွေးများ လိုအပ်လျက်ရှိသည်။ မိုးရွာသွန်းမှုနှင့် စက်ယန္တရားမလုံလောက်မှုကြောင့် ပြိုကျအဆောက်အအုံများအောက်မှ အလောင်းများ ဆယ်ယူရန် ခက်ခဲနေသည်။ တအာင်းပြည်ကောင်စီ (TLC) က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး ပါဝင်ပတ်သက်သူများကို အရေးယူရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီရန် တိုက်တွန်းထားသည်။

Photo: ပရဟိတအသင်း

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅  ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိလာပြီး ဖြစ်ရပ်မှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးကာ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တအာင်းပြည်ကောင်စီ (TLC)က တိုက်တွန်းလိုက်ပါတယ်။

တအာင်းဒေသနဲ့ ပြည်တွင်း ပြည်ပက ပြည်သူတွေအနေနဲ့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးနဲ့ သေဆုံး ထိခိုက်ဒဏ်ရာရသူတွေကို ကူညီထောက်ပံ့ရေးအတွက် တတ်စွမ်းသမျှဝိုင်းဝန်း ကူညီဖေးမဖို့လည်း TLC က ဒီကနေ့ ဇွန် ၁ ရက်နေ့စွဲနဲ့  ထုတ်ပြန်ထားပါတယ်။

ကောင်းတပ်ရွာမှာ မေ ၃၁ ရက် မနေ့နေ့လယ်ပိုင်းက ယမ်းသိုလှောင်ရုံတခု အပြင်းအထန် မီးလောင် ပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေကို ဒီကနေ့မနက်ထိ သယ်ထုတ်နေရဆဲပဲလို့  ပရဟိတအဖွဲ့တွေက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူ အရေအတွက်ကတော့ အတိအကျမသိရသေးပေမဲ့ သူတို့အဖွဲ့အနေနဲ့ အလောင်း ၃၇ လောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ကို နမ့်ခမ်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့  ဂရုဏာပရဟိတ လူမှုကယ်ဆယ်ရေးအသင်းဝင်တယောက်က DVB ကို  ပြောပါတယ်။

“လူနာနဲ့ အလောင်းတွေ သယ်ထုတ်လို့ မပြီးသေးပါဘူး ခင်ဗျ။ ကျနော်တို့အသင်းအနေနဲ့ သိရသလောက်က ၃၇ လောင်း သယ်ခဲ့တယ်။ ကလေးတွေလည်း ပါတယ်၊ လူကြီးတွေ၊ မိန်းမတွေရော ပါတယ်။ ထိခိုက်ဒဏ်ရာရတာက အခုလောလောဆယ် နမ့်ခမ်းဆေးရုံကြီးမှာ ၇၀ ကျော် ရှိပါတယ်။”

ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့လည်း စာရင်းအတိအကျ ကောက်ယူလို့ မရသေးပေမဲ့ ကောင်းတပ်ရွာထဲက အိမ်ခြေ ၁၀၀ ကျော်၊ အနီးနားက ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးသွားပါတယ်။

ဒါ့အပြင် ကောင်းတပ်ရွာနဲ့နီးကပ်တဲ့ မန့်ခမ်းကျေးရွာက အိမ်ခြေတချို့လည်း ပျက်စီးသွားသလို မြို့ထဲက အိမ်တချို့လည်း မိုင်းစတွေ လွင့်စဉ်တာကြောင့် အိမ်ခေါင်မိုးနဲ့ ပြတင်းမှန်ကွဲရှတာတွေ ရှိတယ်လို့ အဆိုပါပရဟိတအဖွဲ့ဝင်က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ရောက်ရှိနေတဲ့ နောက်ထပ်  NMBG ပရဟိတအဖွဲ့ဝင်တယောက်က “ဒီကနေ့မနက်မှာ နောက်ထပ်သေဆုံးဒဏ်ရာရသူတွေ ရှာဖွေရေးလုပ်နေဆဲဖြစ်တယ်။ နမ့်ခမ်းက ပရဟိတအဖွဲ့တွေ အနည်းဆုံး လေး၊ ငါးဖွဲ့ ဝိုင်းဝန်းကူညီနေကြပြီး အားလုံးက ကူညီ ကယ်ဆယ်ရေးကို အရေးပေါ်လုပ်နေရတာကြောင့် သေဆုံး ဒဏ်ရာရသူအရေအတွက် အတိအကျ ပေါင်းစည်းလို့မရသေးဘူး။ ပျောက်ဆုံးပြီး အစအနရှာမရသူတွေလည်း ရှိနေတယ်။ အပျက်အစီးပုံတွေကြား လူတွေရဲ့ အသားစတွေ လည်းတွေ့ရှိတယ်။ ဒါကြောင့်  တိကျတဲ့ အရေအတွက် မပြောနိုင်သေးဘူး” လို့ ဆိုပါတယ်။

လူနာတွေကိုတော့ နမ့်ခမ်းဆေးရုံမှာပဲကုသပေးနေကာ မူဆယ်ဆေးရုံကို ဆက်ပို့မယ်လို့  ကြားပေမဲ့ ဒီကနေ့ထိတော့ အားလုံးနမ့်ခမ်းဆေးရုံမှာပဲရှိသေးတယ်၊ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ အလှူငွေကောက်ခံတာတွေလည်းမရှိသေးဘူးလို့ NMBG အဖွဲ့ဝင်က ပြောပါတယ်။

