
မင်းဘူး-အမ်းလမ်းတွင် စစ်တပ် ထောက်ပို့ကား မိုင်းဆွဲခံရပြီး ၆ ဦး သေဆုံး
AI Summary
မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ မင်းဘူး-အမ်းကားလမ်းပိုင်းတွင် စစ်ကောင်စီ၏ ထောက်ပို့စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံနှင့် ရော့ကတ်ကျည်များ သိမ်းဆည်းရရှိခဲ့သည်။ လက်ရှိတွင် ပူးပေါင်းတပ်ဖွဲ့များက စစ်ရေးစွမ်းရည်ကို ပြသနိုင်ခဲ့ပြီး နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသည်။

မကွေးတိုင်း မင်းဘူးမြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ ထောက်ပို့စစ်ကားတစီးကို မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၆ ယောက် သေဆုံး၊ ၃ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ မင်းဘူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းဘူး-အမ်း ကားလမ်းပိုင်းပေါ်မှာ မေ ၂၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မင်းဘူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ CDF-Asho နဲ့ လူ့ဘောင်သစ် တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ် ၂၀ လောက် ထိတွေ့ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်က ၆ ယောက် သေဆုံးသလို ၃ ယောက်ကိုတော့ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဆီကနေ အူဇီ သေနတ် ၃ လက်၊ MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ မီလီမီတာ ကျည်လက်ဆွဲဘောက် တလုံး၊ ၁၂၂ မီလီမီတာ MLRS ရော့ကတ် ပို့ယမ်းသေတ္တာ ၆ လုံးနဲ့ ၁၂၂ မီလီမီတာ MLRS ရော့ကတ် ၂၈ လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်တပ်စိုးမိုးနယ်မြေအတွင်းနဲ့ ရန်သူ့တပ်အနီးမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်ခဲ့တယ်လို့ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။