နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ
society||4 MIN READ

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

Back to News

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။

သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့် ဒေါခူရပ်ကွက်တို့တွင် နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ လက်နက်ကြီးထိမှန်ခြင်းနှင့် မြေမြုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သည့် မြို့ခံများလည်းရှိနေသေးသည်။

ထိုသို့ နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်ဒေသခံများသည် (၂)နှစ်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသောကြောင့် အလုပ်ကိုင်အခွင့်လမ်းနည်းပါးပြီး စားဝတ်နေရေး ပြဿနာများကြောင့် ရေရှည်နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း တောင်ကြီးမြို့သို့ စစ်ရှောင်လာသည့် အမျိုးသားတစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြန်စရာအိမ်လည်း မရှိတော့ဘူး၊ ပြီးခဲ့တဲ့ ဧပြီလတုန်းက လွိုင်ကော်ကို အိမ်ပြန်ကြည့်တော့ အိမ်က ပြိုပြီး ပျက်စီးနေတာ ခြုံနွယ်တွေနဲ့ နေစရာလည်း မရှိတော့ဘူး၊ စစ်ရှောင်တာ ကြာလာတော့ အရင်လို အလှူရှင်တွေနဲ့ ရပ်တည်လို့ မရတော့ဘူး အလုပ်ရဖို့ရှာနေရပြီ၊ နေ့စားလုပ်ခနဲ့ စားဖို့ရော၊ နေဖို့ရော မလောက်တော့ တခြားဘက်ထွက်ပြီး အလုပ်လုပ်မလားတွေးထားတယ်။” ဟု လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်ဒေသခံ အများစုသည် သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့တွင် ပြောင်းရွှေ့နေထိုင်ကြသည်။

သျှမ်းတောင်တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ရှစ်ပြည်ရှိ ဆန်အိတ်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်နှင့် ဆီတစ်ပိဿလျှင့် ငွေကျပ် နှစ်သိန်းကျော်၊ အိမ်ငှားခငွေကျပ် ငါးသိန်းအထက် ဈေးရှိနေသည်။

ဆက်လက်ပြီး လွိုင်ကော်ပြန်သည့် လမ်းတလျှောက်တွ၍် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည့်သူ့စစ် (PNO) တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်သည် ဆယ်ခုထက်မနည်းရှိပြီး ခရီးသွားများကို စစ်ဆေးမှုတင်းကြပ်ကာ အကြောင်းမျိုးမျိုးပြ ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း လွိုင်ကော်ကို အိမ်ပြန်ကြည့်ခဲ့သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အစိုးရဝန်ထမ်းဆိုရင်တော့ သူတို့ဘာမှမစစ်ဘူး၊ အစိုးရဝန်ထမ်းမဟုတ်တဲ့ သူတွေကိုတော့ အရမ်းစစ်တယ်၊ ဘယ်ကိုဘာသွားလုပ်တာလဲ ဘာညာနဲ့ သူတို့စိတ်မကြည်ရင် ငွေတောင်းတယ်၊ တစ်ခါတောင်းရင် ကျပ်သုံးသောင်း အထိတောင်းတယ်၊ မရှိရင် တစ်သောင်းပါရင် တစ်သောင်းပေးခဲ့ရတယ်။”ဟု အဆိုပါ ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် လွိုင်ကော်သို့ နေရပ်ပြန်သည့် အသက် (၃၀)ကျော်အရွယ် အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ပထမပတ်တွင် လွိုင်ကော်အပြန်လမ်းတွင် စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး သတင်းအစန မရတော့ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ ကျမရဲ့ အသိတယောက်ဆိုရင် လွိုင်ကော်အိမ်ပြန်ကြည့်ဖို့သွားတာ စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတယ်။ အခုထိ ဘာသတင်းမှ မရဘူး။” ဟု ၎င်းကဆိုသည်။

လက်ရှိ လွိုင်ကော်မြို့သို့ နေရပ်ပြန်လာသူများ ပိုများပြား လာနေသော်လည်း လက်နက်ကြီးပစ်ခတ်သံများကို မကြာခဏကြားနေရသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ တတိယပတ်တွင်လည်း သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်များ ပြင်းထန်းနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ | YGN Daily