
မာန်အောင်တွင် တနေ့ လျှပ်စစ်မီး ၂ နာရီခွဲသာ ရရှိ
AI Summary
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီခွဲခန့်သာ ရရှိနေကြောင်း ဇွန်လ ၂ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောကြားခဲ့သည်။ ဤသို့ လျှပ်စစ်မီးပြတ်တောက်ရခြင်းမှာ ခအုန်းမော်ကျေးရွာရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ဘက်ထရီအိုးအချို့ ၂၀၂၀ ပြည့်နှစ်ကတည်းက ပျက်စီးသွားခြင်းကြောင့်ဖြစ်ပြီး ဓာတ်အားပေးဝေမှုကို လျှော့ချခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် နေ့ဘက်နှင့် ညဘက်တွင် တစ်ကြိမ်လျှင် ၁ နာရီ ၁၅ မိနစ်စီသာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေသည်။ လျှပ်စစ်မီးမလုံလောက်မှုကြောင့် မာန်အောင်မြို့ခံပြည်သူများသည် ကိုယ်ပိုင်ဆိုလာစနစ်များကိုသာ အဓိကထား အသုံးပြုနေကြရပြီး အစိုးရပေးသောမီးမှာ အသုံးမဝင်သလောက်ဖြစ်နေသည်။ လျှပ်စစ်ဓာတ်အားသည် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သောကြောင့် ၎င်းတို့၏ နေ့စဉ်ဘဝနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနေသည်။ ပျက်စီးနေသော ဘက်ထရီအိုးများကို ပြုပြင်ပြီး လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ရန် ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည်ဟု စစ်အာဏာရှင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လွှတ်တော်တွင် ကတိပြုခဲ့သည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့ပေါ် ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့မှာ တနေ့ကို လျှပ်စစ်မီး ၂ နာရီခွဲခန့်သာ ရရှိတယ်လို့ ဇွန် ၂ ရက်က စစ်အာဏာရှင် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်းက ပြောပါတယ်။
မာန်အောင်မြို့ပေါ်နဲ့ ကျေးရွာအချို့ကို ခအုန်းမော်ကျေးရွာရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကနေ လျှပ်စစ်မီးဖြန့်ဖြူပေးနေတာဖြစ်ပြီး လက်ရှိမှာ တရက်ကို နေ့ဘက်မှာ ၁ နာရီ ၁၅ မိနစ်နဲ့ ညဘက်မှာ ၁ နာရီ ၁၅ မိနစ်ခန့်အဖြစ် အချိန်ပိုင်းခြားပြီး ဖြန့်ဖြူးနေတာလို့ ဆိုပါတယ်။
ဦးကျော်သန်းက “၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ ဘထ္တရီအိုးတွေ ညံ့ဖျင်းလို လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ ဒီအရည်အသွေးညံ့ဖျင်းတဲ့ ဘထ္တရီအိုးတွေကို အသစ်ပြန်လဲပြီး အစားထိုးပေးမယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်မယ်လို့ သိရပါတယ်။ ကျနော်မေးခွန်းတင်တဲ့ အချိန်မှာ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေကတော့ ရပ်ကွက်အလိုက် အလှည့်ကျစနစ်နဲ့ နေ့ဘက်မှာ ၁ နာရီ ၁၅ မိနစ်၊ ညက်မှာ ၁ နာရီ ၁၅ မိနစ်သာရရှိနေပါတယ်။ လျှပ်စစ်ဓာတ်အားဟာ ပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
မာန်အောင်မြို့ လျှပ်စစ်မီးရရှိဖို့ NLD အစိုးရလက်ထက်တုန်းက ခအုန်းမော်ကျေးရွာမှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ ၂၀၁၉ ခုနှစ်မှာ စတင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက ဘထ္တရီအိုးအချို့ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ပျက်စီးသွားခဲ့တာကြောင့် လျှပ်စစ်ဓာတ်အားပေးဝေမှုကို လျှော့ချခဲ့ရတာဖြစ်ပြီး လက်ရှိမှာ တနေ့ကို ၂ နာရီခွဲ ဝန်းကျင်းသာ ရရှိတော့တာလည်းဖြစ်ပါတယ်။
လက်ရှိပျက်စီးနေတဲ့ ဘထ္တရီအိုးတွေနဲ့ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်ရေးကို အခုနှစ် ဘဏ္ဍာနှစ်မှာ ပြုပြင်လုပ်ပေးသွားမယ်လို့ စစ်အာဏာရှင် လျှပ်စစ်နဲ့ စွမ်အင်ဝန်ကြီးဌာနက ဒုဝန်ကြီး ဦးအေးကျော်က ဇွန် ၂ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
မာန်အောင်မြို့နယ်က ပြည်သူတွေဟာ ကိုယ်ပိုင်ဆိုလာမီးတွေနဲ့သာ အသုံးပြုနေကြရတာဖြစ်ပြီး စစ်အာဏာရှင် အစိုးရဆီက ရတဲ့လျှပ်စစ်မီးဟာ အသုံးပြုလို့ မရဘူးလို့ မာန်အောင်မြို့ခံ လူငယ်တယောက်က ပြောပါတယ်။
“တနေ့မှာ ၁ နာရီ ၁၅ မိနစ် နှစ်ကြိမ်ရတာ ဘာမှ လုပ်လို့မရဘူး။ ကိုယ်ပိုင် ဆိုလာတွေနဲ့ပဲ လျှပ်စစ်သုံးနေကြရတာ။ အစိုးရဘက်က လျှပ်စစ်မီးတွေ ပြန်ရအောင် ဆောင်ရွက်ပေးမယ်ဆိုတော့ မြို့ခံတယောက်အနေနဲ့ ကြိုဆိုရမှာပဲ။”
မာန်အောင်မြို့နယ်ဟာ ကျွန်းမြို့တမြို့ဖြစ်တာကြောင့် ရခိုင်ပြည်နယ်က အခြားမြို့နယ်တွေနဲ့ ထိစပ်မှုမရှိဘဲ သီးခြားတည်ရှိနေတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။