နတ်မောက်တွင် ဗိုလ်မှူးအပါအဝင် ၃ ဦးကို လက်နက်ခဲယမ်းများဖြင့် တော်လှန်ရေးတပ် ဖမ်းဆီး
politics||3 MIN READ

နတ်မောက်တွင် ဗိုလ်မှူးအပါအဝင် ၃ ဦးကို လက်နက်ခဲယမ်းများဖြင့် တော်လှန်ရေးတပ် ဖမ်းဆီး

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့ ညပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Aung San's Land Natmauk နှင့် ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သည် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် နတ်မောက်-ကံပြားလမ်းပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေစဉ် အိမ်စီးကားဖြင့် ရောက်ရှိလာသော စစ်သည်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများမှာ DSA အပတ်စဉ် ၅၁ ဆင်း ဗိုလ်မှူးအောင်ဖြိုးဝေ၊ DSA အပတ်စဉ် ၆၀ ဆင်း ဗိုလ်ကြီးပြည့်စုံအောင်နှင့် တပ်ကြပ်ကြီးစာရေးတို့ဖြစ်ကြသည်။ ၎င်းတို့ထံမှ 9 မမ ပစ္စတိုသေနတ် ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနှင့် ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးခံရသူများသည် ပစ်ခတ်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် အဖမ်းခံခဲ့ရသည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများကို သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစစ်ဆေးနေပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Photo: Aung San's Land Natmauk နှင့် ငါးပြေမပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇွန် ၁ ရက်နေ့ ညဦးပိုင်းက DSA အပတ်စဥ် ၅၁ ဆင်း ဗိုလ်မှူးအပါအဝင် ၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Aung San's Land Natmauk ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘာမထီ က “အဲဒီနေ့ ညဦးပိုင်းမှာ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ နတ်မောက်နဲ့ ကံပြားလမ်းပိုင်းမှာ လမ်းပိုင်းလုံခြုံရေးအတွက် ရှောင်တခင် ဆောင်ရွက်​နေချိန် အိမ်စီးကားအသုံးပြုပြီး စီးနင်းလာကြတဲ့ သူတို့ ၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ည ၈ နာရီမထိုးခင်လေးမှာ အရှင်ဖမ်းမိခဲ့တာပါ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရှင်ဖမ်းဆီးရမိသူတွေဟာ မိခင်တပ်ရင်း ၂၁၅ ရဲမွန်က DSA အပတ်စဥ် ၅၁ ဆင်း (ကြည်း-၅၃၃၇၆) ဗိုလ်မှူးအောင်ဖြိုးဝေ၊ မိခင်တပ်ရင်း ခမရ ၁၂၀ ဝန်းသိုကနေ ခမရ ၅၉၉ မုန်းမြို့မှာ တာဝန်ကျနေတဲ့ DSA အပတ်စဥ် ၆၀ ဆင်း (ကြည်း-၇၄၀၇၆) ဗိုလ်ကြီးပြည့်စုံအောင် နဲ့ မိခင်တပ်ရင်း ခမရ ၃၅၁ ကျောက်ကြီးမြို့ကနေ ခမရ ၅၉၉ မုန်းမြို့မှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီးစာရေး (တကက/စရ-၉၉၇၂၅) တို့ဖြစ်ကြပြီး သူတို့နဲ့အတူ အိမ်စီးကား ၁ စီး၊ 9 မမ ပစ္စတိုသေနတ် ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနဲ့ ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူ က “ကျနော်တို့ စစ်ဆေးနေတဲ့အချိန် အဲဒီကား ကျနော်တို့နား ရောက်လာတော့ ပြန်တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ ဗိုလ်မှုူး ဆိုတဲ့ကောင်က သူ့အိတ်ထဲမှ ပစ္စတိုဆွဲထုတ်ပြီး တပ်ကြပ်ကြီးကလည်း လက်ပစ်ဗုံး ကိုင်ထားတယ်။ ကျနော်တို့ဘက်က ဝိုင်းဝန်းပိတ်ဆို့ပြီး ပစ်ခတ်ဖို့ အသင့်ချိန်ထားတာကြောင့်မို့လို့လည်း သူတို့တွေ အသာတကြည်စစ်ဆေးခံပြီး အဖမ်းခံလိုက်ကြတာ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ စစ်ဆေးနေပြီး စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စတိုတွေကတော့ အသစ်တွေမဟုတ်ကြဘဲ သုံးလက်စအဟောင်းတွေဖြစ်ကာ သူတို့စီးနင်းလာတဲ့ မော်တော်ယာဥ်နောက်ခန်းကနေ ရှာဖွေသိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဖမ်းဆီးမှုကိုတော့ Aung San's Land Natmauk အဖွဲ့နဲ့ ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
နတ်မောက်တွင် ဗိုလ်မှူးအပါအဝင် ၃ ဦးကို လက်နက်ခဲယမ်းများဖြင့် တော်လှန်ရေးတပ် ဖမ်းဆီး | YGN Daily