AA ထိန်းချုပ်မြို့နယ် ၃ ခုကို စစ်တပ်ဗုံးကြဲ၊ ပလက်ဝနှင့် ရမ်းဗြဲတွင် ၄ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

AA ထိန်းချုပ်မြို့နယ် ၃ ခုကို စစ်တပ်ဗုံးကြဲ၊ ပလက်ဝနှင့် ရမ်းဗြဲတွင် ၄ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

DVB
SourceDVB

AI Summary

အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပလက်ဝ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်များတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ စစ်ရေးအရ နယ်မြေစိုးမိုးမှုရယူရန်နှင့် ထိုးစစ်ဆင်မှုများကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြုခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသတွင်း လူမှုစီးပွားရေးနှင့် လုံခြုံရေးအခြေအနေများမှာ ပိုမိုဆိုးရွားလာသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိပြီး ဒေသခံများမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြရသည်။

Photo : CINCDS

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ ရမ်းဗြဲနဲ့ ပေါက်တောမြိုနယ်တို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး နောက်ထပ် ၉ ယောက်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့ကြတယ်လို ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့နားက ဝါရူးနဲ့ ကယက်ကျေးရွာကြားကို မေ ၂၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အနီးအနားက ဒေသခံအမျိုးသားတယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ကြတယ်လို ပလက်ဝဒေခံ တယောက်က ပြောပါတယ်။

“စစ်တပ်က ပထမဆုံး ဒရုန်းနဲ့ ကင်းထောက်တာတွေပြုလုပ်ပြီးမှ ဂျက်ဖိုက်တာနဲ့ လာပြီး ဗုံးကြဲတာ။ ရွာထဲမှာကျတာ မဟုတ်ပေမဲ့ ရွာနဲ့နီးနီးလေးပဲ။ အရပ်သား တဦးသေဆုံးခဲ့ပြီးတော့ နောက်ထပ် ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်။ ဗုံးကြဲမှုမတိုင်ခင်မှာ Y-12 နဲ့ ကင်းထောက်ပြီးမှ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာ။”

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ CDF-ပလက်ဝ ထိန်းချုပ်ထားတဲ့ကျေးရွာတွေဖြစ်ပြီး သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေဟာ ခရီးသွားတယ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၉ ရက်ကလည်း ပလက်ဝမြို့နယ်၊ ကြောင်းချောင်းကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ယောက် အပါဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၄ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပါတယ်။

ရမ်းဗြဲနဲ့ ကျောက်ဖြူလမ်းပိုင်းမှာ လမ်းပြင်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတခုကိုလည်း မေ ၂၈ ရက် မနက်ပိုင်း ၆ နာရီကနေ ၇ နာရီကျော်အထိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမား ၃ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို ရမ်းဗြဲဒေသခံ အမျိုးသားတယောက် ပြောပါတယ်။

“ရမ်းဗြဲ-ကျောက်ဖြူလမ်းပိုင်းက  ပိန္နဲတောင်-မော်ဦး လမ်းပိုင်းကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ ၂ စင်း၊ Y-12 ၂ စင်းနဲ့ ၁ နာရီကျော်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ယာဉ်မောင်းတဦးနဲ့ နောက်ထပ်နှစ်ဦး နေရာမှာတင် သေဆုံးသွားသလို နောက်ထပ် ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်။  ဒဏ်ရာရရှိသွားတဲ့သူတွေအထဲမှာ အသက်စိုးရိမ်ရတဲ့ သူတွေလည်း ပါတယ်။”

စစ်အာဏာရှင်တပ် လေကြောင်းဗုံးကြဲလို့ သေဆုံးသွား ၃ ယောက်ဟာ မအီမြို့၊ ဂျီဖြူတောင် ကျေးရွာသားတွေဖြစ်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်က ကျောက်ဖြူနဲ့ စနဲမြို့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုလည်း မေ ၂၇ ရက် က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပေါက်တောမြိုနယ်၊ ကြိမ်ခွေမော်ကျေးရွာအနီးကိုလည်း မေ ၂၈ ရက် နေ့လယ်ပိုင်းက ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။

“ကြိမ်ခွေမော်နဲ့ ဒါးကိုင်ကြားတောင်တန်းတွေကို ဗုံးကြဲခဲ့တာ။ အတော်လေးကို ကြောက်ဖို့ ကောင်းတယ်။ လူအထိအခိုက်တော့ မရှိဘူး။ ပတ်ဝန်းကျင်ရွာတွေက လူအချို့ တိမ်းရှောင် နေကြတာတော့ ရှိတယ်။ အရင်ကလည်း ဒီနေရာတွေက ဗုံးကြဲခံရဖူးပြီ” လို့ ပြောပါတယ်။

မတ် ၆ ရက်ကလည်း ကြိမ်ခွေမော်ကျေးရွာအနီးက တောင်တန်းတွေကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးအလုံး ရာချီကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်တွေနဲ့ ကျောက်ဖြူမြိုနယ်တို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
AA ထိန်းချုပ်မြို့နယ် ၃ ခုကို စစ်တပ်ဗုံးကြဲ၊ ပလက်ဝနှင့် ရမ်းဗြဲတွင် ၄ ဦး သေ၊ ၉ ဦး ဒဏ်ရာရ | YGN Daily