
မြန်မာရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးအာမခံရန် တရုတ်က သတိပေး
AI Summary
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို မြန်မာဘက်မှ တိကျသေချာစွာ အာမခံပေးရန် တိုက်တွန်းခဲ့သည်။ ၎င်းပြောကြားချက်ကို ဇွန် ၅ ရက်တွင် ပေကျင်းမြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် ဘုံအကျိုးစီးပွား ကာကွယ်ရန်အပြင် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီလိုကြောင်း ဝမ်ယိက ပြောခဲ့သည်။ ထို့ပြင် Belt and Road စီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကစီမံကိန်းများကို အတူတကွ တည်ဆောက်လိုကြောင်းလည်း ဆိုသည်။ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်လည်း တရုတ်ဝန်ကြီးက သတိပေးခဲ့သည်။ မြန်မာဘက်ကလည်း တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဖြစ်ပြီး အွန်လိုင်းရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းသွားမည်ဟု ကတိပြုခဲ့သည်။ ဤခရီးစဉ်သည် ဦးတင်မောင်ဆွေ ရာထူးယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှာရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံဘက်မှ တိကျသေချာစွာ အာမခံပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း လိုက်ပါတယ်။
ဇွန် ၅ ရက်မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာစစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပေကျင်းမြို့မှာ တွေ့ဆုံစဉ် အခုလိုပြောကြားခဲ့တာပါ။
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအနေနဲ့ ကဏ္ဍစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ပြီး ၂ နိုင်ငံရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည် ဦးမော့လာရေးကို အရှိန် အဟုန်နဲ့ ကူညီပေးလိုကြောင်းလည်း ဝန်ယိက ပြောကြားခဲ့တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ Belt and Road ခါးပတ်လမ်းစီမံကိန်းကို အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်လိုတဲ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိက စီမံကိန်းတွေကို တည်ငြိမ်စွာ တွန်းအားပေးလိုကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့လိုတဲ့ အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာဝန်ကြီး ဦးတင်မောင်ဆွေကို သတိပေးခဲ့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာဘက်ကလည်း အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ဆက်လက်၍ ပြတ်ပြတ်သားသား နှိမ်နင်းသွားမဲ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ကတိပြု ပြောကြားခဲ့ တဲ့အကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဖိတ်ကြားချက်အရ ဇွန် ၄ ရက်ကနေ ၆ ရက်အထိ တရုတ်နိုင်ငံသို့ ဘေဂျင်းမြို့ကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်နေတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ရာထူးတာဝန်ယူပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပြီး စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် အပြီးမှာပဲ ဒီခရီးစဉ် ပေါ်ထွက်လာတာဖြစ်ပါတယ်။