
မြို့များသိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နေသည့် KNDF ကို AA ချီးကျူး
AI Summary
အာရက္ခတပ်တော် (AA) က ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ချီးကျူးစကား ပြောကြားခဲ့သည်။ KNDF သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်ရန်အတွက် ကရင်နီလူငယ်များက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ၅ နှစ်တာကာလအတွင်း KNDF သည် ကရင်နီဒေသရှိ မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ထိန်းချုပ်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နေပြီဖြစ်သည်။ ဤတော်လှန်ရေးကာလအတွင်း KNDF နှင့် ကရင်နီပြည်သူများသည် စစ်အာဏာရှင်၏ အကြမ်းဖက်မှုများကို ရင်ဆိုင်ခဲ့ရပြီး အသက်၊ သွေး၊ ချွေးများ စွန့်လွှတ်ခဲ့ကြသည်။ လက်ရှိတွင် KNDF သည် မယ်စဲ့နှင့် ရှားတောမြို့နယ်များကို ထိန်းချုပ်ထားပြီး အခြားမြို့နယ်များတွင် စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် အဆိုးဝါးဆုံး ပြည်တွင်းစစ်ကို ကြုံတွေ့နေရကြောင်း AA က ထောက်ပြခဲ့သည်။

ကရင်နီဒေသက မြို့ကြီး၊ မြို့ငယ်တွေကို သိမ်းပိုက်ထိန်းချုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားနဲ့ လည်ပတ်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ကို အာရက္ခတပ်တော် (AA) က ချီးကျူးလိုက်ပါတယ်။
မေ ၃၁ ရက် ကျရောက်တဲ့ KNDF ရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကရင်နီလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဟာ ကရင်နီ၊ ရှမ်းမြောက် အပါဝင် နေရာအချို့မှာ မဟာမိတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့ပြီး ကရင်နီဒေသက မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ထိန်းချုပ်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်လည်နိုင်ခဲ့ပြီလို့ ချီးကျူးစကား ပြောထားပါတယ်။
KNDF ရဲ့ ၅ နှစ်တာအတွင်း ကရင်နီ တော်လှန်ရေးမှာ အသက်၊ သွေး၊ ချွေး ဘဝတွေ စွန့်လွှတ်ခဲ့ကြတဲ့ ကရင်နီပြည်သူတွေ၊ ကရင်နီ သူရဲကောင်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ်မှုတိုင်းကို AA အနေနဲ့ လေးနက်စွာ တန်ဖိုးထားပြီး ကရင်နီပြည်သူတရပ်လုံး မျှော်မှန်းနေကြတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေလို့ AA ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
KNDF အဖွဲ့ဟာ လက်ရှိအချိန်အထိ တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေထဲမှာ တက်ကြွပြီး ရဲ့ရင့်တဲ့ လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတခု ဖြစ်သလို ၅ နှစ်တာကာလအတွင်းမှာ တော်လှန်ရေးရဲ့ ဆူကြုံနိမ့်မြင့်လောကဓံ အတက်အကျ ဆင်းရဲဒုက္ခမျိုးစုံကို ကရင်နီပြည်သူတွေဟာ စစ်အာဏာရှင်ကို မလိုလားတဲ့ မြန်မာပြည်သူတရပ်လုံးနဲ့အတူ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံကို တူညီစွာခံစားနေကြရတာလို့လည်း AA က ပြောထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံအာဏာနဲ့ ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ သိမ်းယူလိုက်ပြီးနောက် နိုင်ငံတဝန်းလုံးက တိုင်းသားသားပြည်သူတွေဟာ စစ်ကောင်စီကို ရရာလက်နက်၊ ရတဲ့နည်းလမ်းနဲ့ ခုခံကာကွယ်တော်လှန်စစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး အကြမ်းမဖက် ဆန္ဒပြနည်းလမ်းနဲ့ ဘယ်တော့မှ တောင်းဆိုလို့ မရတာကြောင့် တနိုင်ငံလုံးက လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြရတာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ လက်နက်ကိုင် လမ်းစဉ် ၅ နှစ်အရောက်မှာ အချို့ပြည်သူ့ကာကွယ်ရေးတပ်၊ ဒေသကာကွယ်ရေးတပ်တွေဟာ တော်လှန်ရေးမှာ မရပ်တည်နိုင်ကြတော့ဘဲ စစ်ကောင်စီထံ လက်နက်ချသွားတဲ့ အဖွဲ့တွေ၊ တော်လှန်ရေးပြေးလမ်းက လွင့်စဉ်သွားတဲ့အဖွဲ့တွေ ရှိသလို စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေ၊ စစ်ကောင်စီ ထိန်းချုပ်မြို့တွေကို သိမ်းပိုက်ထားတဲ့ အဖွဲ့တွေလည်း ရှိပြီး တော်လှန်ရေးကို ဆက်လက်ပြီး ရွေ့လျားနေတယ်လို့ ပြောထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံးပြည်တွင်းစစ်ကို ကြုံတွေ့နေရပြီး အစုတ်ပြတ်ဆုံး အရှေ့တောင်အာရှနိုင်ငံအဆင့်ကို ရောက်ခဲ့ရပြီလို့လည်း အာရက္ခတပ်တော်က သဝဏ်လွှာမှာ အသိပေးပြောကြားထားပါတယ်။
KNDF ကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေးလမ်းညွှန်မှုကို ခံယူတဲ့ တပ်ဖွဲ့အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၃၁ ရက်မှာ ကရင်နီလူငယ်တွေနဲ့ စတင်ဖွဲ့စည်းထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ မယ်စဲ့နဲ့ ရှားတောမြို့နယ်ကို KNDF က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဒီးမော့ဆို၊ ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်တို့မှာတော့ စစ်အာဏာရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။