
AI Summary
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေဒေသတွင် စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ ၁၅,၀၀၀ ဝန်းကျင်မှာ တစ်လနီးပါးကြာ စစ်ဘေးရှောင်နေကြရသည်။ စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ဘေးရှောင်များမှာ အတည်တကျ နေထိုင်စရာမရှိဘဲ မိုးရာသီကာလအတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်။ စစ်တပ်၏ မီးရှို့မှုကြောင့် လူနေအိမ်ထောင်ချီ ပျက်စီးခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ တော်လှန်ရေးတပ်ဖွဲ့များက မြစ်ခြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်၏ မြေပြင်စစ်ကြောင်းများကြောင့် စစ်ရှောင်များမှာ ထပ်မံရွှေ့ပြောင်းနေရဆဲ ဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"လောလောဆယ်အရေးပေါ်လိုအပ်တာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ။ မိုးရွာတွေတော့ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေ နေမကောင်းဖြစ်ကြတယ်။ ဆေးကလည်းမရှိ၊ ဝယ်ချင်တိုင်းလည်း ဝယ်မရတော့ အခက်အခဲတွေဖြစ်တာပေါ့ဗျာ"
"တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြစ်ခြေရဲစခန်းကို သိမ်းပြီးတဲ့နောက်မှာ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းတွေပြန်ဝင်လာနေလို့ စစ်ရှောင်တွေက အရင်နေရာတွေကနေ နောက်တနေရာကို ထပ်ရှောင်ရတာတွေရှိနေလို့ စစ်ရှောင်စခန်းရယ်လို့ အတည်တကျ မရှိသေးပါဘူး။"

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ ဝန်းကျင်အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
မြစ်ခြေအရှေ့ဘက်ခြမ်းကျေးရွာကနေ ကမ္မမြို့နယ်ထဲအထိ စစ်ဘေးရှောင်နေရသူတယောက်က “ကျနော်တို့တွေ စစ်ဘေးရှောင်လာရတာ ၁ လနီးပါးလောက်ရှိနေပါပြီ။ မိုးကလည်းရွာနေတော့ ဘယ်မှလည်း သွားလို့လာလို့မရဘူးဆိုတော့ နေထိုင်စားသောက်ရေးအတွက် ခက်ခဲလာတယ်။ လူစာတွေအပြင် နွားစာတွေလည်း ခက်ခဲတာပေါ့။ နွားတွေလည်း အစာငတ် ရေငတ် နေနေရတယ်။ လောလောဆယ်အရေးပေါ်လိုအပ်တာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ။ မိုးရွာတွေတော့ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေ နေမကောင်းဖြစ်ကြတယ်။ ဆေးကလည်းမရှိ၊ ဝယ်ချင်တိုင်းလည်း ဝယ်မရတော့ အခက်အခဲတွေဖြစ်တာပေါ့ဗျာ” လို့ ပြောပါတယ်။
မြစ်ခြေမြို့ပေါ်က ပြည်သူတွေအပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်ကြတဲ့ အိုင်ရှည်၊ သဖန်းပင်၊ ပေါက်တော၊ ထန်းတောချောက်၊ ညောင်ပင်၊ ဥယာဉ်၊ နံဂတ်၊ မွန်းနံကုန်း၊ အင်းဝိုင်း၊ ကူကျွန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ဝန်းကျင်က စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ ဝန်းကျင်ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့စလို့ မြစ်ခြေနယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ပြည်သူတွေသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ပခုက္ကူမြို့နယ် လူသားစာနာတာဝန်ခံက “တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြစ်ခြေရဲစခန်းကို သိမ်းပြီးတဲ့နောက်မှာ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းတွေပြန်ဝင်လာနေလို့ စစ်ရှောင်တွေက အရင်နေရာတွေကနေ နောက်တနေရာကို ထပ်ရှောင်ရတာတွေရှိနေလို့ စစ်ရှောင်စခန်းရယ်လို့ အတည်တကျ မရှိသေးပါဘူး။ အဲဒါကြောင့်မို့လို့လည်း အကူအညီတွေ လိုအပ်နေတာပါ။ ကျနော် တို့ဘက် ရရှိထားတဲ့ မြေပြင်စာရင်းတွေအရ နေအိမ်တွေမီးရှို့ခံရတဲ့ပြည်သူ ၄,၀၀၀ ဝန်းကျင် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ ဝန်းကျင်ရှိနေပါတယ်” လို့ DVB ကိုပြောပါတယ်။
စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် မြစ်ခြေမြို့ပေါ်မှာရှိကြတဲ့ ဆွဲကြီးရပ်ကွက်က လူနေအိမ် ၃၂၀၊ ထနောင်းကုန်းရပ်ကွက်က လူနေအိမ် ၁၀၀၊ ရွာသာအေးရပ်ကွက်က လူနေအိမ် ၅၀၊ မြို့သစ် ရပ်ကွက်က လူနေအိမ် ၃၀ နဲ့ ဖိုကုန်းရပ်ကွက်က လူနေအိမ် ၂၀ တို့အပါအဝင် ကျေးရွာတွေက လူနေအိမ်ထောင်ချီပြီး မီးလောင်ပျက်စီးခဲ့ကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နဲ့အတူ အောင်သာပျူစောထီးကျေးရွာက ပျူစောထီးတွေအပါအဝင် ပူးပေါင်း အင်အား ၁,၀၀၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကစပြီး ဇွန် ၆ ရက်နေ့အထိ ၁ လ နီးပါးကြာ မြစ်ခြေမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်းရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသလို အပြစ်မဲ့အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းပြီး ပြည်သူ ၅၀ ဝန်းကျင်ကို လူမဆန်စွာသတ်ဖြတ်ခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မြစ်ခြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြလို့ စစ်တပ်လက်အောက်ခံ ၁၄ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြပါသေးတယ်။