ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့တွင် ၎င်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CRPH၊ NUG နှင့် NUCC တပြိုင်နက်တည်း တောင်းဆို
politics||5 MIN READ

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့တွင် ၎င်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CRPH၊ NUG နှင့် NUCC တပြိုင်နက်တည်း တောင်းဆို

Back to News

AI Summary

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့တွင် CRPH၊ NUG နှင့် NUCC တို့က ၎င်းနှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တပြိုင်နက်တည်း တောင်းဆိုလိုက်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှာ ငါးနှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ၎င်း၏ လက်ရှိကျန်းမာရေးနှင့် နေရာဌာနကိုပင် မိသားစုဝင်များ မသိရှိရသည့်အတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ဤဖြစ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေးအတွက် ပြည်တွင်းတော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာသံရုံးများက ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်လာကြသည်။ တော်လှန်ရေးအင်အားစုများက စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် အဓမ္မစစ်သားစုဆောင်းမှုများကို ရပ်တန့်ရန် တိုက်တွန်းထားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စုပေါင်းခေါင်းဆောင်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။ လက်ရှိတွင် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိစွာဖြင့် နှင်းဆီလှုပ်ရှားမှုများတွင် ပါဝင်လျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟာ အရေးကြီးကြောင်း နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းနှိုးဆော်တာဖြစ်သလို၊ လူထုခေါင်းဆောင်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အခါသမယမှာ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ထပ်လောင်း ကတိသစ္စာပြုကြကြောင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်"

မောင်ခက်နွေ (ဇွန် ၁၉)

မဇ္ဈိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့ဖြစ်သည့် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရန် တပြိုင်နက်တည်း ထုတ်ပြန်တောင်းဆိုလိုက်ကြသည်။

CRPH ပြောခွင့်ရပုဂ္ဂိုလ် ကိုစည်သူမောင်က “ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟာ အရေးကြီးကြောင်း နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းနှိုးဆော်တာဖြစ်သလို၊ လူထုခေါင်းဆောင်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အခါသမယမှာ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ထပ်လောင်း ကတိသစ္စာပြုကြကြောင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်” ဟု မဇ္ဈိမသို့ ပြောကြားသည်။

CRPH နှင့် NUG တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစတင်ကာ ယနေ့အထိ ငါးနှစ် လေးလ ၁၈ ရက်တိုင် ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းသက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားမပြနိုင်ခြင်း၊ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရခြင်းနှင့် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရရှိခြင်း စသည့် စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန်အတွက် မဖြစ်မနေ ဦးစွာဆောင်ရွက်ရမည့် အချက် သုံးချက်ကို CRPH နှင့် NUG က ရှုမြင်ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရေး၊ မျိုးဆက်သစ်လူငယ်များအား အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များ အမြန်ဆုံး ရပ်တန့်ရေးစသည့် အချက် သုံးချက်ဖြစ်သည်။

အဆိုပါကိစ္စရပ်များ အမြန်ဆုံး အကောင်အထည်ပေါ်လာစေရန် စစ်အုပ်စုကို ထိရောက်သည့် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး မဟာမိတ်အင်အားစုအားလုံးနှင့် ညီညွတ်စွာ လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

အလားတူ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းရန် အလွန်အရေးကြီးကြောင်း ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

NUCC ၏ ယနေ့ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ မည်သည့်တဦးတယောက်၊ တစုတဖွဲ့တည်း၏ ဦးဆောင်မှုကိုမျှ မူမထားဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော “စုပေါင်းခေါင်းဆောင်မှု” ဖြင့်သာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) ကလည်း ဇွန်လ ၁၉ ရက်တွင် ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ဆင်နွှဲကြရန် ဇွန်လ ၁၃ ရက်ကတည်းက လှုံ့ဆော်ထားပြီး၊ ၎င်းလှုပ်ရှားမှုသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရန်နှင့် ဦးဝင်းမြင့်သည်သာ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ပြသရန်ဖြစ်သည်ဟု အသီးအပေးထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းဘက်တွင်လည်း ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်၊ ဂျာမနီ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါနှင့် ဩစတြေးလျ သံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် နှင်းဆီပန်းပုံရိပ်များ ပြောင်းလဲကာ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ကနေဒါနှင့် ဩစတြေးလျသံရုံးတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားထိန်းသိမ်းခံထားရသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့များနှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသခွင့် ပေးရန်၊ အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုထားပြီး ဆွစ်ဇာလန်သံရုံးကလည်း မတရားဖမ်းဆီးခံအားလုံး လွတ်မြောက်ရေးကို အလေးအနက် ထပ်လောင်းထုတ်ပြန်ထားသည်။

စစ်အုပ်ချုပ်ရေးအဖွဲ့၏ စောင့်ကြည့်ဖမ်းဆီးမှုများ ရှိလာနိုင်သဖြင့် ပြည်သူများအနေဖြင့် ဒေသအလိုက် လုံခြုံဘေးကင်းမှု အပြည့်အဝရှိသည့် နည်းလမ်းများဖြင့် ပူးပေါင်းပါဝင်ကြရန် သပိတ်အဖွဲ့အစည်းများက လုံခြုံရေးသတိပေး တိုက်တွန်းထားကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated