
AI Summary
အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်စေရေးအတွက် လိုအပ်သည့် သံတမန်ရေးရာ အစီအမံများ လုပ်ဆောင်ပေးရန် နိုင်ငံတကာကို တောင်းဆိုလိုက်သည်။ ဤတောင်းဆိုမှုကို ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်မှစ၍ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ကာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့သည်။ စစ်အုပ်စု၏ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်းခြင်းတို့ကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ကချင်ပြည်နယ်တွင် တရားဝင်စာရင်းအရ အိုးအိမ်စွန့်ခွာရသူ ၂၄၄,၅၀၀ ကျော်ရှိသည်။ ထို့အပြင် ငွေကြေးဆိုင်ရာ လက်နက်သဖွယ်အသုံးချမှုများ၊ အင်တာနက်ဖြတ်တောက်မှုများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ကြောင့် ကချင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများ ပြတ်တောက်ကာ အစားအစာ၊ ကျန်းမာရေးနှင့် ပညာရေးလိုအပ်ချက်များ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအပေါ် ဆိုးရွားစွာ ထိခိုက်စေလျက်ရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဦးစားပေးရန်၊ အိုးအိမ်စွန့်ခွာရသူများအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန်နှင့် ခုခံတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာနယ်မြေများသို့ အကူအညီများ ရောက်ရှိစေရန် နိုင်ငံတကာကို တိုက်တွန်းခဲ့သည်။ အရပ်သားကာကွယ်ရေးကို ဦးစားပေးရန်နှင့် ရက်စက်ကြမ်းကြုတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန်လည်း တောင်းဆိုခဲ့သည်။
နိရဉ္စရာ၊ ဇွန် ၁ဝ/၂ဝ၂၆ အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်စေရေး လိုအပ်သည့် သံတမန်ရေးရာ အစီအမံအားလုံးကို လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က တောင်းဆိုလိုက်သည်။ ဇွန်လ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ PAYAP တက္ကသိုလ်တွင်ကျင်းပခဲ့သည့် ကချင်ဒေသ တကျော့ပြန် စစ်ဖြစ်ပွားမှု (၁၅) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသည့် အမျိုးသမီးတစ်ဦးက “ဗုံးကြဲလို့သေတာတွေ မရပ်သေးဘူး။ ဆေးရုံ၊ ဆေးခန်း၊ ကျောင်းတွေကအစ ကြဲတာ။ အမျိုးသမီးတွေကို ဖမ်းတယ်။ ထမင်းချက်ခိုင်းတယ်။ အလိုမတူဘဲ ညဘက် သူတို့နဲ့အိပ်ခိုင်းတယ်။ နိုင်ငံတကာကလည်း အရေးယူပေးစေချင်တယ်။ စစ်တပ်ရဲ့ယုတ်မာမှုကို အားလုံးအထောက်အထားတွေနဲ့ တင်ပြနေပါတယ်” ဟု နိရဉ္စရာကို ပြောသည်။ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအား ဦးစားပေးရန်၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန်၊ ဒေသတွင်းဦးဆောင်သော အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန်နှင့် ခုခံတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများသို့ အကူအညီများ ရောက်ရှိစေရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးရန်၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် လိုအပ်သည့် သံတမန်ရေးရာ အစီအမံအားလုံးကို လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းခဲ့သည်။ “ယနေ့သည် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ ကြား ပဋိပက္ခပြန်လည်စတင်ခဲ့သည့် (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ပိုမိုပြင်းထန်လာခဲ့သည့် ဤစစ်ပွဲသည် ကြီးမားလှသော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေခဲ့ သည်”ဟုလည်း အခမ်းအနားတွင်း ကြေညာခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ တရားဝင်စာရင်းဇယားများအရ ကချင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၄၄,၅ဝဝ ကျော်ရှိသည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် ယင်းထက် များစွာပိုမိုများပြားလိမ့်မည်ဟု ခန့်မှန်းရကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ စစ်အုပ်စု၏ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်း ခြင်းတို့သည် ပြည်သူများကို အဆက်မပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးစေပြီး မြန်မာနိုင်ငံမှ ထွက်ခွာသွားစေရန် တွန်းအားပေးနေကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့၏ ငွေကြေးဆိုင်ရာ လက်နက်သဖွယ်အသုံးချမှုများ၊ အင်တာနက် ဖြတ်တောက်မှုများနှင့် မြစ်ကြီးနားလေဆိပ် ပိတ်ဆို့ခြင်းအပါအဝင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ပင်ထားခြင်းတို့သည် ကချင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများကို ဖြတ်တောက်ထားပြီး အစားအစာ၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြစ်ပေါ်စေကာ ကလေးများ၊ အမျိုးသမီးများနှင့်/မသန်စွမ်းသူများအပေါ် ဆိုးရွားစွာ ထိခိုက်စေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။