
မြန်မာနိုင်ငံ၌ စစ်တပ်အာဏာပိုမို ခိုင်မာစေရန် တည်ဆောက်နေဟု ICG အဖွဲ့ ပြော
AI Summary
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က မြန်မာစစ်အာဏာရှင်သည် အရပ်သားအုပ်ချုပ်မှုယန္တရားအဖြစ် ဟန်ပြမျက်နှာဖုံးတပ်ထားသော်လည်း စစ်တပ်၏ အာဏာချုပ်ကိုင်မှုမှာ မြဲမြံစွာတည်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ အစီရင်ခံစာအရ စစ်ကောင်စီ၏ ရွေးကောက်ပွဲများသည် နိုင်ငံရေးအသွင်ကူးပြောင်းမှု သို့မဟုတ် ပဋိပက္ခလျှော့ချရေးကို ဦးတည်ခြင်းမရှိဘဲ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများကြောင့် စစ်တပ်သည် စစ်မှုထမ်းစနစ်နှင့် ဒရုန်းများအသုံးပြုကာ အချို့နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း အင်အားတောင့်တင်းသည့် လက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်ရာတွင် ရုန်းကန်နေရဆဲဖြစ်သည်။ အုပ်ချုပ်ရေးယန္တရားသစ်သည် နိုင်ငံရေးအရ တရားဝင်မှုမရှိသည့်အပြင် ပြည်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရပြီး အွန်လိုင်းငွေလိမ်စင်တာများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လူကုန်ကူးမှုစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ပိုမိုထူပြောလာသည်။ မြန်မာ့အကျပ်အတည်းသည် နယ်စပ်များကိုကျော်လွန်၍ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပြီဖြစ်ကြောင်း ICG က ထောက်ပြသည်။ ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာ့အရေးကို ဦးစားပေးအဖြစ် ပြန်လည်သတ်မှတ်ကာ စစ်အာဏာရှင်အဖွဲ့ကို နိုင်ငံရေးအရ တရားဝင်မှုမပေးဘဲ ထိတွေ့ဆက်ဆံမှုများကို ကန့်သတ်ထားရှိသင့်ကြောင်း အကြံပြုထားသည်။ လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ကူညီပံ့ပိုးရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရေးတို့အတွက် တရုတ်နိုင်ငံနှင့်လည်း လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

မြန်မာစစ်အာဏာရှင်ဟာ အရပ်သားအုပ်ချုပ်မှုယန္တရားအဖြစ် ဟန်ပြမျက်နှာဖုံး တပ်ဆင်ထားပေမဲ့ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ မြဲမြံစွာတည်ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG ) က ပြောလိုက်ပါတယ်။
“မြန်မာ့အုပ်ချုပ်ရေးယန္တရားသစ် - အသွင်ကူးပြောင်းမှုမဟုတ်ဘဲ စစ်အာဏာကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်း” အမည်ရှိတဲ့ အစီရင်ခံစာကို ICG ဇွန် ၃ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ဒါမှဟုတ် ပဋိပက္ခလျှော့ချရေးကို ဦးတည်တာထက် စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာလာအောင် တည်ဆောက်တာသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ICG ရဲ့ မြန်မာ့အရေးဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆေးက “ယူနီဖောင်းတွေနေရာမှာ အရပ်ဝတ်လဲလိုက်တာမျိုး ရှိနိုင်ပေမဲ့ ဒါဟာ နိုင်ငံရေးအကူးအပြောင်းတခု မဟုတ်ပါဘူး။ အခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ အကာအကွယ်နောက်ကွယ်မှာ စစ်အာဏာရှင်စနစ်ကို ပိုပြီးခိုင်မာအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ တဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခနဲ့ စီးပွားရေးကျဆင်းမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကိုတော့ ကြီးကြီးမားမား ပြောင်းလဲနိုင်ခြင်းမရှိဘဲ ဒီအတိုင်းပဲ ချန်ထားခဲ့ပါတယ်”လို့ DVB ကို ပေးပို့တဲ့ အီးမေးလ်မှာ ပြောပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုကြောင့် စစ်တပ်ဟာ သံတမန်ရေးနဲ့ စစ်ရေးမျက်နှာစာ ၂ ခုလုံးမှာ အခြေအနေကောင်းတချို့ ပြန်လည်ရရှိလာနေသလို အထူးသဖြင့် စစ်မှုထမ်းစနစ် ကျင့်သုံးတာ၊ အဆင့်မြင့်ဒရုန်းတွေ ပိုမိုအသုံးပြုလာတာနဲ့ တရုတ်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေကြောင့် စစ်တပ်ဟာ အရင်က ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်မြေပြင်အရှုံးတွေကို အတိုင်းအတာတခုအထိ ရပ်တန့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြန်လည်သိမ်းပိုက်နိုင်တဲ့ ပမာဏဟာ အာဏာသိမ်းမှုမတိုင်ခင်က အခြေအနေအထိ မဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့လို အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ရင်ဆိုင်ရာမှာတော့ စစ်တပ်က ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးယန္တရားသစ်ဟာ နိုင်ငံရေးအရ တရားဝင်မှုမရှိတဲ့အပြင် အရှေ့အလယ်ပိုင်း ဒေသစစ်ပွဲတွေရဲ့ စီးပွားရေးရိုက်ခတ်မှုကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။
တိုင်းပြည်မတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အွန်လိုင်းငွေလိမ်စင်တာ (ကျား ဖြန့်)တွေ ပေါများလာတာ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူကုန်ကူးမှုစတဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုမိုထူပြောလာပြီး တချိန်တည်းမှာပဲ နေပြည်တော်ဟာ ပေကျင်းရဲ့ ဩဇာလွှမ်းမိုးမှုစက်ဝန်းအတွင်းသို့ ပိုမိုရောက်ရှိသွားခဲ့တယ်လို့လည်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က ထောက်ပြထားပါတယ်။
ရစ်ချတ်ဟော်ဆေးက “မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ နယ်စပ်တွေကိုကျော်ပြီး အပြင်ဘက်အထိ ပိုမိုရိုက်ခတ်လာနေပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ရာဇဝတ်မှုတွေဟာ အကြီးအကျယ် ထွန်းကားနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာ့မတည်ငြိမ်မှုဟာ ပြည်တွင်းရေးပြဿနာ သို့မဟုတ် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုသက်သက် မဟုတ်တော့ဘဲ ဒေသတွင်းနဲ့ တကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတရပ် ဖြစ်လာနေပြီ”လို့လည်း ပြောပါတယ်။
ဒါကြောင့်မို့ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာ့အရေးကို ဦးစားပေးလုပ်ငန်းစဉ် တခုအဖြစ် ပြန်လည်သတ်မှတ်သင့်ပြီး အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိရမှာ ဖြစ်သလို အထူးသဖြင့် စစ်အာဏာရှင်အဖွဲ့ကို မထိုက်တန်ဘဲ နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်မိတာမျိုး မဖြစ်စေဖို့အတွက် နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံမှု မှန်သမျှကို သတိကြီးစွာ ချင့်ချိန်တွက်ဆပြီး ကန့်သတ်ထားရှိသင့်တယ်လို့ ဆိုပါ တယ်။
တချိန်တည်းမှာပဲ ပြည်သူလူထုအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး ညှိနှိုင်းတာ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ကူညီပံ့ပိုးတာ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်တာနဲ့ အရေးပါတဲ့ တွင်းထွက်သယံဇာတ ထောက်ပံ့ရေးကွင်းဆက် ဘေးအန္တရာယ်တွေကို စီမံခန့်ခွဲတာတွေကို မူဝါဒချင်း ပူးပေါင်းညှိနှိုင်းပြီး တရုတ်နိုင်ငံနဲ့လည်း လက်တွေ့ကျကျ ထိတွေ့ဆက်ဆံ ဆောင်ရွက်သင့်တဲ့အကြောင်း တိုက်တွန်းအကြံပြုထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင် တပ်ချုပ်အဖြစ်ကနေအနားယူပြီး သမ္မတရာထူးပြောင်းယူခဲ့ပြီးနောက် ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာတော့ ဒီစီမံကိန်းစတင်တဲ့ ရက်ပေါင်း ၄၀ ကျော်အတွင်းမှာတင် မြန်မာနိုင်ငံအနှံ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ နီးပါး ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ စာရင်းဇယားတွေအရသိရပါတယ် ။
စစ်အာဏာရှင်အစိုးရရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတာပါ။ ဒါပေမဲ့ တဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို လက်နက်ချဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေသလို၊ မြေပြင်မှာလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်မှုတွေကို နေ့စဉ်တိုးမြှင့် လုပ်ဆောင်လာနေတာဖြစ်ပါတယ်။