
ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ
AI Summary
စစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် မင်းတပ်မြို့နယ်ကို ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်စစ်ကြောင်းများဖြင့်လည်း ထိုးစစ်ဆင်လျက်ရှိသည်။ ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့တွင် မင်းတပ်မြို့ပေါ်နှင့် မြို့အရှေ့ဘက်ခြမ်းကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ စစ်တပ်၏ မြေပြင်စစ်ကြောင်းထိုးမှုကြောင့် မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာမှ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးတို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့မှာ အရပ်သားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဤထိုးစစ်များကြောင့် မင်းတပ်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာခုနစ်ရွာခန့်မှ ဒေသခံ ၁၇,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ဘေးရှောင်ပြည်သူများသည် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် စရိတ်စက ပိုမိုကုန်ကျပြီး အစားအသောက် အခက်အခဲများ ကြုံတွေ့နေရကာ ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရသည်။ စစ်တပ်သည် ချင်းပြည်မြောက်ပိုင်းရှိ နယ်မြေများ လက်လွှတ်ခဲ့ရပြီးနောက် တောင်ပိုင်းရှိ နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် အင်အား ၂,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများက ပြင်းထန်စွာ ခုခံတုံ့ပြန်လျက်ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ချင်းပြည်နယ်တွင် တောင်ပိုင်းကို အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်တပ်က နာမည်ကျော်ခရီးသွားဒေသ ခေါနုသုမ် (နတ်မတောင်) ရှိရာ မင်းတပ်မြို့နယ်ကို ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်နေကြောင်း သိရသည်။
ယမန်နေ့ (ဇွန်လ ၇ ရက်) နံနက်အစောပိုင်းမှစတင်၍ မင်းတပ်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ ထို့အပြင်ယနေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင်လည်း မင်းတပ်မြို့ အရှေ့ခြမ်းကို တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးခြောက်လုံးကြဲချခဲ့သည့်အပြင် Y 12 လေယာဉ်ဖြင့်လည်း အတွဲလိုက်ဗုံးများ ကြဲချခဲ့ကြောင်းသိရသည်။
“မနေ့က မြို့ပေါ်ကိုပဲတောက်လျှောက်ပဲ။ ဒီနေ့က မြို့ပေါ်နား” ဟု မင်းတပ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ပေါ်ရှိ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများထံကသိရသည်။
စစ်တပ်ကအင်အားဖြည့်တင်းပြီး ချင်းပြည်နယ် တောင်ပိုင်းမှ တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် မင်းတပ်နှင့် ကန်ပက်လက် နယ်မြေများသို့ အင်အား နှစ်ထောင်ကျော်ဖြင့် ထိုးစစ်ဆင်လာရာ မေလလယ်မှစတင်၍ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ချင်းပြည်သူ့အစည်း အရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA)ကထုတ်ပြန်ထားသည်။
ဆောမြို့နယ်၊ ကျောက်ထုမြို့ဘက်မှ မင်းတပ်ဘက်သို့ ဇွန်လဆန်းတွင် မြေပြင်စစ်ကြောင်းထိုးလာသည့် စစ်တပ် တပ်ဖွဲ့က မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာမှ အသက် ၁၆ နှစ်အရွယ်လူငယ်တစ်ဦးနှင့် အသက် ၆၀ ကျော်အမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာတွင် သတ်ဖြတ်ခံရသည့် အသက် ၆၀ ကျော်အရွယ်အမျိုးသား ။ (ဓာတ်ပုံ – ပေးပို့)
