
ပဲခူးတိုင်းရှိ စစ်စခန်း ၂ ခုကို PDF သိမ်းယူ၊ စစ်တပ် ဗိုလ်မှူးအပါအဝင် ၂၀ ကျော်သေဆုံး
AI Summary
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ဘေး စစ်တပ်စခန်းနှစ်ခုကို ဇွန်လ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း Nay Pyi Taw – PDF က ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများတွင် ဆွာမကြီးစခန်းနှင့် ရွာသစ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ စစ်တပ်စခန်းများ မရှိတော့ပါက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ရေတာရှည်မြို့ပေါ်သို့ ရောက်ရှိရန် လွယ်ကူလာမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်းများ ကြုံတွေ့နေရသည်။ စစ်တပ်သည် သက်ကြီးရွယ်အိုများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ လုယက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားသည်။ လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား ပိတ်ထားသဖြင့် ဒေသခံများမှာ လုံခြုံရာသို့ ရွှေ့ပြောင်းရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဘေးရှိ စစ်တပ်စခန်းနှစ်ခုကို ဇွန်လ ၃ ရက် နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၂၀ ကျော် သေဆုံးသည်ဟု နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (Nay Pyi Taw – PDF) က ထုတ်ပြန်သည်။
Nay Pyi Taw – PDF၏ ဇွန်လ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် သေဆုံးသွားသည့် ဗိုလ်မှူးသည် ဆွာမကြီးစခန်းကိုဦးဆောင်သူဖြစ်ပြီး တင့်ကားတပ်ရင်း တကရ (၆၀၁၇) မှ ဗိုလ်မှူးကျော်လင်းအောင် (ကြည်း – ၄၄၇၂၉) ဖြစ်သည်ဟု ဆိုသည်။
ဇွန်လ ၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ် အချိန်တွင် ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရန်သူ့အင်အား ၆၀ ခန့် တပ်စွဲထားသော ဆွာမကြီး (ဆွာရွာမ) ကျေးရွာ စစ်စခန်းနှင့် နံနက် ၆ နာရီ ၃၀ မိနစ် အချိန်တွင် ရွာသစ်ကျေးရွာစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Nay Pyi Taw- PDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဆွာမကြီးရွာက စစ်တောင်းမြစ်ဘေးကပ်လျက်ပဲ၊ PDF တွေက လေးဘက်လေးတန်ညှပ်ပြီး တိုက်တော့ ပြေးစရာနေရာမရှိဘူး။ မြို့ပေါ်က စစ်ကူတွေလည်း မလာတော့ သေတဲ့သူကသေ၊ ပြေးတဲ့သူက ပြေးကြတာပဲ” ဟု စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင်နေထိုင်ပြီး တိုက်ပွဲကို ကြုံတွေ့ခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဆွာမကြီးစစ်စခန်း သိမ်းပိုက်ရာတွင် G-3 ၁၁ လက်၊ MA-1 တစ်လက်၊ MA-11 တစ်လက်၊ ပစ္စတို တစ်လက် အပါအဝင် အခြား လက်နက်နှင့်ခဲယမ်းမျိုးစုံ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရမိသည်ဟုလည်း Nay Pyi Taw- PDF က ထုတ်ပြန်ထားသည်။
လတ်တလောတွင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် ဆွာမကြီးရွာနှင့် ရွာသစ်ရွာတို့တွင် စစ်တပ်အထိုင်ချ စခန်းများသာရှိပြီးကျန်နေရာအများစုသည် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည်။
ဆွာမကြီးရွာနှင့် ရွာသစ်ရွာရှိ စစ်တပ်အထိုင်စခန်းများ မရှိတော့လျှင် ရန်ကုန်- မန္တလေး လမ်းဟောင်းပေါ်ရှိ ရေတာရှည်မြို့ပေါ်သို့ရောက်ရှိရန် စစ်တောင်းမြစ်ကူးတံတားသာ ကျော်ဖြတ်ရန် ကျန်ရှိတော့ကြောင်း ဒေသခံများက ဆိုသည်။
အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ နီးပါးရှိသည့် ဆွာမကြီးကျေးရွာရှိ စစ်တပ်စခန်းကို ကတုတ်ကျင်းများ၊ ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားပြီး ယင်းရွာရှိ ဘုန်းကြီးကျောင်းထဲတွင် စစ်တပ်စခန်းကို အထိုင်ချ တည်ဆောက်ထားကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်အထိုင်စခန်းချထားသည့် ဆွာမကြီးကျေးရွာသည် ၂၀၂၄ ခုနှစ်နောက်ပိုင်းမှစ၍ မြို့ပေါ်သို့ မပြောင်းရွှေ့နိုင်သည့် ဒေသခံအနည်းငယ်သာ နေထိုင်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးနှင့် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ကျေးရွာဖြစ်သည်။
