
မောတောင်တွင် စစ်တပ် ဖမ်းဆီးထားသည့် ဒေသခံ ၁ ဦး လွတ်မြောက်လာ
AI Summary
မြန်မာ-ထိုင်းနယ်စပ်၊ မောတောင်မြို့တွင် စစ်တပ်က ဖမ်းဆီးနှိပ်စက်ထားသည့် အသက် ၄၁ နှစ်အရွယ် အရပ်သားတစ်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် မိသားစုနှင့်အတူ ထွက်ပြေးလွတ်မြောက်လာကြောင်း KNU တပ်မဟာ ၄ က ပြောကြားခဲ့သည်။ ၎င်းအား တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ မေလ ၃၁ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဘယ်ဘက်လောက်မောင်းကို ဓားဖြင့်ထိုးခြင်းအပါအဝင် နှိပ်စက်မှုများ ခံခဲ့ရသည်။ စစ်တပ်အရာရှိတစ်ဦးက နောက်တစ်နေ့တွင် သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး မြို့တွင်းဆိုင်တစ်ဆိုင်ရှေ့တွင် ချုပ်ထားစဉ် ထွက်ပြေးလာခြင်းဖြစ်သည်။ ထွက်ပြေးလာသူနှင့်အတူ မိသားစုဝင် ၅ ဦး လိုက်ပါလာပြီး လက်ရှိတွင် လုံခြုံသည့်နေရာ၌ စောင့်ရှောက်ထားသည်။ မေလ ၁၉ ရက်နေ့တွင် မောတောင်မြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် လူနေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်နေကြောင်းလည်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ်၊ မောတောင်မြို့မှာ စစ်တပ်က ဖမ်းဆီးနှိပ်စက်ထားတဲ့ အရပ်သားတယောက် မိသားစုနဲ့အတူ ဇွန် ၁ ရက်မှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၄၊ မြိတ်-ထားဝယ်ခရိုင်ဆီက သိရပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူဟာ အသက် ၄၁ နှစ်အရွယ် မောတောင်မြို့၊ ထင်းရှူးကုန်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေ ၃၁ ရက်မှာ စစ်တပ်က ထိုးကြိတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “စစ်တပ်က သူ့ကို ဖမ်းပြီး မောတောင်မြို့နားက ဂျလန်းကျွန်းဘုရားတောင်ခြေမှာ ချုပ်ထားတယ်။ နောက်တော့ အရာရှိတဦးက သူ့ကို နောက်တနေ့မှာ သတ်မယ်လို့ ခြိမ်းခြောက်ပြီး မြို့ထဲက ဆိုင်တဆိုင်ရှေ့မှာ ချုပ်ထားချိန်အတွင်း ထွက်ပြေးလာတာပါ” လို့ ပြောပါတယ်။
မောတောင်မြို့နားက ဂျလန်းကျွန်းဘုရားတောင်ခြေမှာ ချုပ်ထားချိန်အတွင်း သူ့လိုမျိုး ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက်ကိုလည်း တွေ့ရပြီး အသေးစိတ် အချက်အလက်ကိုတော့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ထွက်ပြေးလွတ်မြောက်သူကို စစ်တပ်က ချုပ်နှောင်ထားချိန်မှာလည်း ဘယ်ဘက်လောက်မောင်းကို ဓားနဲ့ထိုးတဲ့အပြင် နှိပ်စက်တာတွေလည်း ခံခဲ့ရတယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။
ခြိမ်းခြောက်ပြောဆိုတဲ့ စစ်တပ်အရာရှိက အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး အသားမည်းမည်း၊ မျက်နှာရှည်ရှည်နဲ့ အရပ်ရှည်ရှည် စတဲ့အသွင်အပြင်ရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးလာတဲ့ အမျိုးသားနဲ့အတူ မိသားစုဝင် ၅ ယောက် လိုက်ပါလာပြီး လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတယ်လို့ KNU တပ်မဟာ ၄ ဆီက သိရပါတယ်။
စစ်တပ်က မောတောင်မြို့ကို မေ ၁၉ ရက်မှာ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် လူနေအိမ်တွေကို ဖွင့်ရိုက်ကာ ပစ္စည်းတွေကို ယူဆောင်နေကြတယ်လို့ သိရပါတယ်။