
အင်္ဂလန်နိုင်ငံတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဗြိတိန်ရေတပ်မှ တပ်ဖွဲ့ဝင်သုံးဦး သေဆုံး
AI Summary
ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း ဒက်ဗွန်ခရိုင်တွင် ရဟတ်ယာဉ်လေ့ကျင့်ခန်းပြုလုပ်နေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ဗြိတိသျှရေတပ်မှ ဝန်ထမ်းသုံးဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များမှာ အလွန်ဝမ်းနည်းကြေကွဲလျက်ရှိပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကို လေးစားပေးရန် တောင်းဆိုထားသည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်တို့က ဖြစ်စဉ်အပေါ် စာနာကြောင်း ဖော်ပြခဲ့ပြီး နောက်ထပ်သတင်းအချက်အလက်များကို အမြန်ဆုံးထုတ်ပြန်ပေးသွားမည်ဟု ကတိပြုထားသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပျက်ကျသည့်နေရာ၌ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ဗြိတိသျှရေတပ်မှ ဝန်ထမ်းသုံးဦး သေဆုံးခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါပျက်ကျမှုသည် ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့် (ဂရင်းနစ်စံတော်ချိန် ၀၃:၀၀ နာရီ) တွင် ဒက်ဗွန် (Devon) ခရိုင်ရှိ ဆော်တန် (Sourton) ရွာအနီး၌ ရဟတ်ယာဉ်လေ့ကျင့်ခန်းပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း” ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “ဒီလိုဝမ်းနည်းစရာအချိန်အခါမှာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်တို့ရဲ့ စာနာမှုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်” ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။
Sky News သတင်းဌာန၏ ဖော်ပြချက်အရ ဒေသခံရဲတပ်ဖွဲ့ဝင်များမှာ ပျက်ကျသည့်နေရာသို့ ရောက်ရှိနေကြောင်း သိရသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ “ဖြစ်စဉ်မှာ လက်ရှိဖြစ်ပွားနေဆဲဖြစ်ပြီး နောက်ထပ်သတင်းအချက်အလက်များ ရရှိပါက ထပ်မံမျှဝေပေးသွားမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွင်ဂျန်ကင် (General Gwyn Jenkin) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပျက်ကျမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ၊ သေဆုံးသူများ၏ မိသားစုဝင်များက နောက်ထပ်သတင်းအချက်အလက်များ မထုတ်ပြန်မီ “အချိန်အနည်းငယ်ပေးရန်” တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က အဆိုပါဖြစ်စဉ်ကို စောင့်ကြည့်နေကြောင်း အတည်ပြုပြောကြားခဲ့သည်။ “ဒါဟာ မိသားစုဝင်တွေအတွက် အလွန်စိုးရိမ်ပူပန်ရမယ့် အချိန်ဖြစ်ပြီး နောက်ထပ်သတင်းအချက်အလက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားကြောင်း Sky News က ကိုးကားဖော်ပြသည်။
ဗြိတိန်မီဒီယာများ၏ အဆိုအရ ရဟတ်ယာဉ်ပျက်ကျသည့်နေရာအနီးတွင် အနောက်ဥရောပ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် HMNB Devonport အပါအဝင် ရေတပ်စခန်းအချို့ တည်ရှိကြောင်း သိရသည်။