
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းလွန်တွင် ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားပြီး ဆူနာမီ သတိပေးချက်ထုတ်ပြန်
AI Summary
ဇွန်လ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်း ကမ်းလွန်၌ ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အမေရိကန်တို့က ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဂျာမန် ဘူမိသိပ္ပံ သုတေသန စင်တာ (GFZ) က ငလျင်သည် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်၏ Phivolcs အေဂျင်စီက ငလျင်ပမာဏ ၇.၀ အဆင့်ရှိပြီး ပျက်စီးဆုံးရှုံးမှုများနှင့် တစ်မီတာကျော်မြင့်သော ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း မာနာဒိုမြို့ရှိ မျက်မြင်သက်သေများက ငလျင်လှုပ်ခတ်မှုကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ လက်ရှိအချိန်အထိ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ချက်ချင်း သတင်းမရရှိသေးသော်လည်း ဆူနာမီလှိုင်းများသည် နာရီပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် ငလျင်လှုပ်ခတ်မှုများသော "ပစိဖိတ် မီးကွင်းဂဟေ" ထဲတွင် ပါဝင်သောကြောင့် ယခုကဲ့သို့ ငလျင်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
နိရဉ္စရာ၊ဇွန် ၈/၂၀၂၆
တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်း ကမ်းလွန်တွင်ပြင်းအားပမာဏ ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ငလျင်သည် အနက် ၁၀ ကီလိုမီတာ (၆.၂ မိုင်) ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဂျာမန် ဘူမိသိပ္ပံ သုတေသန စင်တာ (GFZ) ကပြောသည်။
ဖိလစ်ပိုင်နှင့် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတို့၏ ဘူမိရူပဗေဒ အေဂျင်စီများက ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြသည်။
နိုင်ငံအသီးသီးတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ချက်ချင်း သတင်းမရရှိသေးဟုဆိုသည်။
အမေရိကန် ဆူနာမီ သတိပေး စနစ်ကလည်း အဆိုပါ ငလျင်အတွက် ဆူနာမီ ဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင် အေဂျင်စီတစ်ခုဖြစ်သော Phivolcs က ငလျင်ပမာဏသည် ၇.၀ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများနှင့် တစ်မီတာ (တစ်ကိုက်) ကျော်မြင့်သော ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းလှိုင်းများသည် နာရီပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ BMKG ကမူ ငလျင်ပမာဏကို ၇.၇ အဆင့်ဟု သတ်မှတ်သည်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း မာနာဒိုမြို့ရှိ မျက်မြင်သက်သေများကလည်း ငလျင်လှုပ်ခတ်မှုကို အလွန်ပြင်းထန်စွာ ခံစားခဲ့ရကြောင်း ပြောသည်။
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တောင်အမေရိကမှ ရုရှားအရှေ့ဖျားဒေသအထိ သွယ်တန်းနေပြီး ငလျင်လှုပ်ခတ်မှု အလွန်များပြားသည့် "ပစိဖိတ် မီးကွင်းဂဟေ" (Pacific Ring of Fire) ထဲတွင် ပါဝင်ပြီး ဘူမိဗေဒတည်ဆောက်ပုံအရ ရှုပ်ထွေးသော ဒေသများ ဖြစ်ကြသည်။
Ref: Reuters