
လေးမျက်နှာဒေသခံ ၂ ဦး PDF အတွက် ရိက္ခာသယ်ပေးသူဟု စွပ်စွဲဖမ်းဆီးခံရ
AI Summary
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် လှည့်လည်ဈေးရောင်းချနေသည့် ဒေသခံအရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါဈေးသည်များသည် PDF တပ်ဖွဲ့များထံ ရိက္ခာများသယ်ယူပို့ဆောင်ပေးနေသည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ စက်စက်ယိုကျေးရွာမှ ကိုကျော်ဇင်နှင့် ကိုသူရိန်တို့ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသည်။ စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်၍ တပ်စခန်းတစ်ခုခုတွင် ထိန်းသိမ်းထားနိုင်သည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။ လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးမှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်က ဈေးသည် အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၉ ရက်ညနေပိုင်းမှာ လေးမျက်နှာမြို့နယ်က လှည့်လည်ဈေးရောင်းနေတဲ့ ဒေသခံအရပ်သား ဈေးသည် ၂ ယောက်ကို PDF တပ်သားတွေဆီ ရိက္ခာတွေသယ်ယူပို့ဆောင်ပေးနေတယ်လို့ စစ်အာဏာတပ်ဖွဲ့ဝင်တွေက စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “အိမ်တိုင်ရာရောက် ဈေးလှည့်ရောင်းချတဲ့သူတွေပါ။ အဖမ်းခံရတာ ဟုတ်တယ်။ PDF တွေကို ရိက္ခာတွေသယ်ပေးနေတယ် လို့ စွပ်စွဲဖမ်းခဲ့တာ။ ဘယ်မှာ ဖမ်းတာလဲတော့ မသိသေးဘူး” လို့ပြောပါတယ်။
စက်စက်ယိုကျေးရွာက အသက် ၃၅ နှစ်ကျော်အရွယ် ကိုကျော်ဇင်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုသူရိန်တို့ဖြစ်ပြီး ဘယ်ကိုဖမ်းသွားတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လေးမျက်နှာမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘယ်မှာဖမ်းထားလဲတော့ မသိဘူး။ ဖမ်းခဲ့တာက စစ်တပ်ဘက်က ဖမ်းခဲ့တာဆိုတော့ တပ်ထဲမှာ ဖမ်းထားတယ် လို့ပဲ ယူဆတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သားဈေးသည် ၂ ယောက်ဟာ ဆန်နဲ့စားသောက်ကုန်တွေကို ဘေးတွဲ ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချနေသူတွေဖြစ်ပြီး မေ ၃၀ ရက်မနက်ပိုင်းအထိ အဆက်အသွယ် မရ ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ရဲတွေဟာ လေးမျက်နှာမြို့နယ်မှာ အကြောင်းအမျိုးမျိုးပြပြီး အရပ်သားတွေ ကို ဖမ်းဆီးနေသလို ပြီးခဲ့တဲ့ မတ်လဒုတိယအပတ်ကလည်း အရပ်သားစစ်ရှောင် ၃ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။