
တောင်ကြီးတွင် ဖဲဝိုင်းကိုရဲဝင်ဖမ်းပြီး လူ ၁၅ ဦး ဖမ်းဆီးခံရ
AI Summary
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ ဖဲဝိုင်းတစ်ခုကို ဇွန်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ဖဲဝိုင်းသည် အချိန်ကြာမြင့်စွာ လည်ပတ်နေပြီး လူဝင်လူထွက်များပြားကာ ညဘက်တွင် ဆူညံသံများကြောင့် ရပ်ကွက်နေပြည်သူများ အနှောက်အယှက်ဖြစ်ခဲ့ရသဖြင့် သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ဖဲကစားသူ ၁၀ ဦးနှင့် ရပ်ကြည့်နေသူ ၅ ဦး ပါဝင်သည်။ ၎င်းတို့ကို တောင်ကြီးနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး လောင်းကစားမှုဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ ဤဖမ်းဆီးမှုကြောင့် ရပ်ကွက်နေပြည်သူများအတွက် အနှောက်အယှက်များ ကင်းဝေးသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း အေးသာယာမြို့တွင် ဖဲကစားသူ ၄ ဦး ဖမ်းဆီးခံခဲ့ရဖူးသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်ထဲက ဖဲဝိုင်းကို ဇွန် ၅ ရက် ညနေပိုင်း မှာ ရဲက ဝင်ဖမ်းပြီး စုစုပေါင်း ၁၅ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
အဲဒီအိမ်မှာ ဖဲဝိုင်းလုပ်နေတာ ကြာပြီဖြစ်သလို လူဝင်လူထွက်လည်းများတာကြောင့် ရပ်ကွက် နေသူတွေက သတင်းပေးတိုင်ကြားထားတာရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ညဘက်တွေဆို လူစည်နေတတ်တယ်။ ဆူညံသံတွေလည်း မကြာခဏ ကြားရတော့ ရပ်ကွက်ကလူတွေ အနှောက်အယှက်ဖြစ်လို့ သတင်းပေးထားကြတာ။ အခုလို ဖမ်းသွားတော့ ရပ်ကွက်အတွက်တော့ ကောင်းတာပေါ့” လို့ ပြောပါတယ်။
ဖဲဝိုင်းကနေ ကစားနေသူ ၁၀ ယောက်၊ ရပ်ကြည့်နေသူ ၅ ယောက်ကို ဖမ်းဆီးသွားပြီး သူတို့ကို လက်ရှိ တောင်ကြီးနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး လောင်းကစားမှုနဲ့ သက်ဆိုင်တဲ့ ဥပဒေ ပုဒ်မတွေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကလည်း အေးသာယာမြို့၊ ရပ်ကွက် ၇ ထဲမှာ ဖဲကစားနေသူ ၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတယောက်လည်း ပါပါတယ်။