
AI Summary
ပဲခူးတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံမှုနှင့် နယ်ကျော်ပေါ်တာဆွဲ ဖမ်းဆီးမှုအချို့ရှိကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ဇွန် ၄ ရက် ပဲခူးတိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းက စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံခြင်း၊ လူငယ်များကို ဖမ်းဆီးပြီး ငွေသိန်း ၁၀၀ အထိတောင်းခံကာ ပြန်လွှတ်ပေးခြင်းနှင့် နယ်ကျော်ဖမ်းဆီးခြင်းများအကြောင်း မေးမြန်းခဲ့ရာ နယ်လုံဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ နယ်လုံဝန်ကြီးက စစ်မှုထမ်းကြေးကောက်ခံခြင်းသည် စစ်မှုထမ်းသူများကို ပံ့ပိုးရန်ဖြစ်ကြောင်း ပြောဆိုသော်လည်း၊ ပြည်သူ့စစ်အဖွဲ့များက ဖမ်းဆီးမှုမရှိဘဲ လုံခြုံရေးအရ မေးမြန်းခြင်းသာဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။ သို့သော် မကွေး၊ အောင်လံဘက်မှ နယ်ကျော်ဖမ်းဆီးခံရသည့် လူငယ် ၁၅ ဦးကို မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်းနှင့် တိုင်းကျော်ဖမ်းဆီးမှုများအတွက် အစိုးရချင်းနှင့် စစ်မှုထမ်းဗဟိုတို့နှင့် ညှိနှိုင်းထားကြောင်း ၎င်းက ဝန်ခံခဲ့သည်။ ဒေသခံတစ်ဦးကမူ နယ်လုံဝန်ကြီး၏ ဖမ်းဆီးမှုမရှိဟူသော ငြင်းဆိုချက်ကို ဝေဖန်ခဲ့ပြီး၊ မေလ ၁၉ ရက်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကို နေအိမ်အထိ ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်ကို ထောက်ပြခဲ့သည်။ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး၊ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များက ကူညီပေးရန် နယ်လုံဝန်ကြီးက တောင်းဆိုခဲ့သည်။

စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတာဟာ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဖြစ်ပြီး နယ်ကျော် ပေါ်တာဆွဲဖမ်းဆီးမှုရှိလို့ လူငယ် ၁၅ ယောက်ကို မိဘတွေဆီ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ပဲခူးတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ဝန်ခံပြောဆိုခဲ့ပါတယ်။
ဇွန် ၄ ရက်က ပဲခူးတိုင်း လွှတ်တော်အစည်းအဝေးမှာ ပေါက်ခေါင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းက စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံမှု၊ ပေါ်တာဆွဲ ဖမ်းဆီးပြီး သိန်း ၁၀၀ ကျော်နဲ့ ပြန်လည်ရွေးယူရတဲ့ကိစ္စတွေကို မေးမြန်းရာမှာ နယ်လုံဝန်ကြီးက ပြန်လည် ဖြေဆိုခဲ့တာပါ။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းက "ပြည်ခရိုင်၊ နတ္တလင်းခရိုင်မှာ စစ်မှုထမ်းအတွက် တဦးလျှင် ၂ သောင်းမှ ၃ သောင်းကျပ် ကောက်ခံပြီး ပြည်သူ့စစ်အဖွဲ့များသည် လမ်းမှာတွေသည့် လူငယ်များကို တစုံတရာမေးမြန်ခြင်း မရှိဘဲ ဖမ်းဆီးပြီး