
အေအိုင် ကွန်ပျူတာ အသိဉာဏ်လောက ကိုယ့်သေတွင်းကိုယ်တူးနေကြသလား
AI Summary
AI ကြောင့် နည်းပညာကုမ္ပဏီများ ဝန်ထမ်းများစွာ အလုပ်ထုတ်၊ ဉာဏလုပ်သားများ AI စိုးရိမ်စိတ် ကြုံရ။ Meta, Oracle တို့ ထောင်ချီ အလုပ်ထုတ်၊ AI ရင်းနှီးမြှုပ်နှံမှု အကြောင်းပြ။ AI သည် အလုပ်များ ဖန်တီးနိုင်၊ လူသားစွမ်းရည် မြှင့်တင်နိုင်ဟု အချို့ဆို၊ သို့သော် AI ကျွမ်းကျင်သူသာ အလုပ်ရမည်ဟု သတိပေး။
ဟိုးအဝေးက ရိုင်ဖယ်ပစ်သံတွေ နောက်ခံနဲ့၊ မြူနှင်းမှုန်တွေ ဝိုးတဝါး ဝေနေတဲ့ တောစပ်နားမှာ၊ ဂေါ်ပြားနဲ့ မြေတူးသံတွေ တချောက်ချောက်၊ တခြားခြား ကြားနေရတာမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မြှုပ်နှံမဲ့ မြေကျင်းတွေကို ကိုယ်တိုင် တူးပေးနေရတဲ့ သေဒဏ်ကျ စစ်သုံ့ပန်းတွေရဲ့ ချောက်ချား သွေးပျက်ဖွယ်၊ မျှော်လင့်ချက်မဲ့နေတဲ့ ဇွန်ဘီမျက်လုံး အကြည့်တွေရှေ့ကနေ အနီးကပ် ဖြတ်ဆွဲသွားတဲ့ ကင်မရာရိုက်ချက်မျိုးကို ကမ္ဘာစစ်နောက်ခံ စစ်ကားရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြမယ် ထင်ပါတယ်။
အဲဒီလို အခြေအနေမျိုးနဲ့ အလားတူပါပဲ။ ဟိုက်ပါအဆင့်မြင့် နည်းပညာ နိုင်ငံကြီးတွေရဲ့ ကွန်ပျူတာ ကီးဘုတ်ရိုက်သံတွေကြားမှာ ကိုယ့်သေတွင်း ကိုယ်တူးနေကြရတဲ့ ဘဝမျိုးကို ရင်ဆိုင်နေရတဲ့ ပညာရှင် လူတန်းစားတွေ လောကအကြောင်း သတင်းတွေမှာ ကြားနေရပါတယ်။ ဒါဟာ ကမ္ဘာ့နည်းပညာ အချက်အချာနိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ ကော်ပိုရိတ် လုပ်ငန်းခွင်တွေထဲမှာ ဉာဏလုပ်သားတွေ အမှန်တကယ် ကြုံတွေ့နေရတဲ့ နောက်ဆုံးပေါ် စိတ်ဒဏ်ရာ၊ အေအိုင်သောကဗျာပါဒ (AI Anxiety) ပါပဲ။
ကမ္ဘာကျော် ကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ်ပဓာန ယဉ်ကျေးမှုကြောင့် အစုအပြုံလိုက် အလုပ်ထုတ်ခံရတဲ့ အပယ်ခံ ဝန်ထမ်းတွေအကြောင်းကို ဒီနှစ်ဆန်းကတည်းက ခပ်စိပ်စိပ် ဖတ်ရပါတယ်။ မကြာခင် ရက်ပိုင်းကပဲ လူမှုကွန်ရက် ဘီလူးကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ မက်တာဟာ ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်ကို အစုအပြုံလိုက် အလုပ်ထုတ်ခဲ့ပါတယ်။ မက်တာ ကုမ္ပဏီဟာ အေအိုင် (AI) အခြေခံ အဆောက်အအုံတွေအတွက် ဒေါ်လာ ၁၄၅ ဘီလီယံအထိ ပုံအော ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝန်ထမ်းအားလုံးရဲ့ ဆယ်ပုံတပုံဖြစ်တဲ့ ဝန်ထမ်း ၈,၀၀၀ ကို ဘတ်ဂျက်ချွေတာရေး ခေါင်းစဉ်နဲ့ ဖယ်ရှားခဲ့တာပါ။
