
မြန်မာ့သတ္တုတွင်းများကြောင့် မြစ်များအဆိပ်သင့်မှု ထိန်းချုပ်ရန် ခက်ခဲနိုင်ဟု အမေရိကန်ပညာရှင် သတိပေး
AI Summary
မြန်မာနိုင်ငံဘက်ရှိ သတ္တုတွင်းလုပ်ငန်းများမှ အဆိပ်သင့်ပစ္စည်းများ နမ့်ခုတ်မြစ်နှင့် ဆိုင်းမြစ်အတွင်းသို့ စိမ့်ဝင်ကာ ထိုင်းနိုင်ငံဘက်သို့ စီးဆင်းလာသည့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် အမေရိကန်ပညာရှင်တစ်ဦးသည် ထိုင်းအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဤညစ်ညမ်းမှုသည် မြန်မာနိုင်ငံဘက်မှ သတ္တုတွင်းလုပ်ငန်းများကြောင့် ဖြစ်ပြီး ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်များရှိ စိုက်ပျိုးရေးမြေများ ညစ်ညမ်းမှု စုပုံလာနိုင်သည့် အန္တရာယ်ရှိသည်။ မေလအတွင်း ကောက်ယူခဲ့သော ရေနမူနာများအရ မြစ်ရေအရည်အသွေးသည် စံချိန်မမီဘဲ အထူးသဖြင့် အာဆင်းနစ်ပါဝင်မှုနှုန်း မြင့်မားနေသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် မယ်ဆိုင်မြို့နယ်မှ မြေဆီလွှာနမူနာများသည် ဘေးကင်းလုံခြုံသည့် စံနှုန်းအတွင်း ရှိနေသေးသော်လည်း အဆိပ်သင့်ပစ္စည်းများ ဆက်လက်စီးဆင်းလာပါက အခြေအနေပြောင်းလဲနိုင်ကြောင်း သတိပေးထားသည်။ ထိုင်းပညာရှင်များက ပြဿနာကို မြန်မာနိုင်ငံရှိ အရင်းအမြစ်နေရာ၌ ထိန်းချုပ်ရန် အထိရောက်ဆုံးဖြစ်ကြောင်းနှင့် မြစ်များတွင် အနည်အနှစ်များကို ပိတ်ဆို့ရန် တာတမံများ တည်ဆောက်ရန် အဆိုပြုထားသည်။ ညစ်ညမ်းမှု၏ အရင်းအမြစ်ကို ခိုင်မာစွာ သက်သေပြနိုင်ပါက မြန်မာနှင့် တရုတ်အစိုးရတို့အနေဖြင့်လည်း ဖြေရှင်းရာတွင် တာဝန်ယူသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်ရှိ သတ္တုတွင်းလုပ်ငန်းများကြောင့် နမ့်ခုတ်မြစ်နှင့် ဆိုင်းမြစ် (Kok and Sai rivers) အတွင်းသို့ အဆိပ်သင့်ပစ္စည်းများ စိမ့်ဝင်နေပြီး ထိုင်းနိုင်ငံဘက်သို့ စီးလာနေသည့် နယ်စပ်ဖြတ်ကျော် မြစ်ရေ ညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အမေရိကန် အထူးကျွမ်းကျင်သူတစ်ဦးသည် လက်ရှိတွင် ချင်းရိုင်သို့ ရောက်ရှိကာ ထိုင်းအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း Thai PBS သတင်းတွင်ဖော်ပြသည်။
ထိုအမေရိကန်ပညာရှင် တက္ကဆက်နည်းပညာတက္ကသိုလ် (Texas Tech University) မှ ပရော်ဖက်ဆာ ဒန်နီ ရိုင်ဘယ်လ် (Professor Danny Reible) သည် ထိုင်းသိပ္ပံ၊ သုတေသနနှင့် တီထွင်မှု (TSRI) ရုံးမှ Dr Thanaphol Penrat၊ Mae Fah Luang University မှ ဒေါက်တာ Dr Suebsakun Kidnukorn တို့နှင့်အတူ ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်များရှိ Kok မြစ်နှင့် Sai မြစ်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့သည်။