“စစ်ကြောင်းစဝင်တာ မသိဘဲ ရွာထိပ်ကိုဖြတ်မိတာ။ အဲ့ဒီမှာဖမ်းထားကြတာ။ ဘယ်အချိန်သတ်လဲ မသိပေမယ့် စကစ တယ်လီဂရန်ကနေ သူတို့အလောင်းနဲ့ သေနတ်ပုံတွေနဲ့တင်ပြီး PDF ရတယ်ဆိုပြီး တင်မှအမျိုးတွေကသိပြီးအတည်ပြုကြတာ”ဟု အထက်ပါ မင်းတပ်မြို့နယ် ဒေသခံက ပြောသည်။
အသတ်ခံရသူနှစ်ဦးသည် စစ်တပ်စွပ်စွဲသကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမဟုတ်ဘဲ အရပ်သားပြည်သူ များသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်စစ်ကြောင်းနှင့်လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် မင်းတပ်မြို့ပေါ်နှင့် အနီးအနား ခုနစ်ရွာခန့်မှ ဒေသခံ ၁၇,၀၀၀ ကျော်သည် နီးစပ်ရာကျေးရွာများ၊ တောတောင်များနှင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ငွေကြေးတတ်နိုင်သူအချို့မှာမူ ပခုက္ကူ၊ မန္တလေးစသည့်မြို့ကြီးများတွင် ခိုလှုံနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီထံက သိရသည်။
“(တချို့ရွာတွေဆိုရင်) ဘာအကြောင်းရင်းမှ မရှိဘဲလေကြောင်းတိုက်ခိုက်ခံရတာ သုံးကြိမ်လေးကြိမ် လောက်ရှိတယ်။ ဆိုတော့သူတို့ကရွာထဲတွေမှာလည်းမနေရဲဘူး။ စစ်ဖြစ်နေလို့ စစ်ဖြစ်နေတဲ့နေရာမှာ ကြဲမယ်လို့ ဗုံးကြဲမယ်လို့တွက်လို့မရဘူးပေါ့။ ရမ်းသန်းပြီးကြဲနေတာရှိတယ်။ ညမှာဆိုလည်း ဒရုန်းတွေ အများအပြား အမြဲတွေ့ရလေ့ရှိတယ်။ ပြည်သူတွေ ထိတ်လန့်နေရတယ်။ ကြောက်ရွံ့နေရတယ်။ လူစု လူဝေးမလုပ်ရဲဘူး။ မီးတွေလည်းမထွန်းရဲဘူး။ ပြတင်းပေါက်တွေလည်းမဖွင့်ရဲဘူး။ ပိတ်ပြီးတော့ပဲ နေကြတယ်။ တချို့ဆို ကတုတ်ကျင်းထဲမှာပဲ နေကြတယ်”ဟု မင်းတပ် စစ်ဘေးရှောင်ကော်မတီ တာဝန်ခံ ကိုလောရန့်ကပြောသည်။
ယခုတကျော့ပြန်ထိုးစစ်ကြောင့် စစ်ဘေးရှောင်ရချိန်တွင် မြင့်တက်နေသည့် စက်သုံးဆီဈေးနှုန်းများ၊ ကုန်ဈေးနှုန်းများကြောင့် စရိတ်စက ပိုမိုကုန်ကျပြီး အခက်ခဲနှင့် ရင်ဆိုင်နေရကြကြောင်း ကိုလောရန့်က ဆိုသည်။
“ ပြောင်းတယ် ရွှေ့တယ် ခိုလှုံတဲ့နေရာမှာ ဟင်းသီးဟင်းရွက်ဝယ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ စိုက်စားပဲများတယ်။ တအားခဲယဉ်းတယ်။ အဓိက အောက်ပြည်အောက်ရွာ ယောနယ်နဲ့ထိစပ်တဲ့နေရာမှာသာလျှင် ဝယ်ယူစားသောက်လို့ရတယ်။ အတွင်းပိုင်းမှာတော့ ကိုယ့်အိမ်နဲ့ ကိုယ်စိုက်ပျိုးစားသောက်ကြတာ များတယ်ဆိုတော့ ပြောင်းပြီဆိုတာနဲ့ ကိုယ်တိုင် စိုက်ပျိုးစားသောက်ဆိုတော့ အတည်တကျလည်း မရှိတဲ့အနေအထားမျိုးမှာ ထွန်ယက်စိုက်ပျိုးဖို့ မြေကများသော်ငြားလည်း အစားအသောက်ကအစ အင်မတန်ခက်ခဲပါတယ်”ဟု ၎င်းကဆိုသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၄ နှစ်ကုန်ပိုင်းထိ လေးနှစ်အတွင်း မင်းတပ်မြို့နယ်မှ ၇၆၆ ဦး သေဆုံးခဲ့သည့်အနက် အများစုမှာ ဆေးဝါးပြတ်လပ်ခြင်းနှင့် နာတာရှည်ရောဂါတို့ကြောင့် ဖြစ်သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်အရေး စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နှစ်ပိုင်းကစပြီး ချင်းတောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားပြီးနှင့် ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA)က ပလက်ဝကို ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရားထူထောင်ထားသည်။
ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်းနှင့် တွန်းဇံမြို့တို့ကို ပြီးခဲ့သည့်လအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တောင်ပိုင်းရှိ လက်လွှတ်ထားရသည့် နယ်မြေများကို မြေပြင်အင်အားထောင်နှင့်ချီ ထိုးစစ်ဆင်လာရာ ချင်းတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်များက အပြင်းအထန်ခုခံတုံ့ပြန်နေကြသည်။