
မင်းတပ် တိုက်ပွဲပြင်းထန်လာပြီး စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ခန့်ရှိလာ
AI Summary
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာနေပြီး စစ်ဘေးရှောင်ဦးရေ ၁၇,၀၀၀ ခန့်အထိ ရှိလာကြောင်း မင်းတပ်မြို့နယ် စစ်ရှောင်ကော်မတီက ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများသည် နှစ်ရှည်လများ စစ်ရှောင်နေခဲ့ရပြီး လက်ရှိတွင်လည်း စစ်အာဏာရှင်တပ်၏ "ဖြတ်လေးဖြတ်" မဟာဗျူဟာနှင့် ထိုးစစ်များကို ရင်ဆိုင်နေရသည်။ မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ မကွေးဘက်မှ လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကြောင့် စစ်ရှောင်များအတွက် ရေသန့်၊ ဆေးဝါးနှင့် အခြားလိုအပ်သော ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မင်းတပ်မြို့နယ်အတွင်း ဒေသခံ ၇၆၆ ဦး သေဆုံးခဲ့ပြီး အများစုမှာ ဆေးဝါးပြတ်လပ်မှု၊ အာဟာရချို့တဲ့မှုနှင့် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် စစ်အာဏာရှင်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်လာနေပြီး ဒေသခံ စစ်ဘေးရှောင်ဦးရေ ၁၇,၀၀၀ လောက်အထိ ရှိလာပြီလို့ မင်းတပ်မြို့နယ် စစ်ရှောင်ကော်မတီက ဇွန် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့က စစ်ဘေးရှောင် အမျိုးသမီးတယောက်က “ကျမတို့ကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ရှောင်နေရတာပဲ။ တိုက်ပွဲတွေ ငြိမ်လို့ တချို့မြို့ထဲ ပြန်ဝင်သူတွေလည်း ရှိတယ်။ ကျမတို့ကတော့ အိမ်က မီးလောင်သွားလို့ ပြန်ဖို့နေစရာလည်း မရှိတော့ ရွာမှာပဲ အခုထိ ရှောင်နေတာပဲ။ သူတို့လည်း အခုပြန်ပြီးရှောင်နေရတာ တလလောက်ရှိပြီ။ အခုက မင်းတပ်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နေရာမှာ တိုက်ပွဲဖြစ်နေတာ။ အသံတွေလည်း ကြားနေရတယ်။ မကွေးတိုင်းအစပ်မှာပေါ့။ စစ်တပ်က မနေ့ကကော၊ တနေ့ကကော လေယာဉ်နဲ့ တရစပ်လာကြဲနေတာပဲ” လို့ ပြောပါတယ်။
မင်းတပ်မြို့နယ်အတွင်းက ဒေသခံတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နှစ်ရှည် စစ်ရှောင်နေခဲ့ရပြီး လက်ရှိအချိန်မှာလည်း အချိန်အတော်ကြာ စစ်ရှောင်ရဦးမဲ့ အနေအထား ဖြစ်နေတယ်လို့ မင်းတပ် စစ်ရှောင် ကော်မတီက ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်အာဏာရှင်တပ်ရဲ့ ဖြတ်လေးဖြတ်နဲ့ ထပ်မံရင်ဆိုင်နေရသလို မင်းတပ်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာကြောင့် ရေရှည်ထပ်မံ စစ်ရှောင်ရမဲ့ အနေအထားဖြစ်နေတယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင် ကော်မတီက ဆိုထားပါတယ်။
ချင်းစစ်ရှောင်အရေး ကူညီနေသူတယောက်က “ကျနော်တို့ဘက်ကို ရေသန့်ဘူး တဘူးကအစ သယ်လို့ မရဘူး။ မကွေးဘက်ကနေ အကုန်သယ်ယူခွင့် ပိတ်ထားတာ။ လမ်းပိတ်ထားတော့ စစ်ရှောင်တွေက ဝယ်ခြမ်းဖို့ကလည်း မရှိ၊ ဆေးဝါးကလည်း မရှိနဲ့ ဒုက္ခတွေရောက်နေတာ။ ဘာမှကို သယ်ခွင့်မရှိတာလေ။ ပခုက္ကူကနေ ကုန်ကားတွေလည်း ထွက်ခွင့် မရှိဘူး။ လိုအပ်ချက်တွေကတော့ ပိုများလာတာပေါ့ လို့ ပြောပါတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၁ ဇန်နဝါရီကနေ ကနေ ၂၀၂၄ ခုနစ် ဒီဇင်ဘာလအထိ ၄၈ လအတွင်း သေဆုံးသူ ဒေသခံ စုစုပေါင်း ၇၆၆ ယောက်ရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲက အများစုဟာ ဆေးဝါးပြတ်လပ်တာ၊ နာတာရှည်ရောဂါရှိတာ၊ အာဟာရချို့တဲ့ ပြတ်လပ်တာအပြင် စစ်အာဏာရှင်တပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲတာနဲ့ မိုင်းထောင်တာတွေကြောင့်လို့ စစ်ရှောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ် အခြေစိုက် ကပစ စက်ရုံတွေကနေ အင်အားထောင်နဲ့ချီထွက်လာတဲ့ စစ်အာဏာရှင်တပ်တွေကို မကွေးနဲ့ ချင်းတောင်ပိုင်းအစပ်က ယောဒေသထဲမှာ တော်လှန်ရေးမဟာမိတ်တပ်တွေက တောက်လျှောက် ခုခံတိုက်ခိုက်နေပြီး စစ်အာဏာရှင်ဘက်က ရာနဲ့ချီသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရာပေါင်းများစွာရှိတယ်လို့ တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို ချင်းတော်လှန်ရေး တပ်ပေါင်းစုဖြစ်တဲ့ ချင်းညီနောင်အဖွဲ့တွေက ၂၀၂၄ နိုဝင်ဘာ ၉ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အခုတစ်ဖန် စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ကို ခုခံနေကြတာ ဖြစ်ပါတယ်။