
မြစ်ခြေမြို့ပေါ်ကို စစ်ကြောင်းပြန်ဝင်လာ၍ ဒေသခံများ နေရပ်မပြန်နိုင်သေး - BUR.MIZZIMA.COM
AI Summary
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်များက မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ယင်းသို့ စစ်အုပ်စု ပြန်လည်ဝင်ရောက်လာခြင်းကြောင့် မေလ ၁၀ ရက်နေ့မှစ၍ စစ်ဘေးရှောင်နေကြရသည့် မြစ်ခြေမြို့နှင့် ကျေးရွာပေါင်း ၃၇ ရွာမှ ဒေသခံပြည်သူများသည် နေရပ်သို့ မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေရသည်။ တော်လှန်ရေးတပ်ဖွဲ့များက ရဲစခန်းကို သိမ်းပိုက်စဉ် စစ်အုပ်စုဘက်မှ ၂ ဦးသေဆုံးပြီး ၁၄ ဦး ဖမ်းဆီးခံခဲ့ရကာ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။ စစ်အုပ်စုတပ်ဖွဲ့သည် ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် မြစ်ခြေမြို့နှင့် အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။ ထို့နောက် ပုဂံဘက်မှတစ်ဆင့် ဧရာဝတီမြစ်ကိုဖြတ်၍ မြစ်ခြေမြို့တွင်းသို့ စစ်ကြောင်းပြန်လည်ဝင်ရောက်လာကာ မြို့ပေါ်တွင် တပ်ဖြန့်ထားကြောင်း သိရသည်။ စစ်ဘေးရှောင်ကာလ တစ်လကျော်ကြာမြင့်လာပြီဖြစ်၍ စစ်ရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ အမိုးအကာနှင့် ဆေးဝါးများ အပါအဝင် အခြေခံစားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်။ ယခင်ကလည်း စစ်အုပ်စု၏ လုပ်ရပ်များကြောင့် မြစ်ခြေဒေသတွင် အိမ်ခြေ ၁,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၂၄ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း PDF က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – မြစ်ခြေရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် မြစ်ခြေမြို့ တဖက်ကမ်း ပုဂဲံမြို့ ရှိ စစ်အုပ်စုတပ်သားများနှင့်ပျူများ သည် ဧရာ၀တီ မြစ်ကိုဖြတ် ၍ မြစ်ခြေမြိုံ့ ကို ပြန်လည်ဝင်ရောက်လသည်ံအတွက် ဒေသခံ ပြည်သူများ နေရပ်မပြန်နိုင်ပဲ ဖြစ်နေကြသည်။ ( မြစ်ခြေဒေသခံ စစ်ဘေးရှောင်ပြည်သူများကိုတွေ့ရစဉ် ) (ပုံအဟောင်း)
MTO
မဇ္ဈိမ။ ။ မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြစ်ခြေမြို့ပေါ်ကို စစ်အုပ်စုစစ်ကြောင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
“ နေရပ်ပြန်နိုင်မယ့်သူ မရှိသလောက်ပဲထင်တယ်၊ မီးမရှို့ခင် စစ်ကြောင်းထိုးကတည်းက ၃၇ ရွာလောက် စစ်ရှောင်ခဲ့ရတာ ခုလည်း နီးစပ်ရာအကုန် ရှောင်ကြမယ်ထင်တယ်” ဟု အကူအညီပေးနေသူတဦးက ပြောသည်။
မြစ်ခြေမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ များမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်)မနက် ၅ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဘက်က နှစ်ဦး သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။
မြစ်ခြေရဲစခန်း သိမ်းပိုက်ခံလိုက်ပြီးနောက် စစ်အုပ်စုတပ်ဖွဲ့သည် မြစ်ခြေမြို့ နှင့် အနီးတဝိုက်နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အဆောက်အဦတချို့ ပျက်စီးမှု ရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အုပ်စုတပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် မြစ်ခြေမြို့တဖက်ကမ်း ပုဂံဘက်မှ မြစ်ခြေမြို့သို့ဝင်ရောက်လာကြောင်း အခြေအနေကိုသိသူ တဦးက ပြောသည်။
၎င်းက “မနေ့ က (ဇွန် ၁၀ရက်)ညနေက ပုံဂံ ညောင်ဦးဘက်က စစ်သားနဲ့ ပျူတွေ ရေကြောင်းကနေတဆင့် စစ်ကြောင်းဝင်လာတယ်လို့ သိရတယ်။ မိုးချုပ်တဲ့အချိန်ကျ မြစ်ခြေဘက်တိုးချဲ့ (၁) ကို စဝင်လာတယ် ကြားတယ်၊ နောက် မြို့ပေါ်တပ်ဖြန့်ထားပြီး ကင်းပုန်းတွေရှိတယ်လို့ ကြားသိရပါတယ်’ ဟု ယနေ့(ဇွန်လ ၁၁ ရက်)တွင်ပြောသည်။
ယခုကဲ့သို့ စစ်ကြောင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် မေလ ၁၀ ရက်နေ့ မှ စတင်၍ စစ်ဘေးရှောင်နေကြရသည့် မြစ်ခြေဒေသ ကျေးရွာပေါင်း ၃၇ ရွာမှ ဒေသခံပြည်သူများ နေရပ်သို့ မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် ဆက်လက်နေထိုင်နေရခြင်း ဖြစ်သည်။
စစ်ရှောင်ကာလ တလအထိ ကြာမြင့်လာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ အမိုးအကာနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
စစ်အုပ်စုတပ်ဖွဲ့သည် မေလ ၁၀ ရက်နေ့တွင် မြစ်ခြေမြို့ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဇွန်လ ၂ ရက်နေ့ အထိ မြို့မစျေး၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ခြင်း ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အုပ်စုတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြစ်ခြေဒေသရှိ အိမ်ခြေပေါင်း ၁,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ၂၄ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က အသိပေးထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)