“ရွာမှာက လူသိပ်မရှိတော့ဘူး။ အခုတိုက်ပွဲဖြစ်တော့လည်း PDF တွေက စခန်းသိမ်းပြီး လမ်းကြောင်းဖွင့်ပေးလို့ အခြားရွာတွေဆီရှောင်လို့ရတာ၊ အခုကတော့ စစ်ကြောင်းလည်းထိုး၊ လေကြောင်းလည်း တိုက်ခိုက်နေပြီး၊ နှစ်ဖက်စလုံးကလည်း စစ်ရေးကတော့တင်းမာနေသေးတယ်” ဟု တိုက်ပွဲကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး မြို့ပေါ်သို့ တိမ်းရှောင်လာနိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့် စစ်ရှောင်များသည် စစ်တပ်လုံခြုံရေးရယူထားသည့် စစ်တောင်းမြစ်ကူးတံတားကို ဖြတ်သန်းရန် ငွေကြေးများ ပေးဆောင်ရပြီး မပေးနိုင်သူများအနေဖြင့် တိုက်ပွဲမဖြစ်ပွားသေးသည့် ကျေးရွာများသို့ တိမ်းရှောင်နေရသည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။
ထိုသို့ စစ်စခန်းနှင့် လက်နက်များ သိမ်းဆည်းရရှိမိပြီးနောက် စစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးကြဲချမှုများကြောင့် ပြည်သူအချို့ ထိခိုက်ဆုံးပါးမှုများနှင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟုလည်း Nay Pyi Taw- PDF က ထုတ်ပြန်ထားသည်။
“အခုက စစ်တောင်းမြစ်ကူးတံတား ပိတ်ထားတော့ မြို့ပေါ်လည်း သွားမရဘူး။ စစ်ကြောင်းမလာတဲ့ တိုက်ပွဲနဲ့ဝေးတဲ့ ရွာတွေမှာလှည့်ပတ်ပြီး ပြေးနေကြရတာ။ အခုလာတဲ့ စစ်သားတွေက ကြမ်းတယ်၊ ဗမာစကား ကောင်းကောင်းမပြောတတ်တဲ့ သူတွေတောင်ပါတယ်။ ပြီးတော့ ဈေးဆိုင်၊ အိမ်တွေထဲဝင်ပြီး တန်ဖိုးရှိတာ အကုန်ယူ၊ ဖောကားတွေ လယ်ထွန်စက်တွေဆိုလည်း မောင်းသွားကြတာ” ဟု လုံခြုံရေးအရ ရွာ အမည်မဖော်လိုသည့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး တစ်ရက်အကြာ ဇွန်လ ၄ ရက်တွင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာများသို့ အင်အားရာနှင့်ချီသော စစ်ကြောင်းများ ရောက်ရှိလာပြီး သက်ကြီးရွယ်အိုများကို ဘုန်းကြီးကျောင်းတွင် ဓားစာခံအဖြစ်ဖမ်းဆီးထားခြင်း၊ ဒေသခံများကို စစ်ကြောင်းရှေ့မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ယူသွားခြင်းတို့ကြောင့် ထိတ်လန့်နေကြရသည်ဟုလည်း ထိုအဖြစ်အပျက်များကို မြင်တွေ့ခဲ့ပြီး ဆွာမြို့ပေါ်သို့ တိမ်းရှောင်လာသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများအတွင်း စစ်တပ်စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၁၈၊ ၁၉) တပ်ရင်းများ၊နေပြည်တော်၊ ရေတာရှည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းမဟာမိတ်များနှင့် တိုက်ပွဲဖြစ်နေသည်ဟုလည်း Nay Pyi Taw- PDF က ထုတ်ပြန်သည်။
“အခုညနေ တိုက်ပွဲဖြစ်တဲ့ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားနေရဆဲပဲ၊ ထိတွေ့တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပဲ။ ပိတ်မိနေတဲ့ ဒေသခံတွေလည်း အများကြီး ကျန်သေးတယ်” ဟု ဇွန်လ ၇ ရက် ညနေပိုင်းတွင် ကြုံတွေ့နေသည့် အခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။
ဇွန်လ ၇ ရက်တွင် ပဲခူးရိုးမနှင့် ကပ်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည်ဟု ယူဆသည့် စည်ပိုင်း၊ ပိတောက်ကုန်း၊ နားကျပ်ရွာတို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ လူနှစ်ဦး ဒဏ်ရာရသွားသည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။
ပဲခူးအရှေ့ပိုင်းတွင် စစ်ရေးပြင်းထန်နေသည်။ အနောက်ပိုင်း အုတ်ဖိုမြို့နယ် အရှေ့ပိုင်းရှိ ဇီးတောလေး၊ ကျွဲတဲကုန်း၊ ချောင်းဆုံလေး၊ ကျွန်းလှကုန်း၊ ကြို့ကြာကွင်း ကျေးရွာတို့ရှိ နေအိမ်များကို စစ်တပ်က ဇွန်လ ၁ ရက်မှစ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူများကို ဖမ်းဆီးကာ နေအိမ်မှ ပြည်သူ့ပစ္စည်းများကို လည်း ဖောက်ထွင်းယူကြသည်ဟု စစ်ရှောင်များကို ကူညီနေသူအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင်လည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဘေးရှိ ဆွာမကြီးကျေးရွာအနီးရှိ ရွာသစ်ကျေးရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ဒုတိယ ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး နှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
Myanmar Now