ငွေသိန်း ၁၀၀ ကျပ်အထိ တောင်းခံကာ ပြန်လွှတ်ပေးခြင်း၊ ညအချိန် ဧည့်စာရင်းအစစ်ပြကာ ဖမ်းဆီးခြင်းနဲ့ နယ်ကျော်ဖမ်းဆီးခြင်းတွေ ကြောင့် လူငယ်များ အခြားမြို့ရွာမျာသို့ ထွက်ပြေးနေရသလို ကျန်ရှိနေတဲ့ လူငယ်များမှာလည်း ကျီးလန့်စာ စားနေရပြီး မိဘများအနေနဲ့ စိုးရိမ်ကြောင်းကြမှုများ ရှိနေသည့်အတွက် စစ်မှုထမ်းကို ဥပဒေ၊ နည်းဥပဒေတို့ဖြင့် တည့်မတ်ဆောင်ရွက်ရန် အစီအစဥ် ရှိ၊ မရှိ" လို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အာဏာရှင်စစ်တပ် နယ်လုံဝန်ကြီးက "ကျေးရွာတွေမှာ စစ်မှုထမ်းကြေးကောက်တယ်ဆိုတာ အဲ့ဒီ ငွေတွေကို စစ်မှုထမ်းထမ်းဆောင်တဲ့သူတွေကို ပံ့ပိုးတာပါ။ ပြည်သူ့စစ်အဖွဲ့တွေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့သွားလာတာရှိပါတယ်။ လုံခြုံရေးအရ မေးမြန်းတာမျိုးရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးတာမျိုး မရှိဘူး။ ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ရမ်းကားတဲ့သူတွေကို ဖမ်းတာမျိုးတော့ ရှိပါတယ်” လို့ ပြောပါတယ်။
နယ်ကျော်ပေါ်တာဆွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီး "မကွေး၊ အောင်လံဘက်က နယ်ကျော်ပြီး လူငယ် တွေကို ဖမ်းဆီးတာရှိပါတယ်။ ပြည်မြို့နယ် ၂ ဦး၊ ရွှေတောင်မြို့နယ် ၃ ဦး၊ သဲကုန်းမြို့နယ် ၆ ဦး၊ ကြို့ပင်ကောက်၊ သာယာဝတီ၊ ဇီးကုန်းနဲ့ မိုးညိုမြို့နယ်တို့က ၄ ဦး စုစုပေါင်း ၁၅ ဦးပါ။ ဖမ်းခံရတဲ့လူငယ်တွေကိုလည်း မိဘတွေဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။ တိုင်းကျော် ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရချင်းရော၊ စစ်မှုထမ်းဗဟိုနဲ့ ညှိနှိုင်းထားတယ်” လို့ ဝန်ခံ ပြောဆိုပါတယ်။
အာဏာရှင်စစ်တပ်အနေနဲ့ ပြည်မြို့နယ်မှာ စစ်မှုထမ်းအတွက် နေအိမ်အထိ ပေါ်တာဆွဲ ဖမ်းဆီးမှု တွေ ရှိပေမဲ့ ဖမ်းဆီးမှုမရှိဘူးလို့ ငြင်းဆိုတာ ရှက်စရာကောင်းတယ်လို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“ပေါ်တာဆွဲဖမ်းဆီးတာ မရှိဘူး ပြောလို့ ရယ်ချင်တယ်။ မေလ ၁၉ ရက်က ဆံတော် ရပ်ကွက်မှာ နေတဲ့ ဦးကိုကိုကြီးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းကို ည ၁၁ နာရီကျော် အိမ်အပေါ်အထိ တက်ဖမ်းတာ တိုင်းသိပြည်သိပဲ။ မိသားစုနဲ့ပါတီက မနည်းလိုက်တောင်းပန်လို့ ပြန်လွှတ်ပေးတာ။ ဒီလူတွေ မရှက်ဘူးလားမသိဘူး” လို့ ဝေဖန်ပြောဆိုပါတယ်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ် ၃၅ နှစ်အတွင်း လူတိုင်းစစ်မှုထမ်းရမှာဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်ခြင်း မရှိစေဖို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကူညီပေးဖို့ အာဏာရှင်စစ်တပ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ပြောဆိုခဲ့ပါတယ်။