လူမှုကွန်ရက်မှာ ရှမ်းဘာသာနဲ့ ပြန့်နေတဲ့ စာရင်းတခုမှာတော့  ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာရှိ အိမ်ခြေ ၂၈၀ ပျက်စီးပြီး အမျိုးသား ၃၅ ယောက်၊ အမျိုးသမီး ၂၅ ယောက်၊ စုစုပေါင်း ၆၀ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၈၅  ယောက်ရှိတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု စတင်ဖြစ်ပွားတဲ့နေရာမှာ အနက် ၁၃ ပေရှိတဲ့ တွင်းပေါက်ကြီးတခု ဖြစ်သွားပြီး အဲဒီအနီးနားတဝိုက်က လူတွေ အစရှာမရအောင် ပြာပုံဖြစ်သွားတယ်လို့ ဖော်ပြပါတယ်။

ပေါက်ကွဲမှုမှာ ကျေးရွာအတွင်းက ဘုန်းကြီးကျောင်း၊ နေအိမ်တွေ ပျက်စီး ဆုံးရှုံးမှုများပြီး ပြိုကျသွားတဲ့ နေအိမ် ၂၀ လုံးကျော်ကိုလည်း စက်ယန္တရားမလုံလောက်တာကြောင့် ပြန်လည်မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒေသကူညီကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ရှိသူတယောက်က “သေဆုံးစာရင်းကတော့ ဒီနေ့ မနက်အထိ ၅၆ ယောက်ရှိတယ်။ အရေးပေါ်လူနာထဲက ဘယ်သူထပ်သေလဲ ဆိုတာကတော့ ကျနော်တို့လည်း မသိရသေးဘူး။ နောက်ပြီးတော့ အလောင်းထပ်မဖော်နိုင်သေးတဲ့ အဆောက်အအုံပျက်တွေထဲမှာလည်း ကျန်သေးတယ်ဆိုတော့ အဲဒါတွေ ထပ်ဖော်ပြီးတော့မှ အတိတကျ ပြောလို့ရမှာ။ မိုးတွေလည်း ရွာနေတယ်။ အဆောက်အအုံတွေကြားထဲမှာ စက်ယန္တရား မလုံလောက်တော့ ဖော်ဖို့ခက်ခဲနေတယ်”လို့ DVB ကို ပြောပါတယ်။

ယမ်းသိုလှောင်ရုံအနီးက ပြိုကျသွားတဲ့ တိုက်အိမ် ၂၀ ဝန်းကျင်ကို ပြန်လည်ဖော်ဖို့ ခက်ခဲနေတာဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော် ဝန်းကျင်ပျက်စီးသွားတာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “သိုလှောင်ရုံအနီးက ရပ်ကွက်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက်က အိမ်တွေ ပြိုကျသွားတယ်။ တချို့အိမ်တွေဆိုလည်း မှန်တွေကွဲတာ၊ မျက်နှာကြက်တွေ ပြိုကျတာ ဖြစ်သွားတယ်။ ဖြစ်တဲ့နေရာနဲ့ ၂ မိုင် ဝန်းကျင်ဝေးတဲ့ နမ့်ခမ်းမြို့ ဂျာမေ့ဗလီတောင် မှန်တွေ ကွဲကုန်တယ်”လို့ ဆက်ပြောပါတယ်။

အဲဒီအပြင် နမ့်ခမ်းဆေးရုံကို ရောက်နေတဲ့ အရေးပေါ်လူနာဟာ အနည်းဆုံး အယောက် ၁၅၀ ဝန်းကျင်ရှိနေပြီး အရေးပေါ်သွေးလိုအပ်နေဆဲလို့ ဆိုပါတယ်။

ကောင်းတပ်ကျေးရွာဟာ နမ့်ခမ်းမြို့ရဲ့ အရှေ့မြောက်ဘက်အရပ်မှာ တည်ရှိပြီး နမ့်ခမ်းမြို့အစွန် မန့်ခမ်းရပ်ကွက်နဲ့ ဆက်စပ်နေတဲ့ရွာလည်း ဖြစ်ပါတယ်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပြီး ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဒီရွာမှာ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ ပေါက်ကွဲမှုပြင်းအားကြောင့် ကျေးရွာအတွင်းရှိ ပြည်သူအများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တာလို့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မေ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာဖြစ်ပြီး လူသေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်စုံစမ်းကာ ထိရောက်စွာ အရေးယူမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ယမ်းပျော့တွေဟာ PSLF/TNLA စီးပွားရေးဌာနရဲ့ မိုင်းတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် သိုလှောင်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ TNLA က ဝန်ခံထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင် အားလုံးနဲ့အတူ ထပ်တူထပ်မျှ ထိခိုက်ခံစားရပြီး ဝမ်းနည်းပူဆွေးရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေသခံတချို့ကတော့ အဲဒီနေရာဟာ တရုတ်တွေကို ငှားရမ်းထားတဲ့ ယမ်းထုတ်လုပ်ရေးစက်ရုံ ဖြစ်တယ်၊ စက်ရုံလုပ်သားအများစုက TNLA တပ်ဖွဲ့ဝင်တွေ၊ ရဲမေတွေ ဖြစ်တယ်၊ လက်လုပ်မိုင်းဗုံးတွေ ထုတ်လုပ်တယ်လို့လည်း ပြောဆိုနေကြပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ဆက်စပ်သတင်းများ

AI Curated
လူ ၅၀ ကျော်သေဆုံးခဲ့ရသည့် နမ့်ခမ်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိရောက်စွာအရေးယူရန် တိုက်တွန်း | YGN Daily