
လိုင်တီးနှင့် ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းပြန်ဖွင့်၊ လေကြောင်းရန် စိုးရိမ်နေရ
AI Summary
ချင်းပြည်နယ်၊ ဟွာလ်ငိုရမ်းဒေသရှိ လိုင်တီးရွာနှင့် ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ဇွန် ၂ ရက်မှစ၍ CDF-Hualngoram က မနက် ၆ နာရီမှ ည ၇ နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယခင်က ဒေသလုံခြုံရေးနှင့် စစ်ရေးလိုအပ်ချက်အရ အချိန်ကန့်သတ်ပိတ်ထားခဲ့ရာမှ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။ သို့သော် ဒေသခံပြည်သူများသည် စစ်အာဏာရှင်၏ လေကြောင်းရန်ကို စိုးရိမ်နေရဆဲဖြစ်ပြီး မေလ ၁ ရက်နေ့ကလည်း ရိဒ်ခေါ်ဒါရ်လမ်းပိုင်းရှိ ခေါပွီချိပ်ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၆ ဦး သေဆုံးခဲ့ဖူးသည်။ ထို့ကြောင့် လက်ရှိတွင် လမ်းပိုင်းကို သတိထား၍ သွားလာနေရဆဲဖြစ်ပြီး ကားအနည်းငယ်သာ စမ်းသပ်သွားလာနေဆဲဖြစ်သည်။ ဖလမ်း-ရိခေါ်ဒါရ်နှင့် ကလေး-ဖလမ်း လမ်းပိုင်းများတွင်မူ စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား စစ်မျက်နှာဖွင့်ထားဆဲဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ဟွာလ်ငိုရမ်းဒေသအတွင်းက လိုင်တီးရွာနဲ့ ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ဇွန် ၂ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram ထုတ်ပြန်ထားပေမဲ့ ဒေသတွင်းမှာတော့ လေကြောင်းရန် စိုးရိမ်ရမှုတွေ ရှိနေပါသေးတယ်။
ချင်းပြည်နယ်၊ ဟွာလ်ငိုရမ်းဒေသအတွင်းက လိုင်တီးရွာနဲ့ ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ဇွန် ၂ ရက်ကစတင်ကာ မနက် ၆ နာရီကနေ ညနေ ၇ နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ CDF-Hualngoram စစ်ရုံးချုပ်က ထုတ်ပြန်ခဲ့တာပါ။
အဲဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ မေ ၂၁ ရက်က ဒေသလုံခြုံရေးနဲ့ စစ်ရေးလိုအပ်ချက်အရ အချိန်ကန့်သတ်ကာ သွားလာခွင့်ပြုခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ CDF-Hualngoram တာဝန်ရှိသူက DVB ကို ပြောပါတယ်။
CDF-Hualngoram တာဝန်ရှိသူက “အဓိက,ကတော့ ကျနော်တို့ စစ်ရေးအခြေအနေအရ လုံခြုံရေးအရ ကျနော်တို့ လိုအပ်ချက်အရ ဒါ ပြည်သူတွေ အသွားအလာ ကန့်သတ်ထားတာ ဖြစ်တယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန်ကျော်ရင်တော့ ဥပမာ ဟို အရေးပေါ် ကားဖြစ်ဖြစ် လူနာဖြစ်ဖြစ်ပေါ့နော်၊ အဲလိုမျိုးလေးတွေ ရှိတယ်ဆိုရင် ကျနော်တို့ ကြိုတင်ပြီးတော့ အဲဂိတ်တွေမှာ သတင်းပို့ပြီးတော့ ဖြတ်သန်းသွားလာခွင့်တွေ ပြုထားတာရှိတယ်” လို့ ပြောပါတယ်။
လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပေမဲ့ ဒေသခံတွေက စစ်အာဏာရှင်ရဲ့ လေကြောင်းရန်ကို စောင့်ကြည့်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
မေ ၁ ရက်ကလည်း ရိဒ်ခေါ်ဒါရ်လမ်းပိုင်းက ခေါပွီချိပ်ရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ လိုင်တီးရွာနဲ့ ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို သတိထားပြီး သွားနေရတယ်လို့ ရိခေါ်ဒါရ် ဒေသခံတယောက်က ပြောပါတယ်။
“ဒီနေ့ ကားတွေ စစမ်းပြီးထွက်နေတယ်၊ သုံးလေးစီးလောက်ပေါ့။ အရင်လို တစီးတည်းသွားလို့ရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ အဲဒါကြောင့် ဒီနေ့တော့ အခြေအနေ ထပ်စောင့်ကြည့်ရဦးမှာပဲ။”
လက်ရှိမှာ လိုင်တီး-ရိခေါ်ဒါရ် လမ်းပိုင်း ပုံမှန်ပြန်ပွင့်သွားပြီဖြစ်ပေမဲ့ ဖလမ်း-ရိခေါ်ဒါရ် လမ်းမကြီးတလျှောက်နဲ့ ကလေး-ဖလမ်း လမ်းပိုင်းတွေမှာတော့ စစ်တပ်နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်မျက်နှာဖွင့်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
မောရစ်