တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တွင်စစ်ရှောင်များနေထိုင်သည့်အနီးဝန်းကျင်ကိုအာဏာသိမ်းမြန်စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်
myanmar||3 MIN READ

တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တွင်စစ်ရှောင်များနေထိုင်သည့်အနီးဝန်းကျင်ကိုအာဏာသိမ်းမြန်စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

Narinjara
SourceNarinjara
Back to News

AI Summary

အာဏာသိမ်း မြန်မာစစ်တပ်သည် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများတွင် အထိနာမှုများပြားနေခြင်းကြောင့် လက်စားချေသည့်အနေဖြင့် ဇွန်လ ၁ ရက်နေ့တွင် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်များရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တောင်ကုတ်မြို့နယ်ရှိ ဆားပြင်၊ ကင်းတောင်နှင့် ရမ်းဗြဲမြို့နယ်ရှိ ကုလားပုန်းတောင်၊ ရမ်းသစ်ကြီးကျေးရွာအနီးတစ်ဝိုက်တို့ကို ဂျက်ဖိုက်တာများနှင့် Y12 လေယာဉ်များဖြင့် ဗုံးကြဲခဲ့သည်။ စစ်ဘေးရှောင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်အချက်အလက်များကို မရရှိသေးပေ။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ဆက်လက်ထွက်ပြေးနေကြရပြီး စနဲမြို့တွင်လည်း မီးလောင်ဗုံးများချခဲ့ရာ စျေးဆိုင်နှင့် လူနေအိမ် ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့သည်။ စစ်တပ်သည် ကင်းထောက်လေယာဉ်များဖြင့် ကြိုတင်ပျံသန်းလေ့ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။

နိရဉ္စရာ၊ ဇွန် ၂ /၂၀၂၆

အာရက္ခတပ်တော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲတိုင်းတွင် အထိနာ အကျဆုံးများနေမှုအပေါ် လက်စားချေသည့်အနေဖြင့် အာဏာသိမ်းအကြမ်းဖက် မြန်မာစစ်တပ်သည် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များမှ နေရာအချို့ကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်သွားသည်ဟု သတင်းရရှိသည်။

၂၀၂၆ခုနှစ် ဇွန်၁ရက်နေ့ နံနက် ၉ နာရီကျော်အချိန်မှစတင်ပြီး စစ်ဘေးရှောင်များနေထိုင်သည့်  ဆားပြင်၊ကင်းတောင်နှင့်ပတ်ဝန်းကျင်တောင်များကိုအဓိကထားပြီး လေကြောင်းမှ ဂျက်ဖိုက်တာ ၄ စီးနှင့်Y12 ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဒေသခံသတင်းရင်းမြစ်က နိရဉ္စရာကိုပြောသည်။

ဒေသခံတစ်ဦးက " ဒီနေရာတွေက တောင်ကုတ်မြို့နယ်ကဆားပြင်၊ ကင်းတောင်နဲ့ အနီးအနားဒီနေရာတွေက စစ်ရှောင်တွေယာယီခိုလှုံနေတဲ့နေရာတွေပါ။မြန်မာစစ်တပ်ကလေကြောင်းမှ ဗုံးကြဲသွားပါတယ်။ဘယ်လို သတင်းရပြီး ကြဲသွားတယ်လို့ မသိဘူး။  လေယာဉ်ကတော့ အုပ်စုလိုက်ဘဲ အဲဒီကျေးရွာတွေ အနားက တောနားတောင်နားတွေကို အဓိကထားဗုံးကြဲတယ်။ ကျေးရွာ​ကဒေသခံတွေကတော့အခုထိ ရွာကိုပြန်မလာဘဲ ပြေးနေတဲ့လူတွေရှိသေးတယ်"ဟုပြောသည်။

စစ်ဘေးရှောင်တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း သတင်းရရှိသော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့်  လတ်တလော အသေးစိတ်သတင်းများကို မရရှိသေးပါ။

အလားတူ တရက်တည်းအတွင်းဇွန်၁ရက်နေ့  ည ၈ နာရီကျော်အချိန်ကလည်းတောင်ကုတ်-မအီ-ရမ်းဗြဲ ကားလမ်းအနီး ကုလားပုန်းတောင်နဲ့ ရမ်းသစ်ကြီးကျေးရွာကြားရှိ နေရာများကိုဗုံးကြဲ သွားခဲ့သည်ဟု သိရသည်။

၎င်းနေရာများသည်ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားနေသည့် တောင်မော်ဦး(ခ) တောင်မော်ကြီး ရေတပ်စခန်း အနီးဝန်းကျင်ကျေးရွာများမှ စစ်ရှောင်များယာယီခိုလှုံနေသော နေရာများဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ ဒေသခံစစ်ဘေးရှောင်တွေ ယာယီခိုလှုနေတဲ့ နေရာတွေပါ။ ပစ်တာကတော့ အဲဒီနားမှာရှိတဲ့ ဆည်အနီးပတ်ဝန်းကျင်ကိုအဓိကထားကြဲချတယ်။ အဲဒီနေရာမှာ တောင်မော်ကြီးပတ်ဝန်းကျင်ကထွက်ပြေးလာတဲ့စစ်ရှောင်တွေ ယာယီနေကြတယ်။အကြမ်းဖက်စစ်တပ်က ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့တဲ့အတွက် ထိခိုက်သေဆုံးမူရှိနိုင်တယ်”ဟု ပြောသည်။

အကြမ်းဖက်စစ်တပ် လေကြောင်းကနေဆက်လက်တိုက်ခိုက်မူရှိနေသည့်အတွက် ဒေသခံများမှာဆက်လက်ထွက်ပြေးနေကြသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် AA ထိန်းချုပ်နေရာသို့ ထိုးစစ်ဆင်ရာမှ အကျဆုံးများပြီး တောင်မော်ဦးရေတပ်ပါတိုက်ခိုက်ခံနေရတဲ့အတွက် အရပ်ဘက်နေရာများကိုဗုံးကြဲမှုပိုမို ပြုလုပ်လာနေပြီး စနဲမြို့ကိုလည်း လေကြောင်းက မီးလောင်ဗုံးများချကာ တိုက်ခိုက်သဖြင့် စျေးဆိုင်နှင့် လူနေအိမ် ရာနှင့်ချီပြီး မီးလောင်သွားခဲ့သည်။

အကြမ်းဖက်လေတပ်သည်လေယာဉ်ဖြင့်ဗုံးမကြဲမီ ကင်းထောက်လေယာဉ်များဖြင့် ပျံသန်း ကင်းထောက်လေ့ရှိသဖြင့် ဒေသခံပြည်သူများ ကင်းထောက်လေယာဉ်များကို အထူးသတိ စောင့်ကြည့်ရန် လိုအပ်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

AI Curated
တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တွင်စစ်ရှောင်များနေထိုင်သည့်အနီးဝန်းကျင်ကိုအာဏာသိမ်းမြန်စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက် | YGN Daily