ပိုပြီး ဝေဖန်စရာ ဖြစ်ရတာကတော့ ဝန်ထမ်းတွေကို အလုပ်မဖြုတ်ခင် လပိုင်းအလိုမှာပဲ အဲဒီ ဝန်ထမ်းတွေရဲ့ ကီးဘုတ်ရိုက်ချက်တွေနဲ့ မောက်စ် လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ခိုင်းခဲ့တာပါ။ ပြီးတော့ သူတို့ရဲ့ Llama AI မော်ဒယ်အတွက် ကူးယူ လေ့ကျင့်ပေးဖို့အထိ ကုမ္ပဏီရဲ့ (Capability Initiative) အစီအစဉ်က ခိုင်းစေခဲ့ပါတယ်။ ကိုယ့်မိသားစု စားဝတ်နေရေးကို လုယူသွားမဲ့ မကောင်းဆိုးဝါး သတ္တဝါကြီး သန်စွမ်း လှုပ်ရှားလာနိုင်ဖို့ သူတို့ကိုယ်တိုင် သိသိကြီးနဲ့ ပြုစုစောင့်ရှောက်ခဲ့ကြရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
ဒီလို ဖြစ်စဉ်မျိုးဟာ တရုတ်နိုင်ငံမှာလည်း ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ လောဘသား တရုတ်ကုမ္ပဏီတွေဟာ အေအိုင်စွမ်းဆောင်ရည် မြှင့်တင်ဖို့ ဒေတာလေ့ကျင့်ရေး ခိုင်းစေပြီးမှ လစာနှိမ် ရာထူးချတာနဲ့ အလုပ်ထုတ်ပစ်တာမျိုးတွေကို လုပ်လေ့ရှိပါတယ်။ အလုပ်ထုတ်ခံရတော့မယ်ဆိုတာ သိနေတဲ့ ဝန်ထမ်းတချို့ကလည်း အေအိုင် စနစ်ထဲကို မပြည့်စုံတဲ့ ဒေတာတွေ ထည့်သွင်းပြီး ဆရာစားချန် တုံ့ပြန်ကြပါတယ်။
နစ်နာသူ ကိန်းဂဏန်း အတိအကျကို ဘယ်သူမှ မသိရပေမဲ့ တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဟန်ကျိုးအခြေစိုက် တရားရုံးရဲ့ ၂၀၂၆ ခုနှစ် ဧပြီလ ဆုံးဖြတ်ချက်မှာ အေအိုင် နည်းပညာကို အကြောင်းပြပြီး ဝန်ထမ်းတွေကို အလုပ်ထုတ်တာဟာ တရားမဝင်ဘူးလို့ သတ်မှတ်လိုက်ပါတယ်။ အေအိုင်အသုံးချမှုကို "မရှောင်လွှဲနိုင်တဲ့ မတော်တဆ ဖြစ်ရပ်" အနေနဲ့ အကြောင်းပြပြီး ဝန်ထမ်းလျှော့ချ အလုပ်ဖြုတ်တာကို တရားရုံးက လက်မခံပါဘူး။ ကုမ္ပဏီတွေ အနေနဲ့ ဝန်ထမ်းတွေ အေအိုင်နဲ့ တွဲဖက်လုပ်ကိုင်နိုင်အောင် သင်တန်းပေးဖို့ တာဝန်ရှိတယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ နဂိုကတည်းက လူငယ် အလုပ်လက်မဲ့နှုန်း အဆမတန် မြင့်တက်နေတဲ့ တရုတ်နိုင်ငံမှာ ဒီလို အေအိုင် အစားထိုး လူအင်အားလျှော့ချမှုကနေ ဒေါသူပုန်ထ အုံကြွမှုတွေ ဖြစ်လာမှာကို တရုတ်အစိုးရက အတော်လေး စိုးရိမ်နေပုံရပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေမှာ ထောင်သောင်းချီပြီး အပြိုင်အဆိုင် လူအင်အားလျှော့ချ အလုပ်ဖြုတ်နေကြတာကြောင့် ဒီနှစ် ၂၀၂၆ ခုနှစ်ဟာ အလုပ်ဖြုတ်ရေး နှစ်များလားဆိုပြီး မေးခွန်းထုတ်ရလောက်အောင် ဖြစ်လာပါတယ်။ ၅ လအတွင်းမှာပဲ နည်းပညာကုမ္ပဏီ ၁၅၀ ကျော်ကနေ အလုပ်အကိုင် စုစုပေါင်း ၁ သိန်းခွဲလောက်အထိ လျှော့ချခဲ့ပါတယ်။ နည်းပညာ အလုပ်လျှော့ချမှု စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ layoffs.fyi နဲ့ skillsyncer ရဲ့ အလုပ်ဖြုတ် စောင့်ကြည့်စာရင်းတွေအရ အလုပ်ထုတ်မှု စံချိန်တင်ခဲ့တာကတော့ Oracle ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့က မတ်လမှာတင် ဝန်ထမ်းဦးရေ ၃၀,၀၀၀ အထိ အလုပ်ထုတ်ခဲ့တာပါ။
ဇန်နဝါရီလမှာ Amazon က ဝန်ထမ်း ၁၆,၀၀၀၊ ဖေဖော်ဝါရီလမှာ Cisco က ၄,၀၀၀၊ မတ်လမှာ PayPal က ၂,၅၀၀၊ ဧပြီလမှာ Microsoft က ဝန်ထမ်း ၈,၇၅၀၊ မေလမှာတော့ Meta က ဝန်ထမ်း ၈,၀၀၀ နဲ့ Block ကုမ္ပဏီရဲ့ Square နဲ့ Cash App က ဝန်ထမ်း ၄,၀၀၀ အသီးသီး အလုပ်ထုတ်ပစ်ခဲ့ပါတယ်။
COVID-19 ကာလမှာ ဝန်ထမ်း အလွန်အကျွံ ခန့်ထားခဲ့မိလို့ အင်အားပြန်လျှော့တာပါလို့ တချို့ကုမ္ပဏီတွေက ဆင်ခြေပေးကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းက အေအိုင်ကြောင့် ပိုအလုပ်တွင်လာပြီး ပိုလျှံဝန်ထမ်းတွေကို စွန့်ထုတ်နိုင်တာပဲလို့ မီဒီယာတွေက ထောက်ပြကြပါတယ်။ ငွေဖောင်းပွမှုလို စီးပွားရေး အကျပ်အတည်းတွေလည်း ရှိနိုင်ပေမဲ့ အေအိုင်ကို အားစိုက်ဖို့ အကြောင်းပြတဲ့ ဖေ့စ်ဘွတ်ခ်လို ကုမဏီတွေလည်း ရှိနေပါတယ်။
အခုလို အေအိုင်ကြောင့် ဝန်ထမ်းအင်အား လျှော့ချတာတွေနဲ့ ပတ်သက်ပြီး နည်းပညာကုမ္ပဏီတွေ ကြားထဲမှာ အမြင်ကွဲပြားနေပုံ မျိုးစုံကိုလည်း ဖတ်ရှုရပါတယ်။ Nvidia အေအိုင် နည်းပညာ ကုမ္ပဏီရဲ့ စီအီးအို ဂျန်ဆင်ဟွမ်ကတော့ လူလျှော့ရတာ အေအိုင်ကြောင့်လို့ ပြောနေကြတာ အလွယ်ပြောစကားပဲလို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ဝန်ထမ်းတွေ အလုပ်ပြုတ်တယ်ဆိုတာ ကုမ္ပဏီအကြီးအကဲ စီအီးအိုတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ပဲလို့ ဝေဖန်ပါတယ်။ အေအိုင် နည်းပညာဟာ လူသားတွေရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးဖို့သာ ဖြစ်တယ်လို့ သူက ယူဆထားပါတယ်။ တချို့ ကုမ္ပဏီ အကြီးအကဲတွေဟာ God Complex စိတ်ကြီးဝင်ပြီး အနာဂတ် အလုပ်အကိုင်ဟောကိန်းတွေ ထုတ်နေကြတယ်လို့လည်း စွပ်စွဲပါသေးတယ်။