ထိုင်းသိပ္ပံ၊ သုတေသနနှင့် တီထွင်မှုရုံးမှ ဒေါက်တာ ဓနုဖွန် က “နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုကို တားဆီးဖို့ အထိရောက်ဆုံးက မြန်မာနိုင်ငံက အရင်းအမြစ်နေရာမှာပဲ ပြဿနာကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို မလုပ်နိုင်သေးခင်မှာ ချင်းမိုင်နဲ့ ချင်းရိုင်က စိုက်ပျိုးရေးမြေတွေထဲ ညစ်ညမ်းမှုတွေ စုပုံလာတာကို လျှော့ချဖို့ အရေးတကြီး လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်း မြေဆီလွှာနမူနာ စစ်ဆေးချက်များအရ ညစ်ညမ်းမှုအခြေအနေသည် ဘေးကင်းလုံခြုံစိတ်ချရသည့် စံနှုန်းအတွင်း၌သာ ရှိနေသေးသဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးရန် စိတ်ချရသေးသော်လည်း၊ အဆိပ်သင့်ပစ္စည်းများ ဆက်လက်စီးဆင်းလာလျှင်အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း ၎င်းက သတိပေးထားသည်။
ထို့ကြောင့် မြစ်များတွင် အနည်အနှစ်များကို ပိတ်ဆို့ရန် တာတမံများ တည်ဆောက်ရန် အဆိုပြုထားသည်။
အမေရိကန်ပညာရှင်ကလည်း သတ္တုညစ်ညမ်းမှုကို မူလအရင်းအမြစ်နေရာ၌ မဖြေရှင်းနိုင်လျှင် ရေစီးသန်သည့် အချိန်မျိုးတွင် ထိုင်းနိုင်ငံဘက်၌ ကိုင်တွယ်ရန် ပိုမိုခက်ခဲလိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါအဆိပ်သင့်ပစ္စည်းများသည် ရေထဲတွင် မျောပါနေခြင်း သို့မဟုတ် အနည်ထိုင်သွားခြင်း ရှိ၊ မရှိကို ခွဲခြားသတ်မှတ်ရမည်ဖြစ်ပြီး အနည်ထိုင်အခြေအနေတွင် ကိုင်တွယ်ရ ပိုမိုလွယ်ကူကြောင်း ထောက်ပြခဲ့သည်။
အလားတူ မယ့်ဖာလောင် တက္ကသိုလ်မှ ဒေါက်တာ စစ်စကွန်က ညစ်ညမ်းစေသည့် အရာများသည် မြန်မာပြည်တွင်းရှိ သတ္တုတွင်းလုပ်ငန်းများမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေပြနိုင်လျှင် မြန်မာနှင့် တရုတ်အစိုးရတို့အနေဖြင့်လည်း ယခုပြဿနာကို ဖြေရှင်းရာတွင် တာဝန်ယူ ပါဝင်ပတ်သက်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေလ ၁၉ ရက်မှ ၂၂ ရက်အတွင်း နမ့်ခုတ်မြစ်၊ ဆိုင်းမြစ်၊ ရွတ်မြစ်နှင့် မဲခေါင်မြစ်တို့ (Kok, Sai, Ruak, Mekong rivers) အပါအဝင် ချင်းရိုင်နှင့် ချင်းမိုင်ရှိ နေရာပေါင်း ၂၂ နေရာမှ ရေနမူနာများကို ကောက်ယူစစ်ဆေးခဲ့ရာ ရေအရည်အသွေးသည် စံချိန်စံညွှန်း မမီကြောင်း တွေ့ရှိရသည်။
အထူးသဖြင့် ရေထုအတွင်း အာဆင်းနစ် ပါဝင်မှုနှုန်းသည် တစ်လီတာလျှင် ၀.၀၁၀ မီလီဂရမ် ထက် ကျော်လွန်နေကြောင်း သိရသည်။ သို့သော်လည်း ကက်ဒမီယမ်၊ နီကယ်၊ ခရိုမီယမ်၊ ဇင့် (သွပ်) နှင့် ပြဒါး ကဲ့သို့သော အခြား လေးလံသည့် သတ္တုဓာတ် (Heavy metals) များ ပါဝင်မှုနှုန်းမှာမူ လက်ခံနိုင်သည့် ကန့်သတ်ချက်များအတွင်း၌သာ ရှိနေသေးကြောင်း သိရသည်။
ကိုးကား – Thai PBS World