
AI Summary
ဇွန်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရတ်ချာဝီပါ ခုံးကျော်တံတားပေါ်တွင် အွန်လိုင်းပါဆယ်ပို့ဆောင်သူ ဆိုင်ကယ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်သည် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၄၆ နှစ်အရွယ်ရှိ ထိုအမျိုးသားသည် မိုးကြိုးပစ်ခံရပြီးနောက် ဆိုင်ကယ်လဲကျကာ သတိမေ့မြောနေခဲ့ပြီး လည်ပင်းမှ ရင်ဘတ်အထိ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ မိုးကြိုးသည် ၎င်းဆောင်းထားသော ဆိုင်ကယ်စီးဦးထုပ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ဦးထုပ်တွင် မီးလောင်ကျွမ်းသည့် အမှတ်အသားများ ထင်ကျန်ခဲ့ကာ ဘုရားဆင်းတုပါသော လည်ဆွဲပါ ပြတ်ထွက်သွားခဲ့သည်။ ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် လမ်းပေါ်၌ ပက်လက်လန်ကာ သတိမေ့မြောနေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဝိဘာဝဒီရန်းဆစ်လမ်းမပေါ်မှာရှိတဲ့ ရတ်ချာဝီပါ ခုံးကျော်တံတားပေါ်မှာ ဇွန် ၂ ရက်နေ့လယ်ပိုင်းက ဆိုင်ကယ်သမားတယောက် မိုး ကြိုးပစ်ခံရတာကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်ဟာ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးကြိုးပစ်ခံရသူဟာ အသက် ၄၆ နှစ်အရွယ် အွန်လိုင်းပါဆယ်ပို့ဆောင်သူ အမျိုးသားတယောက် ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ဖြစ်ပွားချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဆိုင်ကယ်သမား ခုံးကျော်တံတားပေါ် မောင်းနှင်နေတုန်း မိုးကြိုးပစ်ချခဲ့တာကြောင့် ဆိုင်ကယ်ကို မထိန်းနိုင်ဘဲ လဲကျသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ပေါ်တက်တုံလူမှုကူညီရေးအဖွဲ့က ကယ်ဆယ်ရေးသမားတွေ အခင်းဖြစ်ပွားရာကို ချက်ချင်းကူညီဖို့ ရောက်ရှိသွားချိန်မှာတော့ အဆိုပါ ဆိုင်ကယ်မောင်းသမားဟာ လမ်းပေါ်မှာ ပက်လက်လန်ကာ သတိမေ့မြောနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သူ့ရဲ့ လည်ပင်းဘယ်ဘက် အခြမ်းကနေ ရင်ဘတ်အထိ ရှည်လျားတဲ့ မီးလောင်ဒဏ်ရာ အမှတ်အသားတခု ထင်ကျန်နေတာကို တွေ့ရပါတယ်။
အကြိုစုံစမ်းစစ်ဆေးမှုတွေအရ မိုးကြိုးဟာ သူဆောင်းထားတဲ့ ဆိုင်ကယ်စီးဦးထုပ်ကို တိုက်ရိုက်ထိမှန်ခဲ့တာဖြစ်ပြီး ဦးထုပ်မှာ မီးလောင်ကျွမ်းတဲ့ အမှတ်အသားတွေ ထင်ကျန်ခဲ့တဲ့အပြင် သူဆွဲထားတဲ့ ဘုရားဆင်းတု လက်ဖွဲ့ အဆောင်ပါတဲ့ လည်ဆွဲပါ ပြတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
Source: Bangkok Post