ဂျန်ဆင်ဟွမ်က နာမည်တပ်ပြီး မပြောပေမဲ့ သူညွှန်းတာဟာ Anthropic ကုမ္ပဏီရဲ့ စီအီးအို ဒရီယို အာမိုဒီ ဖြစ်မယ်လို့ မှန်းဆကြပါတယ်။ အေအိုင် နည်းပညာကြောင့် ကွန်ပျူတာ ပရိုဂရမ်မာလိုမျိုး Code ရေးရတဲ့ အလုပ်တွေမှာ လူအများကြီး မလိုတော့ဘူးလို့ Anthropic အေအိုင်ကုမ္ပဏီ အကြီးအကဲက ခန့်မှန်း ပြောဆိုလေ့ရှိတဲ့ ဟောကိန်းတွေကို ရည်ညွှန်းပုံရတာပါ။
တကယ်လည်း Anthropic အေအိုင်က ၂၀၂၆ ခုနှစ် မတ်လမှာ ထုတ်ပြန်ခဲ့တဲ့ "Labor market impacts of AI” ဆိုတဲ့ သုတေသန စာတမ်းအရ အေအိုင်ကြောင့် ထိခိုက်နိုင်ခြေ အမြင့်မားဆုံး ထိပ်တန်းအလုပ်အကိုင်တွေဟာ ဉာဏအလုပ်တွေ ဖြစ်နေပါတယ်။ အထူးသဖြင့် ကွန်ပျူတာ ပရိုဂရမ်မာ အလုပ်မှာ အေအိုင်အသုံးပြုနိုင်ခြေဟာ ၇၅ ရာခိုင်နှုန်းလောက်အထိ ရှိနေလို့ သူတို့က ထိခိုက်နိုင်ခြေ ပိုများနေတာပါ။ ကိုယ်ကာယ အင်အားစိုက်ထုတ်ရတဲ့ အလုပ်တွေမှာတော့ အေအိုင်ကြောင့် ရိုက်ခတ်မှု အနည်းဆုံး သို့မဟုတ် လုံးဝ မထိခိုက်တာတွေလည်း ရှိပါတယ်။ စုစုပေါင်း အလုပ်သမားထုကြီး တခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကတော့ အေအိုင် နည်းပညာကြောင့် အလုပ်ပြုတ်ဖို့ မစိုးရိမ်ရသေးပါဘူး။
အေအိုင် နည်းပညာဘက်က ခုခံ ပြောဆိုနေတဲ့သူတွေထဲမှာ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇော့လည်း ပါဝင်ပါတယ်။ အေအိုင်ကြောင့် လူတွေ အလုပ်ပြုတ်ပြီး ကမ္ဘာပျက်တော့မလို ပြောနေကြတဲ့ အဆိုးမြင်သမားတွေဟာ လုံးဝမှားယွင်းနေတယ်လို့ သူက ဝေဖန်ပါတယ်။ သူ့ကုမ္ပဏီက ဝန်ထမ်း သောင်းနဲ့ချီ လျှော့ချခဲ့တာဟာ အေအိုင်ကြောင့် မဟုတ်ဘူးလို့လည်း ငြင်းပါတယ်။ ဂေါ်ပြားနဲ့ မြေတူးမဲ့အစား ဘူဒိုဇာစက်ကြီး ရောက်လာတာကို ဝမ်းသာကြရမယ်၊ နည်းပညာက အလုပ်အသစ် သန်းပေါင်းများစွာကို ဖန်တီးပေးလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူနဲ့ သဘောမတူတဲ့ ဝေဖန်သူတွေလည်း အများကြီး ရှိနေပါတယ်။ ဂျက်ဖ် ဘီဇော့ရဲ့ အယူအဆဟာ နည်းပညာ အကူးအပြောင်းကာလမှာ အလုပ်သမားတွေ ခံစားနေရတဲ့ လူမှုစီးပွား ဒဏ်ရာဒဏ်ချက်တွေကို ထည့်မစဉ်းစားတဲ့ အရင်းရှင် လေသံပဲလို့ စွပ်စွဲကြပါတယ်။
