
ILO ၏အရေးယူရန် ဆုံးဖြတ်ချက်ကို လက်တွေ့လုပ်ရန် မြန်မာကိုယ်စားလှယ် တိုက်တွန်း
AI Summary
ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ILO မျက်နှာစုံညီအစည်းအဝေး၌ မြန်မာအလုပ်သမား ကိုယ်စားလှယ် ဦးမောင်မောင်က စစ်အုပ်စုကို အရေးယူရန် ချမှတ်ထားသည့် ပုဒ်မ ၃၃ ကို လက်တွေ့လုပ်ဆောင်မှုများဖြင့် ပြောင်းလဲပေးရန် တိုက်တွန်းပြောကြားခဲ့သည်။ ILO သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အဓမ္မလုပ်အားခိုင်းစေမှုများကို ဆိုးဆိုးရွားရွား ကျူးလွန်နေခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်တွင် ပုဒ်မ ၃၃ ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆုံးဖြတ်ချက်ချခဲ့ရုံဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ မရပ်တန့်သေးဘဲ ထောင်ကျနေသူများလည်း မလွတ်မြောက်သေးသောကြောင့် လက်တွေ့ကျသော လုပ်ဆောင်မှုများ လိုအပ်နေသည်။ ဦးမောင်မောင်က ILO ညွှန်ကြားရေးမှူးချုပ်အနေဖြင့် အချိန်မဆွဲဘဲ အကောင်အထည်ဖော်ရန်နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်အောင် ဦးစားပေးဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ILO ၏ ဆုံးဖြတ်ချက် ၁ နှစ်ပြည့်ခဲ့သော်လည်း ချိုးဖောက်မှုများ ဆက်ရှိနေဆဲဖြစ်ပြီး လက်တွေ့ကျသည့် အရေးယူမှုများအတွက် ဆက်လက်တောင်းဆိုနေကြသည်။ မြန်မာအလုပ်သမားများ လက်မလျှော့သေးသကဲ့သို့ ILO အနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် လက်မလျှော့ရန် ၎င်းက တိုက်တွန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ (ILO)ရဲ့ ဆုံးဖြတ်ချက်ပုဒ်မ ၃၃ ကို လက်တွေ့ လုပ်ဆောင်မှုအနေနဲ့ ပြောင်းလဲပေးဖို့ မြန်မာအလုပ်သမား ကိုယ်စားလှယ် ဦးမောင်မောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန် ၅ ရက်က လုပ်ခဲ့တဲ့ ILO ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က အလုပ်သမားကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပြီး စစ်အုပ်စုကို အရေးယူဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ပုဒ်မ ၃၃ နဲ့ပတ်သက်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ILO ရဲ့ အရေးယူမဲ့ ဆုံးဖြတ်ချက်ချခဲ့ရုံနဲ့ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေ မရပ်တန့်နိုင် သလို ထောင်ကျနေသူတွေလည်း လွတ်မြောက်စေမှာမဟုတ်တာကြောင့် ပုဒ်မ ၃၃ ကို ထောက်ခံ ခဲ့ကြတဲ့ အစိုးရနဲ့ အလုပ်ရှင်အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေနဲ့ ပြောင်းလဲ ပေးဖို့ တိုက်တွန်းကြောင်း ပြောပါတယ်။
အာဆီယံ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ပေးခံထားရတဲ့ ILO ညွှန်ကြားရေးမှူးချုပ်အနေနဲ့ အချိန်မဆွဲဘဲ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့သလို အရပ်သား တွေအပေါ် အကြမ်းဖက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် ဦးစားပေး ဆောင်ရွက်ပေးဖို့လည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
မြန်မာအလုပ်သမား ကိုယ်စားလှယ် ဦးမောင်မောင်က “မြန်မာအလုပ်သမားတွေ လက်မလျှော့ သေးပါဘူး။ ဒါကြောင့် ဒီညီလာခံကြီးအနေနဲ့လည်း မြန်မာနိုင်ငံအပေါ် လက်မလျှော့ဖို့ တောင်းဆို ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီးနောင်ပိုင်း လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် ၈၇ နဲ့ အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၂၉ ကိုပါ ဆိုးဆိုးရွားရွား ကျူးလွန် နေလို့ ဆိုပြီး အမြင့်ဆုံးအရေးယူနိုင်တဲ့ ပုဒ်မ ၃၃ ကျင့်သုံးဖို့ ILO က ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ILO ရဲ့ ဆုံးဖြတ်ချက် ၁ နှစ်ပြည့်ခဲ့ပေမဲ့ ချိုးဖောက်ကျူးလွန်တာတွေ ဆက်ရှိနေခဲ့သလို လက်တွေ့ ကျတဲ့ အရေးယူတာတွေ လုပ်ဆောင်ဖို့ ဆက်တိုက် တောင်းဆိုနေခဲ့ကြတာပါ။