ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ပြန်လည်ဦးမော့လာ

ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ပြန်လည်ဦးမော့လာ

DVB
SourceDVB

AI Summary

စစ်အာဏာရှင်အစိုးရ၏ စီးပွားကူးသန်းဝန်ကြီးဌာနက သက်တမ်းလွန်ယာဉ်အိုယာဉ်ဟောင်းများကို လျှပ်စစ်သုံးယာဉ်များဖြင့် အစားထိုးလဲလှယ်ပေးမည်ဟု ထုတ်ပြန်လိုက်ခြင်းကြောင့် ကားဈေးကွက်အတွင်း ယာဉ်ဟောင်းများ အရောင်းအဝယ်သွက်လာပြီး ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ဤမူဝါဒကြောင့် ဖောက်စွပ်ယာဉ်နှင့် တိုက်ကြေယာဉ်ပိုင်ရှင်များ အကျိုးခံစားခွင့်ရှိလာသော်လည်း လဲလှယ်မည့် EV ယာဉ်တန်ဖိုးသတ်မှတ်ချက်နှင့် တင်သွင်းခွင့်ဆိုင်ရာ အချက်အလက်များ မရှင်းလင်းသေးသည့်အတွက် ဝေဖန်မှုများရှိနေသည်။ လက်ရှိတွင် EV ယာဉ်ဈေးနှုန်းများ မြင့်မားနေခြင်းနှင့် လျှပ်စစ်မီးမမှန်ခြင်း၊ အားသွင်းစခန်းများ လုံလောက်မှုမရှိခြင်းတို့ကြောင့် အခက်အခဲများ ဆက်လက်ရှိနေဆဲဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်ကို စစ်အုပ်စုနှင့် နီးစပ်သူများကသာ အဓိကဦးဆောင်တင်သွင်းနေပြီး ယာဉ်ဟောင်းဈေးကွက်မှာ ယခင်စလစ်ဈေးကွက်ပုံစံအတိုင်း ပြန်လည်ဦးမော့လာသည့် အခြေအနေတွင် ရှိနေသည်။

Photo : DVB

ယာဉ်အိုယာဉ်ဟောင်းတွေကို EV ယာဉ်တွေနဲ့ လဲဖို့ စစ်အာဏာရှင်အစိုးရ၊ စီးပွားကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီးနောက် ယာဉ်အိုယာဉ်ဟောင်း ဈေးကွက် ပြန်လည် လှုပ်ခတ်လာခဲ့ပြီး ယာဉ်အဟောင်းတွေကို ကျပ်သိန်း ၄၅၀ ကနေ ၅၀၀ ထိ ပေးဝယ်တာတွေ ရှိလာ တယ်လို့ ကားဈေးကွက်ထဲမှာ လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

သက်တမ်း နှစ် ၂၀ ကျော်လွန်ယာဉ်တွေနဲ့ ပြန်လည်ပြင်ဆင်လို့ မရနိုင်တော့တဲ့ ယာဉ်အိုယာဉ်ဟောင်း တွေကို မိမိဆန္ဒအရ အပ်နှံလိုတဲ့ အပ်နှံယာဉ်ရဲ့ တန်ဖိုးနဲ့အညီ လျှပ်စစ်သုံးယာဉ် (EV) တွေနဲ့ အစားထိုးလဲလှယ်ဆောင်ရွက်ပေးသွားမယ်လို့ စစ်အာဏာရှင်အစိုးရက မေ ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန် ခဲ့တာပါ။

ဒီထုတ်ပြန်ချက်အရ လမ်းတွေ့မှာ ပြန်လည်မောင်းနှင်နိုင်ဖို့ ပြင်ဆင်လို့ မရနိုင်တော့တဲ့ ယာဉ်အို ယာဉ်ဟောင်းတွေ၊ ဖောက်စွပ်ယာဉ်တွေ၊ အရည်ကြိုယာဉ်တွေ၊ တိုက်ကြေယာဉ်တွေ၊ မီးလောင် သွားတဲ့ ယာဉ်တွေနဲ့ ဖြတ်ဆက်ကားတွေရဲ့ ဈေးကွက် ပြန်လည်ဦးမော့လာတယ်လို့ ကားဈေးကွက် အတွင်းက သိရပါတယ်။

ဒါ့အပြင် လက်ရှိဈေးကွက်ထဲမှာ EV ယာဉ်တစီးတန်ဖိုးဟာ ကျပ်သိန်း ၁,၀၀၀ ဝန်းကျင်ကနေ ၅,၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိနေတာကြောင့် ယာဉ်ဟောင်းတွေရဲ့ ဈေးကွက်က အခုလို မြင့်တက် လာတာလို့ ကားပွဲစားတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလပိုင်းကတည်းက ယာဉ်အိုယာဉ်ဟောင်း အပ်နှံရမယ့် သတင်းတွေ ကားဈေးကွက် ထဲမှာ ကြိုတင်ထွက်ပေါ်နေခဲ့ပြီး ကားဝယ်ရောင်းသမားတွေကလည်း ယာဉ်အဟောင်းတွေကို ကြိုတင်ဝယ်ယူမှုတွေ ရှိခဲ့တယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