အခုလို အလုပ်အကိုင် စျေးကွက်ထဲက အလဲလဲအကွဲကွဲ ဇာတ်လမ်းတွေကို စာသင်ခန်းထဲကနေ လှမ်းမျှော်ကြည့်ရင်း ရင်တထိတ်ထိတ် ဖြစ်နေကြရတာကတော့ ဘွဲ့ရခါစ လူငယ်မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ ဒီနှစ် နွေဦးကာလ အလုပ်အကိုင် ဈေးကွက်ထဲကို တိုးဝှေ့ ဝင်ရောက်လာကြမဲ့ ကောလိပ်အဆင့်ကနေ မဟာဘွဲ့အထိ ဘွဲ့ရကျောင်းဆင်းမျိုးစုံ ဦးရေဟာ အမေရိကတခွင်လုံးမှာ ခန့်မှန်းခြေ ၄ သန်းကျော်အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘွဲ့နှင်းသဘင် ကျောင်းဆင်းပွဲ တခုမှာဆိုရင် Apple ရဲ့ ပူးတွဲတည်ထောင်သူ စတိဗ် ဝေါ့ဇ်နီယက်က ကျောင်းသားတွေကို မိန့်ခွန်းပြောကြားရာမှာ "မင်းတို့မှာ ရှိတာက အစစ်အမှန် ဉာဏ်ရည်ပါပဲ။ အဲဒါ အတုအယောင် ဉာဏ်ရည် မဟုတ်ဘူးကွ" လို့ အားပေးခဲ့ပါတယ်။ ဒါပေမဲ့ တခြား တက္ကသိုလ်တခုမှာတော့ အေအိုင်နည်းပညာတွေအကြောင်း ချီးမွမ်းခန်းဖွင့်နေတဲ့ ပါမောက္ခကို ဘွဲ့နှင်းသဘင်တက် ကျောင်းသားတွေက ဝိုင်းအော်ပြီး လှောင်ပြောင်ကြပါတယ်။
ကမ္ဘာ့ထိပ်သီး သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာ အမျိုးမျိုးမှာလည်း အေအိုင် နည်းပညာကြောင့် လူငယ်တွေရဲ့ အနာဂတ် အလုပ်အကိုင် ထိခိုက်နိုင်ခြေ မျိုးစုံကို ဟောကိန်း ထုတ်ထားတာတွေ အတော်များများ ရှိပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ စစ်တမ်းအရ နည်းပညာနဲ့ အေအိုင် အပြောင်းအလဲကြောင့် လာမဲ့နှစ်တွေအတွင်း ကမ္ဘာပေါ်မှာ အလုပ်အကိုင် ၈၃ သန်းအထိ ပျောက်ကွယ်သွားနိုင်ပါတယ်။ အဲဒီလိုပဲ အရင်က မရှိခဲ့ဘူးတဲ့ အလုပ်အကိုင်အသစ် ၆၉ သန်းလောက်လည်း ပြန်လည် ပေါ်ပေါက်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဂိုးလ်မန်း ဆပ်ခ်စ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ် (IMF) ရဲ့ ပူးတွဲလေ့လာမှုတွေအရ အေအိုင်ကြောင့် ကမ္ဘာတဝန်း အလုပ်အကိုင် သန်း ၃၀၀ လောက်အထိ သက်ရောက်မှု ခံရနိုင်ပါတယ်။ ပြီးတော့ စီးပွားရေးနိုင်ငံကြီးတွေက အလုပ်အကိုင် ၆၀ ရာခိုင်နှုန်း အထိဟာလည်း အေအိုင်ရဲ့ စက်ကွင်းကနေ မလွတ်ပါဘူး။ မက်ကင်ဆေး ကမ္ဘာ့သုတေသနအဖွဲ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၃၀ ပြည့်နှစ်လောက် ရောက်တဲ့အခါ အမေရိကန် စီးပွားရေး ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို အေအိုင်နဲ့ အစားထိုးသွားနိုင်ပြီး အလုပ်အကိုင်ပေါင်း ၁၄ သန်းလောက်အထိ လျော့နည်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နောက်တခါ အမေရိကန် လုပ်သားထုကြီး တခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အလုပ်တချို့ရဲ့ အပိုင်း ၁၀ ပုံ တပုံလောက်ကို အေအိုင်နဲ့ လုပ်ကိုင်နိုင်လာမှာပါ။ အဆင့်မြင့် ဉာဏလုပ်သား ၁၉ ရာခိုင်နှုန်းရဲ့ အလုပ်တဝက်ကျော်ကိုလည်း အေအိုင်နဲ့ လုပ်လို့ ရလာနိုင်မယ်လို့ OpenAI နဲ့ ပင်ဆီဗေးနီးယား တက္ကသိုလ်ရဲ့ သုတေသန စာတမ်းက ခန့်မှန်းထားပါတယ်။ စတန်းဖို့ဒ် တက္ကသိုလ်ရဲ့ လေ့လာမှုမှာတော့ အေအိုင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့သူတွေဟာ အလုပ်တွေကို ၅၆ ရာခိုင်နှုန်းအထိ ပိုပြီး မြန်မြန်ဆန်ဆန် ပြီးမြောက်လာကြတယ်လို့ ဆိုပါတယ်။ Microsoft နဲ့ LinkedIn တို့ရဲ့ Work Trend Index အစီရင်ခံစာမှာလည်း ကမ္ဘာ့ရုံးဝန်ထမ်း ၇၅ ရာခိုင်နှုန်းဟာ အလုပ်တွေထဲမှာ အေအိုင်ကို နေ့စဉ် သုံးစွဲနေကြပြီလို့ ဖော်ပြထားပါတယ်။ "အေအိုင် မသုံးတတ်တဲ့သူတွေကို လုံးဝ အလုပ်မခန့်တော့ဘူး" လို့လည်း လုပ်ငန်းရှင် ကုမ္ပဏီအကြီးအကဲ ၇၁ ရာခိုင်နှုန်းက ပြောဆိုလာကြပါတယ်။
ဒီအစီရင်ခံစာ အများစုမှာ တူညီနေတာကတော့ အေအိုင်ဟာ အလုပ်အကိုင် အားလုံးကို လုယူသွားမှာ မဟုတ်ဘဲ လုပ်ငန်းတချို့ကိုသာ အစားထိုးလာတာ ဖြစ်ပါတယ်။ သမိုင်းထဲက စက်မှုတော်လှန်ရေးမှာ စက်အင်ဂျင်တွေကြောင့် ကာယလုပ်သားတွေသာ ထိခိုက်ခဲ့ရပေမဲ့ ဒီခေတ် အေအိုင်တော်လှန်ရေးမှာတော့ ဉာဏလုပ်သားတွေဟာ အရင်ဆုံးနဲ့ အဆိုးရွားဆုံးခံရမဲ့သူတွေ ဖြစ်လာနေပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထောက်ပြထားချက်အရ နည်းပညာနောက်ကျတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အေအိုင် မသုံးတတ်တဲ့ အလုပ်သမားတွေဟာ အနာဂတ် အလုပ်ဈေးကွက်ထဲ ဝင်တိုးလို့ မရနိုင်တော့တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ ဒါဟာ ဝင်ငွေအနိမ့်အမြင့် ကွာခြားချက်ကို ပိုပြီး ကြီးမားလာစေမဲ့ အလားအလာပဲ ဖြစ်ပါတယ်။
“ခင်ဗျားအလုပ်ကို အေအိုင်က လုယူမှာ မဟုတ်ဘူး၊ အေအိုင်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ လူတယောက်ကပဲ လုယူသွားလိမ့်မယ်” ဆိုတဲ့ သတိပေးသံကိုလည်း ဒီအစီရင်ခံစာတွေထဲမှာ ကျယ်ကျယ်လောင်လောင် ကြားသိနေရပါတယ်။
