ကျောင်းအပ်သူ မရှိသဖြင့် လူငယ်သင်တန်းကျောင်း ၁၁ ကျောင်း ပိတ်လိုက်ရ

ကျောင်းအပ်သူ မရှိသဖြင့် လူငယ်သင်တန်းကျောင်း ၁၁ ကျောင်း ပိတ်လိုက်ရ

DVB
SourceDVB

AI Summary

စစ်အာဏာရှင်တပ်က ဖွင့်လှစ်သည့် လူငယ်ပညာရေးသင်တန်းကျောင်း ၁၁ ကျောင်းကို မိဘများ ယုံကြည်မှုမရှိ၍ ကျောင်းလာမအပ်သောကြောင့် ပိတ်လိုက်ရသည်။ ယခုနှစ် ပညာသင်နှစ်တွင် ရန်ကုန်နှင့် နေပြည်တော်ရှိ ကျောင်းနှစ်ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့သည်။ သင်တန်းကျောင်း၏ ရည်ရွယ်ချက်မှာ ကျောင်းပြီးပါက စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရ၍ မိဘအများစုက ၎င်းတို့၏ သားသမီးများကို မအပ်နှံကြခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းသည် စစ်သားပုံစံဖြစ်ပြီး ကလေးများ အိမ်မပြန်ရခြင်း၊ တပ်သားဝတ်စုံပေးခြင်းတို့ကြောင့် မိဘများက စစ်ထဲထည့်သလို ခံစားရသည်။ ဆင်းရဲနွမ်းပါးသူများကို ပစ်မှတ်ထား စည်းရုံးသော်လည်း စစ်တပ်အကြောင်းသိသူများက မအပ်ကြပေ။ ထို့ကြောင့် စီစဉ်ထားသည့် ၁၂ ကျောင်းအနက် ၁၁ ကျောင်း ပိတ်လိုက်ရပြီး ရန်ကုန်နှင့် နေပြည်တော်ရှိ ကျောင်းများတွင်လည်း ကျောင်းသားဦးရေ မပြည့်ကြောင်း သိရသည်။

Photo: ရဲမွန်တပ်မြို့ဒေသခံ

စစ်အာဏာရှင်တပ်က ဖွင့်လှစ်တဲ့ လူငယ်ပညာရေးသင်တန်းကျောင်းကို မိဘတွေက မယုံကြည်လို့ ကျောင်းလာမအပ်တာကြောင့် ဒီနှစ် ပညာသင်နှစ်မှာ ရန်ကုန်နဲ့ နေပြည်တော်မှာသာ ဖွင့်လှစ်နိုင်ပြီး ကျန် ၁၁ ကျောင်းကို ပိတ်လိုက်ရတယ်လို့ သင်တန်းကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သင်တန်းကျောင်းဘက်က နေစရာ၊ စားစရာ၊ စာရေးကိရိယာနဲ့ လစဥ်အသုံးစရိတ်ကို ထောက်ပံပေးပေမဲ့ မိဘအများစုက စစ်အာဏာရှင်တပ်အပေါ် ယုံကြည်မှုမရှိလို့ ကျောင်းလာမအပ်တာကြောင့် ရန်ကုန်နဲ့ နေပြည်တော် ၂ ကျောင်းသာ ဖွင့်လှစ်နိုင်တယ်လို့ သင်တန်ကျောင်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“သင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်ကိုက စစ်မှုထမ်းဖို့ စိတ်ကူးရှိတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်တာပါ။ ကျောင်းပြီးရင် စစ်မှုထမ်းရမယ်။ အဲဒီရည်ရွယ်ချက်ကို ပြောပြလိုက်တယ်ဆိုရင်ပဲ မိဘတွေက ကျောင်းလာမအပ်တော့ဘူး။ အမှန်တိုင်း မပြောလို့လည်းမဖြစ်၊ တချိန် သိမှာပဲ။ ရန်ကုန်ကျောင်းဆို လူ ၁၀၀ တောင် မပြည့်ဘူး၊ နေပြည်တော်လည်း အတူတူပဲ။ ဒီနှစ်ပညာသင်နှစ်မှာ ရန်ကုန်နဲ့ နေပြည်တော်မှာ ဖွင့်နိုင်ပြီး ကျန်တဲ့ကျောင်း ၁၁ ကျောင်း ပိတ်လိုက်ရတယ်။”