ရန်ကုန်မြို့က ကားဝယ်ရောင်းတယောက်က “ဒီထုတ်ပြန်ချက် မထုတ်ပြန်ခင် တလလောက် ဧပြီလ လောက်ကတည်းက သတင်းပေါက် ကြားနေပြီ။ အဲဒီထဲက ဖောက်စွပ်တွေ၊ တိုက်ကြေကားတွေကို သိန်း ၄၅၀၊ ၅၀၀ လောက်နဲ့ လိုက်ကောက်နေတာ၊ တရားဝင် သတင်းမထွက်ခင်ထဲက ကြိုပြီး လုပ်စားတဲ့ ပွဲစားတွေက လုပ်နေပြီ။ အခု တရားဝင်ထွက်လာပြီဆိုတော့ ပိုပြီးတော့ ယာဉ်အို ယာဉ်ဟောင်းတွေ အရောင်းပိုသွက်လာမယ်။ ဈေးလည်း ပိုကောင်းလာမယ့် အခြေအနေရှိတယ်။ ကားအဟောင်းဈေးကွက် ပြန်ဦးမော့လာတယ် ပြောရမယ်။ အရင်လို စလစ်ဈေးကွက် ပြန်ဖြစ်လာမှာပေါ့” လို့ ပြောပါတယ်။

ကားဈေးကွက်ကျွမ်းကျင်သူတချို့ကတော့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ လက်ရှိထုတ်ပြန်ချက်မှာ အပ်နှံတဲ့ မူလကား တန်ဖိုးနဲ့ ညီမျှတဲ့ EV ယာဉ်တင်သွင်းခွင့်ပေးမယ်ဆိုတဲ့ အချက်လည်း ပါဝင်နေပြီး ဒီအချက်က ရှင်းလင်းမှု မရှိဘူးလို့ သုံးသပ်ကြတာလည်း ရှိပါတယ်။

ကားဈေးကွက် ကျွမ်းကျင်သူတယောက်က “အပ်ကားက သိန်း ၅၀၀ တန်ဖိုးဆိုရင် EV က သိန်း ၅၀၀ တန်သွင်းခွင့်ပေးမှာလား။ အဲဒီအပိုင်း သိပ်တော့ မရှင်းဘူး။ ဒါမှမဟုတ်ရင် ကိုယ့်စိတ်ကြိုက် EV အမျိုးအစားကို တင်သွင်းခွင့်ရမှာလားပေါ့နော်။ ဘာလို့လဲဆိုရင် EV ကားဈေးက တော်တော် ကောင်းတယ်။ သိန်းလေးငါးရာဆိုရင် EV ကား ကောင်းကောင်း မရနိုင်ဘူး။ ဘယ်လို အမျိုးအစား တွေ တင်သွင်းခွင့်ပေးမှာလဲ။ ဘယ်လိုတင်သွင်းခွင့်ပေးမှာလဲ။ Showroom တွေကနေ တဆင့်လား၊ တိုက်ရိုက် တင်သွင်းခွင့်ပေးမှာလား၊ အဲဒီအချက်တွေ မပါသေးဘူး။ အခုက မူဝါဒ အပြည့်အစုံတော့ မဟုတ်သေးဘူးပေါ့။ ထပ်ပြီး ထုတ်ပြန်ဖို့ ရှိသေးဦးမယ်ထင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ လျှပ်စစ်သုံးယာဉ် (EV) တွေကို အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ မိသားစုပိုင် ကုမ္ပဏီတွေ အပါအဝင် စစ်အုပ်စုနဲ့ နီးစပ်သူတွေကပဲ တင်သွင်းခွင့်ရထားတာပါ။

ပြည်တွင်းမှာ စက်သုံးဆီရှားပါးပြတ်လပ်မှုတွေ၊ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် လျှပ်စစ်သုံး EV ယာဉ်တွေ အစီးများလာကာ တင်သွင်းမှုများလာပေမဲ့ ဒီယာဉ်တွေကို အားသွင်းမယ့် Power Station တွေ လုံလောက်မှု မရှိတာ၊ လျှပ်စစ်မီး ပုံမှန် မရတာတွေကလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ပြည်တွင်း သုံးနေတဲ့ EV ယာဉ်တွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်ပြည်ကနေ တင်သွင်းနေပြီး ၂၀၂၅ နှစ်ကုန်ပိုင်းထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ EV ယာဉ်ပေါင်း ၂၈,၀၀၀ ကျော်ထိ ရှိပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ပြန်လည်ဦးမော့လာ | YGN Daily