ထိပ်တန်း အေအိုင်နည်းပညာ ကုမ္ပဏီခေါင်းဆောင်တွေက အေအိုင်ကြောင့် အားလုံး ပိုကောင်းအောင် လုပ်နိုင်လာကြမယ်၊ အလုပ်အသစ်တွေ ထပ်ပေါ်လာမယ်လို့ တွင်တွင် ပြောဆိုနေကြပါတယ်။ အဲဒီလို ပြောနေကြတဲ့ ကြားကပဲ နည်းပညာ ကုမ္ပဏီတွေ လူအင်အား လျှော့ချတဲ့ သတင်းတွေနဲ့ အနာဂတ်မှာ ဒီထက်ပိုပြီး လူလျှော့နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ စစ်တမ်းတွေကို ပြိုင်တူ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။
နောက်ဆုံးပိတ်အနေနဲ့ လူငယ်တွေကို မေးကြည့်ချင်စရာကတော့ အေအိုင်နည်းပညာနဲ့ အနာဂတ် လူ့ဘုံလောကကို ဘယ်လိုမျိုး မျှော်မြင် ပြင်ဆင်ကြမလဲ ဆိုတာပါပဲ။ ဒီနှစ်ဆန်း ဇန်နဝါရီလက ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၂၀၂၆ အတွင်း ထိပ်တန်း နည်းပညာ စီးပွားရေးသမား အီလွန်မတ်စ်ခ်ရဲ့ အဆိုအရတော့ "အနာဂတ်မှာ ကမ္ဘာပေါ်က လူသားဦးရေထက် ဟူမနွိုက် (Humanoid) စက်ရုပ် အရေအတွက်က ပိုများလာမယ်၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ပေါများလာပြီး ရေရှည်တည်တံ့တဲ့ ပြည့်စုံကြွယ်ဝမှု ခေတ်ကို ရောက်လိမ့်မယ်" လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ အေအိုင်နည်းပညာက လူတွေကိုယ်စား အလုပ်တွေ လုပ်ကိုင်ပေးနိုင်လာရင် လူတွေအနေနဲ့ အလုပ် လုပ်နေစရာ မလိုတော့ဘဲ အခြေခံလစာတွေ ရရှိနေကြမယ်လို့လည်း သူက ပြောလေ့ရှိပါတယ်။ ဒါဟာ နည်းပညာ လောကနိဗ္ဗာန် ဆန်နေတာပါ။ သူက "အဆိုးမြင်သမားတယောက်အနေနဲ့ မှန်ကန်နေတာထက် လွဲချင်လွဲ၊ မှားချင်မှား အကောင်းမြင်သမား ဖြစ်ရတာက ဘဝရဲ့ အရည်အသွေးအတွက် ပိုကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အေအိုင်နဲ့ ဟူမနွိုက် စက်ရုပ်နည်းပညာတွေနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ သူ့ရဲ့ စကားမှာတော့ အငြင်းပွားစရာတွေ ရှိနိုင်ပါတယ်။ သူပြောသလို လွဲချင်လွဲ၊ မှားချင်မှား အကောင်းမြင်တဲ့ သဘောလေးနဲ့ ကြည့်ပြီး စိတ်ချမ်းသာအောင် နေကြစို့ ဆိုတာကတော့ မြန်မာလူငယ်တွေ ပြောလေ့ရှိကြသလို “ပျော်ပျော်နေ သေခဲ၊ မော်တော်နေ ရေထဲ” ဆိုတဲ့ စကားကြွယ်ပုံမျိုးပါပဲ။
နိုင်ငံတကာရောက် မြန်မာပြည်သားတွေရော ဘယ်လိုမျိုး ကိုယ်တွေ့ ရင်ဆိုင်နေကြရပါသလဲ။ မြန်မာပြည်တွင်းက လူငယ်တွေမှာရော နိုင်ငံတကာ အေအိုင်နည်းပညာကို ရင်ပေါင်တန်း လိုက်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေမလဲ ဆိုတာတွေကို Comment မှာ ရင်ဖွင့် မျှဝေပေးစေချင်ပါတယ်။
သန်းဝင်းထွဋ်