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ လူငယ်သင်တန်းကျောင်း ၁၂ ကျောင်းကို တပြိုင်နက်ဖွင့်လှစ်ဖို့ စီစဥ်ထားပေမဲ့ ကျောင်းလာအပ်သူ နည်းတာကြောင့် ရန်ကုန် အမှတ် ၁ လူငယ်သင်တန်းကျောင်း (ရဲမွန်) နဲ့ အမှတ် ၂ လူငယ်သင်တန်းကျောင်း (ပုဗ္ဗသီရိ) မှာပဲ ဖွင့်လှစ်နိုင်တော့တာဖြစ်ပါတယ်။

အင်းတိုင်မြို့ခံတယောက်က “မိဘတွေ ကျောင်းသွားမအပ်တာလည်း မပြောနဲ့၊ ကျောင်းနဲ့မှမတူတာ။ ကိုယ့်သားသမီးကို စစ်ထဲထည့်လိုက်သလိုပဲ။ ကျောင်းအပ်ပြီးတာနဲ့ ကလေးက ကျောင်းမှာပဲ အပြီးနေရမှာ၊ အိမ်မပြန်ရတော့ဘူး။ တလတကြိမ် အိမ်ပြန်ချင်တောင် ဂိတ်ပတ်စ်နဲ့ ပြန်ရမယ်ဆိုတော့ စစ်သားတယောက်ပုံစံမျိုးပဲ။ ကျောင်းဝတ်စုံလည်း မဟုတ်ဘူး၊ တပ်သားတယောက်ရဲ့ ဝတ်ရမဲ့ အသုံးအဆောင်တွေ ထုတ်ပေးတာ” လို့ ပြောပါတယ်။

ပုဗ္ဗသီရိမြို့ခံတယောက်ကလည်း “ဘယ်လိုလူတွေကို စစ်တပ် ပစ်မှတ်ထားလဲဆိုတော့ ကျောင်းသားဦးရေများတဲ့အိမ်တွေ၊ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အသိဉာဏ်အားနည်းတဲ့ မိဘတွေကို ရွေးပြီး စည်းရုံးတာ။ ၁၀ တန်း၊ ၁၁ တန်း၊ ၁၂ တန်း ကလေးတွေကို ရအောင်ခေါ်တယ်။ သတ်မှတ်ဦးရေ မပြည့်လို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးကို ကျောင်းသားတယောက် ခေါ်လာရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ အထိပဲ။ စစ်တပ်အကြောင်းသိတဲ့ မိသားစုတွေက လူငယ်သင်တန်းကျောင်းမှာ မအပ်ကြဘူး” လို့‌ ပြောပါတယ်။

ကျောင်းသားတယောက်ကို စားစရိတ်ငြိမ်းအပြင် တပ်သားတယောက်ရဲ့ လစာ ၃၀ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ ပေးမယ်ဆိုပြီး မက်လုံးပေးထားပေမဲ့ စစ်အာဏာရှင်တပ်အပေါ် မိဘယုံကြည်မှု မရှိတာကြောင့် ဒီနှစ် ရန်ကုန်နဲ့ နေပြည်တော်မှာပဲ သင်တန်းကျောင်း ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။

ပိတ်လိုက်ရတဲ့ကျောင်း ၁၁ ကျောင်းမှာ ပုသိမ်၊ တောင်ငူ၊ မိတ္ထီလာ၊ မြိတ်၊ အောင်ပန်း၊ မော်လမြိုင်၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ မုံရွာနဲ့ ကျိုင်းတုံမြို့က လူငယ်သင်တန်းကျောင်းတွေ ဖြစ်ပါတယ်။

ဧပြီ ၉ ရက်က စစ်အာဏာရှင်ခေါင်းဆောင်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်၊ အငြိမ်းစား အရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ လူငယ်ပညာရေးသင်တန်းကျောင်းတွေကို ဖွင့်လှစ်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated